ဗိုလ်ခင်ညွန့်တို့ ပင်စင် ရကြမလား

Monday, August 6, 2012

~



ဓာတ်ပုံ - ဧရာဝတီ

ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးလိုက်တဲ့ ထောက်လှမ်းရေးပြုတ်တွေ ပင်စင် ခံစားခွင့် ရှိသလား?
ခံစားခွင့် ရှိတယ်လို့ ဆိုတယ်။
စစ်တပ်က ထောက်လှမ်းရေးတွေ ဆိုရင်တော့ ကာချုပ်ရဲ့ မီးစိမ်းပြချက် လိုအပ်ပါမယ် တဲ့။

ဒီအကြောင်း သြဂုတ်လ ၁ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြတာ ဖြစ်ပါတယ်။

အပြည့်အစုံက ဒီလိုပါ -

မေးသူ - ထီးချိုင့်မဲဆန္ဒနယ်မှ ဦးစိုးစိုး

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ တွဲဖက်တာဝန်ကျသော အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၏ တရားဝင် ခံစားခွင့်ရှိသော ပင်စင်နှင့် ဆုငွေများကို ခံစားခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း

ဖြေသူ - ဘဏ္ဍာအခွန် ဒုဝန်ကြီး ဦးဝင်းရှိန်


မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေပုဒ်မ ၃၅၃ အရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှထုတ်ပယ်ခြင်း ခံရသည့် ဝန်ထမ်းများအား ၎င်းဝန်ထမ်းသာမန်အားဖြင့် အငြိမ်းစားယူသည့်အခါ ရခွင့်ရှိမည်ဖြစ်သော ပင်စင်နှင့် လုပ်သက်ဆုငွေ၏ သုံးပုံနှစ်ပုံထက်မပိုသည့် ကရုဏာကြေးကို ခွင့်ပြုပေးနိုင်ပါကြောင်း၊

ကရုဏာကြေးစရိတ်ခွင့်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ သဘောတူညီချက်ရယူရန် လိုအပ်ပြီး ကရုဏာကြေးစရိတ်ကို အမှုထမ်းသက် (၁ဝ)နှစ်ပြည့်ပြီးမှသာ လျှောက်ထားခွင့်ရှိပါကြောင်း။

ကာကွယ်ရေးကောင်စီ ညွှန်ကြားလွှာအမှတ် ၆/၉ဝ အရ စစ်မှုထမ်းအဖြစ်မှရှုတ်ချ၍ အမြဲတမ်း ထုတ်ပယ်ခြင်း သို့မဟုတ် အမြဲတမ်းထုတ်ပစ်ခြင်း သို့မဟုတ် အကျင့်စာရိတပျက်ပြားခြင်းကြောင့်ဖြစ်စေ၊ြွေကးမြီမဆပ်နိုင်ခြင်းကြောင့်ဖြစ်စေ၊ အရည်အချင်း ညံ့ဖျင်းခြင်းကြောင့်ဖြစ်စေ၊ ဂုဏ်သိက္ခာထိခိုက်စေသည့် အခြားပြုလုပ်မှုကြောင့် ဖြစ်စေ စစ်မှုထမ်းခြင်းမှ နုတ်ပယ်ခြင်းခံရသူတစ်ဦးသည် အငြိမ်းစားလစာ သို့မဟုတ် ဆုကြေးငွေကို ရနိုင်ခွင့်မရှိသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိသဘော အတိုင်း သာမန်အားဖြင့် ရထိုက်သည့် စစ်မှုထမ်းသက်အငြိမ်းစားလစာနှင့် ဆုကြေး၏ သုံးပုံနှစ်ပုံထက်မပိုသည့် ကရုဏာကြေးစရိတ်ကို အာဏာပိုင်ကအတည်ပြုလက်မှတ် ရေးထိုးသည့်နေ့မှစ၍ ခွင့်ပြုနိုင်ပါကြောင်းနှင့်

အဆိုပါကရုဏာကြေးကို မိမိရပိုင်ခွင့်ရှိသည့် အခွင့်အရေးတစ်ရပ်အနေဖြင့် လျှောက်ထားတောင်းဆိုပိုင်ခွင့် မရှိပါကြောင်း။

ရာထူးမှနုတ်ပယ်ခြင်း၊ ထုတ်ပယ်ခြင်းခံရသူ ဝန်ထမ်းဟောင်းများသည် သက်ဆိုင်ရာဌာနအကြီးအကဲထံ ကရုဏာကြေးစရိတ်လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများက ဖော်ပြပါသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်ညီညွတ်၍ ခွင့်ပြုလိုသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ အမှုတွဲပေးပို့လာပါက တည်ဆဲပင်စင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။

~

1 comments :

  1. Anonymous said... :

    တိုင်းပြည်တာဝန်ကိုထမ်းဆောင်ခဲ.လိုပင်စင်ပေးတာကို
    လက်ခံပါတယ်၊ဒါပေမယ်.ကိုယ်.စိတ်ကိုကိုယ် သန်.ဖို.တောလိုတယ်၊ ပြည်သူတွေရဲ.အခွန်ထမ်းငွေတွေကိုယူမယ်ဆိုတော.၊ဘာတွေပြန်ပြီးပေးဆပ်ဖို.စဉ်းစားထားကြသလဲ? လုပ်ချင်ရာတွေကို အာဏာရစဉ်တုံးက လူပ်ခဲ.ပြီး၊ အခုတော.မှအေးအေးဆေးဆေး ပဲတရားအားထုတ်တော.မယ်ဆိုတဲ.လူတွေကို၊ ပေးဖို.စဉ်းစားသင်.ပါတယ်၊ တိုင်ပြည် နဲ.ပြည်သူလူထုကို ၀န်ထုတ်ဝန်ပိုးထပ်မဖြစ်စေချင်လို.ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved