ဘူဇွာ မီဒီယာ ထူထောင်လိုသူများ

Monday, August 6, 2012


ယနေ့ အချိန်အခါမှာ မီဒီယာ ကိစ္စနဲ့ ပတ်သက်လို့ အသံတွေ ထွက်လာတော့ ကျွန်တော်တို့ အနေနဲ့ တွေ့သမျှ မြင်သမျှ တရားမှု၊ မတရားမှုတွေကို နှိုင်းယှဉ် သုံးသပ်ပြလိုစိတ်တွေ တစ်ဖွားဖွား ပေါ်ပေါက် လာလို့ Facebook စာမျက်နှာပေါ်မှာ ဒီအကြောင်းကို ရေဖြစ်သွားတာလို့ ဦးစွာ ၀န်ခံရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်ကို အသွင်သစ် စနစ်သစ်နဲ့ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြောင်းလဲ ချီတက်နေချိန်မှာ အရပ်ရပ်သော ကဏ္ဍ အသီးသီးမှာ လောဘဇောနဲ့ ဇွတ်အတင်း လိုချင်တဲ့ အနေအထား ရောက်အောင် ဘေးတီးမှုတွေ အကွက်ချမှုတွေကို ၂၀၁၀ နောက်ပိုင်းမှာ ကျွန်တော်တို့ မရပ်မနား မြင်တွေ့ ကြားသိနေကြ ရပါတယ်။ အဲဒီနေရာမှာ မီဒီယာ ကိစ္စက ထိပ်တန်းနေရာက ပါနေတယ်လို့ ဆိုလို့ ရပါတယ်။

ယခု ရခိုင်မှာ ဖြစ်ခဲ့တဲ့ အရေးကိစ္စရဲ့ အစဦး ဖြစ်စဉ်မှာ မီဒီယာကျင့်ဝတ်ထက် မိမိဆန္ဒကို ဦးစားပေးခဲ့တဲ့ လျှပ်တစ်ပြက်ဂျာနယ်ကို ပိတ်ပင် အရေးယူတဲ့ ကိစ္စဟာ အသေအချာ ပြန်ကြည့်ရင် ဒီထက်တောင် ပြင်ထန်တဲ့ အရေးယူမှုမျိုး ဖြစ်သင့်တာပါ။ ခုလည်း တစ်ထစ်ချင်း တစ်ရစ်ချင်း ရှေ့တိုး သွေးတိုးစမ်းလာတာ တွေကို The Voice Weekly နဲ့ Envoy ဂျာနယ်တို့က လုပ်ဆောင်လာခဲ့တာကို မီဒီယာ ဖိနှိပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတော် အစိုးရအပေါ်ကို ပုတ်ခတ် ဝေဘန်မှုတွေ ပြုလာတာကို Online မှာရော ပြင်ပ လှုပ်ရှားမှု အသွင်နဲ့ပါ မြင်တွေ့ ကြားသိရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘူဇွာ မီဒီယာ ထူထောင်လိုသူ တွေ အတော် များလာပါလားလို့ သုံးသပ်လိုက်မိပါတယ်။

ဒီ မီဒီယာ ဖိနှိပ်မှု ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ သရုပ်ခွဲ လေ့လာကြည့်ဖို့ လိုပါတယ်။ ကိုယ်ပြောချင်တာ ပြောလို့မရ ကိုယ်ရေးချင်တာ ရေးလို့ မရ ကိုယ်လုပ်ချင်တာ လုပ်လို့မရရင် ဖိနှိပ်တယ်လို့ ဆိုကြ၊ နှိပ်ကွပ်တယ်လို့ သုံးနှုန်းကြ၊ လွတ်လပ်ခွင့် မရှိဘူး ဆုံးရှုံးတယ်လို့ ဇွတ်အတင်း ၀ါဒဖြန့်ကြတာ ဘာကြောင့်ပါလဲ။ အဲဒီအဖြေကို ကျွန်တော်တို့ မြင်အောင် ကြည့်ဖို့ အထူးလိုအပ်ပါတယ်။

ကျွန်တော်တို့ ဒီအသုံးအနှုန်းတွေ ဒီဝါဒဖြန့်မှုတွေအတွက် ဆင်ခြင် သုံးသပ်စရာ ဘက်နှစ်ဖက်ပဲ ရှိပါတယ်။ အဲဒါကတော့ ပြည်သူတွေအကျိုးအတွက်လား သူတို့အကျိုးအတွက်လား ဆိုတာပါပဲ။ အဖြေက ရှင်းရှင်းလေးပါ မမှန်ကန် တဲ့ သတင်း၊ အထောက်အထားမဲ့တဲ့ သတင်း၊ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေတွေကို ချိုးဖောက်တဲ့ သတင်းတွေနဲ့ ပြည်သူတွေ ထင်ယောင် ထင်မှား ဖြစ်ပြီး သူတို့တွေ မီဒီယာ လောကမှာ အရှိန်အဟုန်နဲ့ လွှမ်းမိုးနိုင်ရေး၊ ငွေကြေး အမြတ်အစွန်းများ ရစေရေးအတွက် နည်းလမ်း မျိုးစုံ သုံး လုပ်ဆောင်လာတာ ကို ပြည်သူတွေ သိကြ မြင်ကြဖို့ အထူးလိုအပ်ပါသည်။

ယနေ့ နိုင်ငံတော်အစိုးရဟာ မီဒီယာ လွတ်လပ်ခွင့်ကို တစ်ထစ်ချင်း တစ်ရစ်ချင်း ဖြေလျှော့ပြီး ပြည်သူများက စတုတ္ထမဏ္ဍိုင် ဆိုတဲ့ မီဒီယာ အပေါ် အားကိုပြီး အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်မှု ရစေတဲ့ အထိ စနစ်တကျ လုပ်ဆောင်နေတယ်ဆိုတာ အားလုံး မျက်မြင်ကိုယ်တွေ့ပါ။ ဒီစကားကို ပြောတော့ အစိုးရဘက်က လိုက်ပြီး မြှောက်ပြောတယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။

ကြည့်တတ်သူတွေ မြင်ပါတယ်။ အစိုးရ မီဒီယာတွေရဲ့ ပြောင်းလဲမှုဟာ ငြင်သာသလို ထင်ရှားတယ်လို့လည်း ဆိုနိုင်ပါတယ်။ အရင်က သိခွင့် ဖော်ပြခွင့် မရတာတွေ၊ အရင်က စိုးတထိတ်ထိတ် ဖြစ်ခဲ့ရတာတွေကို ကာလတိုအတွင်းမှာ ချေဖျက် ပြောင်းလဲနိုင်ခဲ့တာ ထင်ရှားတဲ့ သာဓကပါ။ ပြည်တွင်းက ဂျာနယ်တွေနဲ့ သတင်းမီဒီယာတွေဟာ အချိန်တိုအတွင်းမှာ ဖြေလျှော့ပေးတာတွေ အလွန်ကြမ်းလို့ တစ်နည်းအားဖြင့် များတော့ မီဒီယာ သမားတွေအနေနဲ့ သတင်းရေးတဲ့ လက်တွေ ပါးစပ်တွေ မထိန်းနိုင် ဖြစ်လာတယ်လို့တောင် သုံးသပ်လို့ ရပါတယ်။

ကျွန်တော်တို့ ပြည်သူတွေ အားလုံး လွတ်မှုကို ခုံမင် မက်မောကြပါတယ်။ ဒါပေမယ့် အဲဒီ လွတ်လပ်မှုဟာ ပြည်သူတွေ အတွက် အဆိပ်တွေ ခလုတ်ကန်သင်းတွေ ဖြစ်နေပြီး လူတစ်စု မီဒီယာ တစ်ခုအတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ဖြစ်နေမယ် ဆိုရင် ဒါဟာ မျှတတဲ့ မီဒီယာ စံနှုန်း မဟုတ်ပါဘူး။ ဒီမိုကရေစီလည်း မဟုတ်ပါဘူး။

နိုင်ငံတော် အစိုးရရဲ့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ အခြေအနေတွေကို အသေးစိတ် ကြည့်ကြ ရအောင်ပါ။ ပြည်တွင်း မီဒီယာတွေကို ဖြေလျှော့သလို ပြည်ပက မီဒီယာ မျိုးစုံကိုလည်း နားလည်မှုတွေ လိုက်လျောမှု တွေ ဖောဖော သီသီ ပေးခဲ့ပါတယ်။ ဒါ့အပြင် ပုံနှိပ် မီဒီယာ ဥပဒေ၊ ရုပ်သံ မီဒီယာ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး လွှတ်တော်ကို တင်တဲ့အထိ ခရီးရောက်နေတာကို ကျွန်တော်တို့ မြင်နေကြရပါတယ်။

ဒါ့အပြင် စာနယ်ဇင်းကောင်စီတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတော်သမ္မတထံ တင်ပြလို့ မြန်မာ့ မီဒီယာ ဖွံ့ဖြိုးဖို့ ညီညွတ်မျှတ လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ ပြည်သူ့အကျိုး ၊ နိုင်ငံ့အကျိုး နဲ့ မီဒီယာလောကသားတွေ အကျိုးကို ရေရှည်မျှော်တွေ လုပ်ဆောင်တာဟာ သဘာဝကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တော့ သုံးသပ်မိပါတယ်။ အဲဒီလို လုပ်နေတာကို ကိုယ်ထင်တိုင်း မကြဲရတဲ့ သူတွေက နောက်ကြောင်းပြန် လှည့်တယ်၊ မီဒီယာ ဖိနှိပ်မှု လုပ်တယ်လို့ ခေါင်းစဉ်တပ် စွပ်စွဲတာဟာ ပြည်သူနဲ့ နိုင်ငံတော် အစိုးရကို တိုက်ပေးတယ် လို့ မြင်ပါတယ်။ ဒါဟာ တကယ်တော့ နိုင်ငံတော် လုပ်ကြံမှုလို့တောင် သုံးသပ်လို့ ရပါတယ်။

ဥပဒေပြင်ပ ပြောမယ်၊ ဥပဒေပြင်ပ ၀ါဒဖြန့်မယ်၊ ဥပဒေပြင်ပ စည်းရုံးလှုံ့ဆော်မယ်ဆိုတဲ့ အတွေးနဲ့ နိုင်ငံပိုင် မီဒီယာများအပေါ်မှာ စွပ်စွဲ ပုတ်ခတ်ချက်တွေဟာ ဘယ်လိုနည်းနဲ့မှ ပြည်သူ့ ရပ်တည်ချက် ထောက်ခံချက် ရလာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလို့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ငြိစွန်းနေတဲ့ နိုင်ငံတော် အစိုးရက ပြည်ထောင်စု ၀န်ကြီးအချို့ ထုတ်ပယ်ခံရမယ်၊ ပြောင်းရွှေ့ခံရမယ်ဆိုတဲ့ အခြေအမြစ် မရှိတဲ့ သတင်းတွေနဲ့ ပြည်သူကို ထင်ရောင်ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရအပေါ်မှာ အကြည်ညိုပျက်စေတဲ့ မီဒီယာ ၀ါဒဖြန့်မှုအတွက် အဲဒီသတင်းဂျာနယ်တွေဟာ ဥပဒေကြောင်းအရ ဖြေရှင်ကြရလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒါမှလည်း သဘာဝကျပြီး ပြည်သူတွေဘက်ကို ကြည့်တဲ့ သတင်း မီဒီယာတွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ကတော့ ပြည်သူအတွက် ရပ်တည်တဲ့ သတင်း မီဒီယာ သမားတွေကိုပဲ အားကိုးပါတယ်။ အဲဒီလို သတင်းမှန်တွေနဲ့ ပြည်သူ့အကျိုးကို ရှေ့ရှုတဲ့ သတင်းမီဒီယာတွေကိုပဲ အစဉ်အမြဲ အားပေးနေမှာ ဖြစ်ပါတယ်။

သတင်း မှားမှား မှန်မှန် လက်ငင်းအခြေအနေမှာ အမြတ်ထွက်ရင် ပြီးရောဆိုတဲ့ ဘူဇွာ မီဒီယာ ထူထောင်လိုတဲ့ သတင်းမုဆိုးတွေ၊ အမှန်နဲ့ အမှားရောပြီး ထင်ယောင် ထင်မှား အရူးကွက်နင်းတဲ့ လန်ကြုတ် သတင်း မီဒီယာ တွေကိုတော့ဖြင့် ပြည်သူတွေကရော နိုင်ငံတော် အစိုးရကပါ ထိထိ ရောက်ရောက် ကန့်ကွက် အပြစ်ပေး ရှုတ်ချကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်မီဒီယာဟာ သန့်ရှင်းစင်ကြယ်ပြီး ကိုယ်ကျိုးမကြည့်တဲ့ မီဒီယာ အများအကျိုးအတွက် ဦးတည်တဲ့ မီဒီယာအဖြစ် ရောက်ရှိလာမှာ ဖြစ်ကြောင်း သုံးသပ်အသိပေး လိုက်ရပါတယ်။

Moe Naing

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved