လက်နက်ကိုင်တစု ခြိမ်းခြောက်မှုကြောင့် အမျိုးသမီးတဦး သေဆုံး

Wednesday, August 8, 2012

နန်းဆိုင်နွမ် ~

လက်နက်ကိုင် လူတစု၏ ခြိမ်းခြောက်မှုကြောင့် နေအိမ်တွင် အိပ်စက်နေသော ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတဦး ထိတ်လန့် သေဆုံးသွားရသည့် ဖြစ်ရပ်တခု ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

ထိုအမျိုးသမီးသည် မူဆယ်မြို့၊ တိန်းလုံကျေးရွာအုပ်စု ၀ိန်းနန်းရွာ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအိုက်ထွန်း၏ ဇနီး ဒေါ်နန်းရွှေခင် ဖြစ်သည်။

သြဂုတ်လ ၆ရက်နေ့ နံနက် ၅ နာရီက လက်နက်ကိုင်လူတစု ဥက္ကဋ္ဌ နေအိမ်သို့ သွားရောက်ပြီး မူးယစ်ဆေး ရှာဖွေရေးလုပ်မည်ဟုဆိုကာ အိမ်အနှံ့ ရှာဖွေခဲ့ကြောင်း၊ ဒေါ်နန်းရွှေခင်ကို အိပ်ယာမှ ထရန် သေနတ်နှင့်ချိန်ပြီး ပြောဆိုခဲ့ကြောင်း အဆိုပါ ကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ဧရာဝတီကို ပြောသည်။

လက်နက်ကိုင်များက ယူနီဖောင်း ၀တ်ဆင်ထားခြင်း မရှိဟု သူက ပြောသည်။

“ဘာအဖွဲ့မှန်းလည်း မသိဘူး။ သေနတ်ကတော့ အရှည်တစ်လက် ပါတယ်။ မေးတော့လည်း မဖြေဘူး။ အဲ့အိမ်မှာ ဖျားနေတဲ့ ဒေါ်ရွှေခင်ကို ထခိုင်းတယ်။ မထလို့ ဆိုပြီး သေနတ်နဲ့ ခြိမ်းခြောက်တယ်။ အဲ့မှာ ဒေါ်ရွှေခင်ကအဖျားတက်သွားပြီး ပွဲချင်းပြီး သေသွားတယ်” ဟု ၄င်းက ထပ်မံဆိုသည်။

အိမ်ရှင်များသည် ကျေးရွာတွင် ကုန်စုံဆိုင်ဖွင့်ထားသူများ ဖြစ်ကြောင်း၊ ကိုယ်ပိုင်လယ် အများအပြားလည်း ရှိကြောင်း၊ မူးယစ်ဆေး ရောင်းဝယ်ခြင်း မရှိကြောင်း ဒေသခံတို့က ပြောသည်။

ဒေသခံများ စုပေါင်းကာ တိုင်ကြား၊ တရားစွဲဆိုမည်ဟု သိရသည်။

အထက်ပါကိစ္စှနှင့်ပတ်သက်၍ မူဆယ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved