"မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှု ၈၈ ပူးပေါင်းပါဝင်

Saturday, August 4, 2012

ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများ

ယနေ့ သြဂုတ်လ၊ ၄ ရက်နံနက်ပိုင်းက စတင်ပြုလုပ်တဲ့ စာနယ်ဇင်းသမားများရဲ့ "မီဒီယာဖိနှိပ်မှု ရပ်" ဆိုတဲ့ လှုပ်ရှားမှုမှာ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ
ဂျာနယ် ၂ စောင်ကိုထုတ်ဝေခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံလိုက်ရတဲ့ ဖြစ်စဉ် ဟာ မြန်မာ့
ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်ကို အလွန် အရုပ်ဆိုး အကျဉ်းတန်စေခဲ့ပါပြီ။

မကြာသေးခင်က ထုတ်ဝေခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံလိုက်ရတဲ့ ဂျာနယ် ၂ ခုထဲက တခု ဖြစ်တဲ့ The Voice Weekly ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကလည်း သူ့ခံစားချက်ကို The Voice Weekly ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ အခု လို ရေးသားထား ပါတယ်။

""အခုရက်ပိုင်း စိတ်မကောင်း ဖြစ်နေတဲ့အတွက် ကျနော်စာများများ မရေးနိုင်ဘူး။ The Voice Weekly ကို ကိုယ်တိုင် မွေးဖွားခဲ့တဲ့သူ ဖြစ်တဲ့အပြင် ဒီမီဒီယာ တည်တံ့အောင် တတ်နိုင်သလောက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးစားနေတဲ့ကြားထဲက ဒီလို အပိတ်ခံရတဲ့ အပေါ် အဆိုးမြင်နဲ့ ကြည့်ပြီး ဝေဖန် မှတ်ချက်ပေး တာကိုလည်း ခံရတယ်။

ကျနော် ဝသုန္ဒရေ၊ မဟာပထဝီ မြေကြီးကို သက်သေပြုပြီး ကျနော့် စာရိတ္တ၊ ရိုးသားမှုနဲ့ သစ္စာပြု တိုင်တည်နိုင်တယ်။

ကျနော်တို့ ရေးသား တင်ပြခဲ့တဲ့ မျက်နှာဖုံး သတင်းတွေမှာရော အတွင်းသတင်းတွေမှာရော ဘယ်သူ့ ဘယ်သူကိုမှ ဝေဖန်တိုက်ခိုက်ဖို့ မဟုတ်သလို နာမည်ကြီးချင်လို့ စတန့်ထွင်တာမျိုး၊ စွန့်စားရ တဲ့ နိုင်ငံရေး လုပ်တာမျိုး၊ ကောလာဟလကို မျက်နှာဖုံး တင်တာမျိုး၊ ထောင်ကျခံပြီး နိုင်ငံရေး လုပ်တာမျိုး၊ စာစောင် အပိတ်ခံရအောင် စွန့်စားတာမျိုး လုံးဝ( လုံးဝ) မဟုတ်တဲ့ အကြောင်း သစ္စာပြုနိုင်တယ်။

ဖော်ပြခဲ့တဲ့ သတင်းတွေ ကလည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေတာ၊ ပုဂ္ဂိုလ်ရေး ဝေဖန် တိုက်ခိုက်တာ၊ ဆူပူအောင် လှုံ့ဆော်တာ၊ ဒို့တာဝန်အရေးသုံးပါးကို ထိပါးတာ၊ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ ကျအောင် လုပ်တာ၊ ကျင့်ဝတ်နဲ့ မညီဘဲ မဖြစ်သေးတဲ့အရာကို ဖြစ်မယ်ဆိုပြီး သေချာပေါက် ပြောတာမျိုးတွေ မရှိခဲ့ဘူး။ ဒါကို အရေးယူတဲ့သူက ယူတယ်ဆိုတာ ပြတဲ့ သက်သေကလည်း မခိုင်လုံဘူး။

ကျနော်တို့ စာစောင် စထွက်တဲ့ နံပါတ်(၁)ကတည်းက အခု နောက်ဆုံးထွက်ခဲ့တဲ့ စာစောင်အထိ စာပေစိစစ်ရေး ကို မတင်ဘဲ ထုတ်ဝေခဲ့တာ တစ်ပုဒ်မှ မရှိဘူး။ နောက်ကျတာပဲ ရှိမယ် စိစစ်ရေးကို အားလုံး တင်ပြခဲ့တာချည်း။ အဲတော့ ပိတ်တဲ့သူက ဘာကြောင့် ပိတ်ရသလဲဆိုတာ သူ့ဘာသာသူ အသိဆုံးပါ။ စည်းကမ်းတွေ ရွတ်ပြနေတာ ကြားရတော့ စည်းကမ်းဆိုတဲ့ သဘောက စည်းကမ်းချသူကော၊ စည်းကမ်းချတဲ့ နယ်ပယ်တစ်ခုလုံးကော ချွင်းချက်မရှိ အားလုံး တစ်ပြေးညီ လိုက်နာရမှာ။ အဲလိုမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အားပြိုင်မှုကြောင့်၊ ကိုယ့်ပုဂ္ဂလ ခံစားချက်ကြောင့်၊ ဒေါသနဲ့ ပိတ်တယ်ဆိုရင်တော့ ကံ၊ ကံရဲ့အကျိုးကို ကောင်းကောင်း သဘောမပေါက်လို့ဘဲ လို့ ယူဆတယ်။

ကုန်ခဲ့တဲ့ညက ဆရာတော် ရဝေနွယ်(အင်းမ)က တယ်လီဖုန်း ဆက်ပြီး သတင်းမေးတယ်။ သတင်းမေးရင်းနဲ့ ဆရာတော်က တရားသဘောနဲ့ ဒီလိုမိန့်တယ်။ ပြည်သူကို အသိပညာပေးနေတဲ့ သတင်းစာစောင် တစ်ခုကို ဒီလိုပိတ်ပင်လိုက်တာက အကုသိုလ် နှစ်ခုကို တပြိုင်တည်း ကျူးလွန် လိုက်သလိုပဲတဲ့။ တစ်ခုက ဒီစာစောင်ကို မှီခိုနေရတဲ့ မိသားစုတွေ၊ ဝန်ထမ်းတွေ၊ ဒီစာစောင် ထုတ်လုပ်ရေးမှာ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ၊ ဖြန့် ချိ ရောင် ဝယ်နေကြတဲ့ လက်ပွေ့သမား အဆုံး အားလုံးရဲ့ စားဝတ်နေရေးနဲ့ ဝင်ငွေကို ပိတ်ပင်လိုက်သလို ပဲတဲ့။

နောက်တစ်ခုက စာဖတ် ပရိသတ်အားလုံးကို သတင်းအချက်အလက်၊ အသိပညာပေးနေတဲ့ စာစောင်ဖြစ် တာနဲ့အညီ ဒီစာစောင်ကို ဖတ်ပြီး သတင်းစားသုံး၊ အသိပညာယူနေတဲ့ ပြည်သူတွေအားလုံးကို မျက်စိပိတ် လိုက်သလိုပဲတဲ့။ အဲဒီအကုသိုလ်နှစ်ခုကို ပြုတဲ့သူအနေနဲ့ ဗုဒ္ဓဟောကြားခဲ့တဲ့ ကံ၊ ကံရဲ့အကျိုးကို ခံစားလိမ့် မယ်တဲ့။ မကောင်းတဲ့ အကုသိုလ်ကံ ပဲဖြစ်ဖြစ် ကောင်းတဲ့ ကုသိုလ်ကံပဲဖြစ်ဖြစ် တခါတလေ နောက်ဘဝ အထိတောင် မစောင့်ဘူး၊ လက်ရှိဘဝမှာတောင် အကျိုးပေးတတ် တယ်တဲ့။ ဆရာတော် စကားကို ဆင်ခြင် သတိထားကြဖို့ လက်ဆင့်ကမ်းမျှဝေတာပါ။

ကျနော်က ဆရာတော့်စကားကို တစ်ခုထပ်ဖြည့်ပေးလိုက်တယ်။ တတိယအချက်က စာစောင်ကို ဒီလို ပိတ်လိုက်တာက စာစောင်ကို မှီခိုနေတဲ့ မိသားစုတွေနဲ့ ဝန်ထမ်းတွေအားလုံးအပြင် စာစောင်ကို ခင်မင်တဲ့ မိတ်ဆွေသင်္ဂဟတွေ၊ စာစောင်ကို အပတ်စဉ် စောင့်ဖတ်နေတဲ့ စာဖတ် ပရိသတ် ပြည်သူတွေကို စိတ်ညစ်အောင်၊ စိတ်ဒုက္ခရောက်အောင်၊ ဒေါသဆိုတဲ့ အကုသိုလ်စိတ်ဖြစ်အောင် လုပ်တာနဲ့ အတူတူဘဲလို့""""


စာနယ်ဇင်း ၂ စောင်ကို ပိတ်ပင်လိုက်မှုရဲ့ နောက်ဆက်တွဲ အဖြစ် အခုဆိုရင် ရန်ကုန်တခွင် မှာ မြန်မာ့စာနယ်ဇင်းလောက မိုးမောင်ကျတဲ့ သင်္ကေတအဖြစ် အမည်းရောင် တီရှပ်များ ၀တ်ဆင်ပြီး စာနယ်ဇင်း ဖိနှိပ်မှုကို လက်မှတ်ရေးထိုး အံတုနေတဲ့ လှုပ်ရှားမှုလည်း စတင်နေပါပြီ။

2 comments :

  1. May said... :

    88 Generation always stands for the fairness.

  1. Anonymous said... :

    ဒါလား ဒီမိုကရေစီ အယောင်ဆောင်တွေ ပြည်သူတွေရဲ့
    နားတွေမျက်စိတွေကိုပိတ်ကိုယ်လုပ်ချင်ရာလုပ်ခွင့်ရဖို့အရေးဖြစ်နေလိုက်ကြတာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved