တရုတ် ဒုသမ္မတ မသေသေးပါ

Friday, September 14, 2012

~





တရုတ် ဒုသမ္မတ (photo: AFP)

တရုတ်ပြည်မကြီးရဲ့ ဒုသမ္မတကြီး ရှီကျင့်ဖျင် (Xi Jinping) ရဲ့ အမည်ကို ၁၂ ရက်အကြာမှာ တရုတ်အစိုးရပိုင်မီဒီယာတွေမှာ ဖော်ပြလာတဲ့အတွက် အနည်းဆုံးတော့ သူ အသက်ရှင်လျက် ရှိနေတုန်းပဲ ဆိုတာ အတည်ပြုနိုင်ခဲ့ပါပြီ။

အသက် ၁၀၂ နှစ် အရွယ်မှာ ကွယ်လွန်သွားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းအတွက် တရုတ် ခေါင်းဆောင်တို့က ၀မ်းနည်းပါကြောင်း ဆိုတဲ့ မနေ့က သတင်းမှာ ထိပ်တန်းခေါင်းဆောင် ၅ ယောက်ရဲ့ နာမည်ထဲ သူ့နာမည် ပါဝင်နေပါတယ်။

မကြာခင် သမ္မတဖြစ်လာမယ်လို့ နိုင်ငံတကာက ထင်ကြေးပေးခံနေရတဲ့ ရှီကျင့်ဖျင်ကြီးတယောက် ဘာရယ်ကြောင့်မှန်းမသိ - လူမြင်ကွင်းက ဆယ်ရက်ကျော်ကြာ ပျောက်ကွယ်နေတာက ထိပ်တန်းသတင်းတပုဒ် ဖြစ်နေပါတော့တယ်။

သူ့နဲ့တွေ့ဖို့ချိန်းထားတာတွေကိုလည်း ဖျက်ခဲ့ရတာပါ။ ဖျက်လိုက်တဲ့ထဲ ပြီးခဲ့တဲ့ရက်ပိုင်း ဟီလာရီကလင်တန်နဲ့တွေ့ဖို့၊ စင်္ကာပူဝန်ကြီးချုပ်နဲ့ တွေ့ဖို့ အစရှိတဲ့ အစီအစဉ်များ အပါအ၀င်ပေါ့။ ဘာကြောင့် အစီအစဉ်ပျက်တယ် ဆိုတာကို တရုတ်အစိုးရက ရှင်းချက် လုံးဝ မထုတ်ပါ။

အစိုးရမီဒီယာက ခပ်မဆိပ် နေပေမယ့် တရုတ်နိုင်ငံခြားရေးဌာနကတော့ သတင်းထိန်ချန်မှု မရှိပါဘူး၊ ဒီလူကြီး ဘာဖြစ်နေလဲ၊ ဘယ်သွားနေလဲ ဆိုတဲ့ မေးခွန်းများကို "ဒုသမ္မတအခြေအနေနဲ့ ပတ်သက်လို့ ဘာသတင်းအချက်အလက်မှ သူတို့ မရရှိပါကြောင်း" တဲ့။ အဖြေကတော့ ရှင်းပါတယ်။ ဆက်တွေးမှပဲ ရှုပ်တော့တာပါ။
မကြာခင်လများအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ သမ္မတဖြစ်သွားဖွယ်ရှိတယ်ဆိုတဲ့လူကြီး ရုတ်တရက် စုံးစုံမြုပ်သွားလို့ တရုတ်အရေးစိတ်ဝင်စားသူများ အလုပ်ရှုပ်သွားပါပြီ။

တရုတ်ကြီးရဲ့ ပေါက်ဖော် မြန်မာပြည်မှာလည်း ဒုသမ္မတကြီး တယောက် အစိုးရမီဒီယာက ပျောက်ခဲ့ဖူးပါတယ်။
သူကတော့ သီဟသူရဦးတင်အောင်မြင့်ဦး ဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့အတွက် ရာထူးက ထွက်သွားတယ် ဆိုပြီး သူ့သတင်း အဆုံးသတ်ခဲ့ပါတယ်။ ကျန်းမာရေး ဘယ်လို မကောင်းသလဲ ဆိုတာကိုတော့ မြန်မာအစိုးရကလည်း သတင်းမထုတ်ပြန်ပါ။

တရုတ် ဒုသမ္မတကြီး ရှီကျင့်ဖျင်လည်း သီဟသူရဦးတင်အောင်မြင့်ဦးနောက်ကို လိုက်မလား?
အင်း ... လိုက်သွားနိုင်ပါတယ်။
ဒါမှမဟုတ် ချောင်ထိုးခံရပြီလား?
အင်း ... ဒါလည်း ဖြစ်နိုင်တာပါပဲ။
တရုတ်ပြည်မှာ အကုန် ဖြစ်နိုင်ပါတယ်။
ဒီခေတ်က Made in China ခေတ် မဟုတ်လား။



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved