ဂျပန်နဲ့ကိုရီးယားရေညှိကို ပခုံးချင်း ယှဉ်လာတဲ့ လာအို ရေမှော်ပြား (အပိုင်း ၂)

Sunday, August 26, 2012

~


ဒေါက်တာခင်လက်ျာ
~


မနက်ပိုင်း ထမင်းစားချိန်မတိုင်မီ အလုပ်ပြီးချင်ကြတာကြောင့် ကျွန်မတို့တစ်တွေ စုရပ်ရောက်တာနဲ့ ပစ္စည်းတွေကိုချပြီး လုပ်ငန်းစဖို့ ပြင်ဆင်လိုက်ကြပါတယ်။ ကျွန်မတို့အဖွဲ့ တက်ညီလက်ညီ လုပ်လိုက်ကြတာ နေ့လယ်တစ်နာရီ ထိုးခါနီးမှာ အားလုံး ပြီးသွားပါတယ်။
http://www.whatamieating.com/images/seaweed/me-kong-weed05-luang-praban.jpg
(ဓာတ်ပုံ - www.whatamieating.com)

အားလုံးသိမ်းဆည်းပြီးခါမှ လန်ဖရဘန်မြို့ပေါ်က ကျွန်မတို့ ယူလာကြတဲ့ စားစရာများကို ပြင်ဆင်ပြီး စုစားလိုက်ကြပါတယ်။ ရွာသူ ရွာသားများလဲ အိမ်ပြန်သူကပြန် လုပ်ငန်းခွင် ပြန်သူပြန်နဲ့ ညနေ လေး နာရီလောက်မှ ကျန်းမာရေးဟောပြောပွဲလုပ်နိုင်မှာ ဖြစ်ကြောင်းကို ကျွန်မတို့နဲ့ အတူပါလာတဲ့ လာအိုအမျိုးသမီး ဆရာဝန်က ပြောပါတယ်။

စားသောက်ကြပြီး ကျွန်မတို့တစ်တွေ ရွာခံတချို့နဲ့ စကားစမြည် ထိုင်ပြောကြပါတယ်။ ကျွန်မလဲ ကြုံကြိုက်တုန်း ရွာအဝင်မှာ လှန်းထားတဲ့ အစိမ်းရောင် အချပ်တွေကိုစိတ် ဝင်စားနေတာကြောင့် အဲဒီအကြောင်းကို မေးလိုက်ရပါတယ်။

သူတို့တစ်တွေ အပြောအရ ဒီရွာက ကိုင်ပင် - Kaipen လို့ခေါ်တဲ့ ရေမှော်ခြောက်ပြားလုပ်ငန်းနဲ့ စီးပွား ဖြစ်လာကြတယ်။ ကျွန်မတွေ့ခဲ့တာက ကိုင်ပင်ရေမှော်တွေကို အခြောက် လှန်းထားတာဖြစ်ကြောင်း ပြောပါတယ်။

မဲခေါင်မြစ်ကမ်း တစ်လျှောက် ရွာတချို့မှာလဲ ဒီကိုင်ပင်လုပ်ငန်းကို လုပ်ကြကြောင်း ပြောပါတယ်။ ဒီကိုင်ပင်လုပ်ဖို့ရေမှော်က လန်ဖရဘန်နယ်ရဲ့ ဒေသထွက်ပစ္စည်းလို့လဲရှင်းပြပါတယ်။ ဒီရွာမှာကတော့ ကြီးကြီးပုံ လို့ ခေါ်ကြတဲ့ အမျိုးသမီးကြီးလုပ်တဲ့ ကိုင်ပင်ဟာ နာမည်ကြီးပြီး အများက လက်ခံထားကြတာတဲ့လေ။

ဒါကိုကြားတော့ ကျွန်မလဲ ကြီးကြီးပုံကို တွေ့ချင်သွားတော့တာပေါ့။ ကျွန်မတွေ့လိုကြောင်း၊ စကားပြောလိုကြောင်း ပြောလိုက်တော့၊ ကြီးကြီးပုံက လက်မလည်အောင် အလုပ်များတယ်။ သူကိုယ်တိုင် ဖော်စပ်ပေးတဲ့ ဖျော်ရည်ကို သုံးရမှာကြောင့် သူက အမြဲမအားရှာဘူး၊ မေးချင်တာရှိရင်တော့ သူ့သမီးအကြီးဆုံး ခမ်နဲ့ တွေ့ဖို့ စီစဉ်ပေးနိုင်တယ်လို့ ပြောပါတယ်။

ဒီကိုင်ပင်လုပ်ငန်း လုပ်ကိုင်နေသူ မိသားစုထဲမှ တစ်ယောက်ကို တွေ့နိုင်မှာကြောင့် ကျွန်မ ကျေနပ်သွားပါတယ်။ ရွာခံများစီစဉ်ပေးတာကြောင့် မကြာခင်မှာပဲ ခမ်တစ်ယောက် ကျွန်မတို့ စကားဝိုင်းကို ရောက်လာပါတယ်။

ခမ်က သူတို့မိသားစု လုပ်ငန်းကို ဦးဆောင် လုပ်ကိုင် နေရသူပါ။ ဒီလုပ်ငန်းကို သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် လုပ်လာခဲ့ပြီး နည်းပညာများကို မိသားစုအတွင်း လက်ဆင့်ကမ်း သင်ပေးသွားကြတာပါတဲ့။

ဒီနည်းပညာများကို လက်ခံရရှိပြီး သူတို့ရွာမှာတော့ ကြီးကြီးပုံလုပ်တဲ့ ကိုင်ပင်ဟာ နာမည်အကြီးဆုံးဆိုပဲ။ ဒါကြောင့်လဲ လန်ဖရဘန်မြို့ပေါ်က စားသောက်ဆိုင်တွေနဲ့ မြို့ခံရှိ ကုန်သည်တွေ ဒီရွာကိုဆင်းလာပြီး ကိုယ်တိုင်ဝယ်ကြရကြောင်း၊ ပစ္စည်းကိုလဲ ကိုယ်ဘယ်ရွေ့ ဘယ်မျှယူမယ် ဆိုတာ ကြိုတင်မှာထားရကြောင်း ကျွန်မသိခဲ့ရပါတယ်။


(ဓာတ်ပုံ - http://devonium.wordpress.com)

ခမ်က ရေမှော်ခြောက်လုပ်ငန်း ရွာမှာ လုပ်ကြောင်း စပြောတော့ ကျွန်မစားနေကျ ဂျပန်ပင်လယ်ရေညှိကို သတိရမိသွားတယ်။ ရေညှိနဲ့ရေမှော် ဆိုတော့ တူမှာပဲလို့ ထင်မိလိုက်တယ်။

ဒါပေမယ့် ဂျပန်ပင်လယ်ရေညှိက ပင်လယ်မှရပြီး ဒီရွာက ကိုင်ပင်ရေမှော်က မဲခေါင်မြစ်ထဲကရတာပါ။ ဂျပန်နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်တာကြောင့် ပတ်လည်မှာ ပင်လယ်ဝိုင်းရံနေပြီး သူတို့ရဲ့ရေညှိကို ပင်လယ်ထဲမှ ဆယ်ယူပြီး ပြုလုပ်ရပါတယ်။

လာအိုနိုင်ငံကျတော့ ကုန်းပတ်လည် ဝန်းရံနေတဲ့ တိုင်းပြည်ဖြစ်တာကြောင့် မြစ်နဲ့ မြစ်လက်တက်များသာ ရှိတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ရေမှော်များကို မဲခေါင်မြစ်နဲ့ သူ့မြစ်လက်တက်များမှ ရှာဖွေယူရတာပါ။

ဒါကြောင့်လဲ ပင်လယ်မှာ ရှာဖွေရရှိတဲ့ ဂျပန် ပင်လယ် ရေညှိဟာ ပင်လယ်ဆားငန်ရေကြောင့် အငန်ဓာတ် ရှိပါတယ်။ ဆားရည်စိမ်ထားတဲ့ သဘောမျိုး ဖြစ်နိုင်ပါတယ်။ လာအိုနိုင်ငံက ကိုင်ပင်ရေမှော်ကျတော့ မြစ်ထဲက ရတာကြောင့် အငန်ဓာတ် မရှိပါဘူး၊ ကျွန်မတို့ ပင်လယ်ငါးနဲ့ ရေချိုငါးစားတဲ့အခါ အရသာကွဲသလို နေမှာပါ။

ခမ်တို့ ရေညှိခြောက်လုပ်ရမယ့် အပင်ကို သူတို့က ကိုင်ပင် Kaipen လို့ ခေါ်ကြတယ်။

သူ့ရဲ့အဓိပ္ပာယ်ကတော့ မြစ်ထဲမှာရတဲ့ မြက်ပင်လို့ပြောပါတယ်။ ခမ်ပြောတဲ့အပင်ပုံသဏ္ဍန်က အခု စူပါ မားကတ်တွေမှာ တင်ရောင်းတဲ့ စွပ်ပြုတ်လုပ်ဖို့ ကိုရီးယားထုတ်ရေညှိ ပုံသဏ္ဍာန်မျိုးနဲ့ တူပါတယ်။

ဂျပန်မှာတော့ ဒီကိုရီးယားထုတ် ရေညှိကို သူတို့က ခေါက်ဆွဲပြုတ်၊ စွပ်ပြုတ်တွေမှာထည့်ကြပါတယ်။ ဒီလိုအခက်များကိုတော့ ဝါးကာမေး Wakame လို့ပဲခေါ်ကြတယ်။ မျက်စိထဲမြင်အောင် အလွယ်ပြောရရင်တော့ အလှမွေး ငါးကန်ထဲမှာ အလှထည့်ထားတဲ့ ရေမှော်ပင်မျိုး တစ်မျိုးပါပဲ။

http://laocook.com/wp-content/uploads/2007/05/p1100319.jpg
(ဓာတ်ပုံ - http://laocook.com)

ဒီကိုင်ပင်ရေမှော်များကို မိုးကုန်သွားမှ ဆယ်ယူလို့ရကြတယ်။ ဒါကြောင့် မိုးကုန်သွားပြီး မြစ်ရေကျတဲ့ နိုဝင်ဘာလမှစပြီး ဖေဖော်ဝါရီလ အတွင်း ခမ်တို့တစ်တွေ အလုပ်များ ကြတာပေါ့။ သူတို့တစ်တွေဟာ ကြိုးစားပန်းစား မနက်အရုဏ်မတက်ခင် လေးနာရီလောက်ကစပြီး မြစ်ထဲဆင်းပြီး ကိုင်ကိုရှာဖွေပြီး ဆယ်ယူကြရပါတယ်။

ခမ် အပြောအရ ရေကျချိန်ဆိုရင် ပိုရှာလို့ကောင်းတယ် တဲ့။ ခမ်နဲ့အဖွဲ့ဟာ မြစ်လယ်ဘက် ရောက်နိုင်သလောက် သွားရရှာတာကိုး။ ရေလယ် ရောက်တဲ့အခါမှာ ရေကကြည်နေပြီး ကျောက်များမှာ တွယ်ကပ်နေတဲ့ ကိုင်ပင်တွေကိုတွေ့ရတယ်။ တချို့ကမြစ်ကြမ်းပြင်မှာ ပေါက်နေတာလဲ ရှိသေးတယ်။ အရောင်က အစိမ်းရောင်တောက်တောက်မို့ ရှာရတာ လွယ်သတဲ့။

ဒါပေမယ့် တချို့အပင်များဟာ ကျောက်များကို တွယ်ကပ်ပြီး ပေါက်နေတာကြောင့် အတော်အားစိုက်ပြီး ဆွဲနုတ်ယူကြရတယ်။ သူတို့ခမြာ ရေထဲ လျှောက်သွားကြရပြီး တကုန်းကုန်းနဲ့ နုတ်ရတာကြောင့် နှစ်ကြာလာတဲ့အခါ တချို့တွေက ခါးနာလာကြတယ်။ ကိုယ်တွေလက်တွေ မကြာခဏ ကိုက်ခဲလာကြတယ် တဲ့။


(ဓာတ်ပုံ - http://laocook.com)

သူတို့တစ်တွေ ကုန်းလိုက်နုတ်လိုက်နဲ့ တစ်နေ့ကုန် လုပ်ရကြောင်း ပြောပြတော့ ကျွန်မမျက်စိထဲ လယ်ကွင်း ရေစပ်စပ်ထဲမှာ တကုန်းကုန်းနဲ့ ကောက်စိုက်နေကြတဲ့ ကောက်စိုက်သမများကို မြင်ယောင်လိုက်ပါတယ်။

ဒီကိုင်ပင်ကိုရှာကြရာမှာ ခမ်တို့ တစ်တွေက ရိုးရိုးပဲ ရှာဖွေကြတယ်။ မဲခေါင်မြစ် ရေမျက်နှာပြင်အောက်မှာ တွေ့ခဲ့ရင် ဆွဲနုတ်ယူကြတယ်။ တချို့ကတော့ ရေမျက်နှာပြင်ပေါ်က ကြည့်ပြီးရှာတဲ့အပြင် ရေအောက်ထဲ ငုပ်ရှာကြသူတွေလဲ ရှိပါသေးတယ်။ သူတို့က ရေနည်းနည်း နက်တဲ့ဘက်သွားပြီး မြစ်ကြမ်းပြင်တို့၊ ကျောက်ဆောင်တို့မှာ လိုက်ရှာကြတယ်။ ရေငုပ် ရှာသူတွေကတော့ ရေငုပ်မျက်မှန်ကို အသုံးပြုပြီးရှာကြရတာပါ။

ခမ်ဟာ ငယ်ငယ်ကတည်းက မဲခေါင်မြစ်ထဲဆင်းပြီး ကိုင်တွေကို ရှာဖွေခဲ့ရပါတယ်။ ဟိုးအရင်တုန်းက တစ်နှစ်ကို လေးငါးလလောက်အထိ များများစားစား ရှာလို့ ရတယ် တဲ့။ အခုတော့ ကိုင်ပင်ရေမှော်တွေက နည်းလာပြီး တစ်နှစ်ကို နှစ်လလောက်သာ ရှာလို့ရကြတော့တယ်။ ကိုင်ပင်တွေ နည်းသွားတာနဲ့အမျှ ကိုင်ပင်ကို စားသောက်ပြီး ရှင်သန် နေကြတဲ့ မဲခေါင်မြစ်ထဲက ငါးတွေလဲ နည်းလာတာကို ခမ်တစ်ယောက် သတိပြုမိတယ်။ နောင်ဆို မဲခေါင်မြစ်ထဲ ကိုင်ပင်ရော ငါးတွေပါ ရှာမရမှာကို သူစိတ်ပူမိကြောင်း ရင်ဖွင့်ရှာပါတယ်။

တစ်နေ့တာ ရှာဖွေပြီးသွားတဲ့ အခါမှာ ခမ်တို့က ကိုင်ပင်ကို မဲခေါင် မြစ်ထဲမှာ မြစ်ရေနဲ့ သန့်စင်သည်အထိ ဆေးလိုက်ကြတယ်။ ကိုင်ပင်တွေက ကျောက်တုံး၊ ကျောက်ဆောင်တွေမှာ ကပ်ပြီးပေါက်နေတာကြောင့် သဲ၊ ခဲ၊ ရွှံ့တွေ စင်အောင် မြစ်ရေနဲ့ သေသေချာချာ သန့်စင်အောင် ဆေးကြောရတယ်။ ဒီလိုဆေးကြောတာပြီးစီး သွားခါမှ ခမ်တို့တစ်တွေ ကိုင်ပင်များကို သယ်ပြီး ကုန်းပေါ်ကို တက်လာကြတယ်။

ဆက်လက် ဖော်ပြပါမည်

ဈေးကွက်ဂျာနယ် - zaygwet.com

~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved