ဒေါက်တာခင်လက်ျာ ~
အိမ်မှာ ကြက်သားချက်တတ် ပေမယ့် တစ်ခါတစ်ရံ ညီမလေး ယုက ''အပြောင်းအလွှဲ ချဉ်ချဉ် လေးစားချင်တယ် မမ၊ ဒီည ကြက်သုပ် ဝယ်စားရအောင်'' လို့ ပြောတာနဲ့ ကျွန်မလှည်းတန်းဘက် ကို သွားလိုက်ပါတယ်။
ကြက်သုပ်သည်ဆီမှာ အသား၊ အရေခွံ၊ အရိုး၊ အသည်းအမြစ် ကြိုက် ရာဝယ်စားလို့ရတာပါ။ အားလုံးက တော့ ဝါဝါထိန်ထိန်ပါပဲ၊ ဒါကို ငရုတ်သီးမှုန့်အကျက်ထောင်း၊ မန် ကျည်းရေ၊ ဂေါ်ဖီထုပ်နဲ့ ကြက်သွန် ပါးပါးလှီး၊ ငရုတ်ရည်၊ ငံပြာရည် ကို ပဲဟင်းရည်ဆမ်းပြီး သုပ်တာမျိုး ပါ။
ကြက်ကင်စားပြန်တော့လဲ ကြက်ရင်ပုံ၊ ပေါင်၊ အတောင်ပံ ကင်တွေကလဲ အသုပ်များလိုလို ဝါဝါထိန်ထိန်ပဲတွေ့ရပါတယ်၊ တစ်ချိန်က ပျားဂေဟာ ကြက်ကင် ပေါ်လိုက်ပါသေးတယ်၊ အဲဒီတုန်းကတော့ တကူးတက အကောင်လိုက် ဝယ်စားကြသေးတယ်၊ အခုနောက် ပိုင်းတော့ မီနီမတ်တွေမှာ ကြယ်ငါးပွင့် ကြက်ကင်တွေပေါ်လာပြီး ခေတ်စားလာပြန်ပါတယ်။
ဒီမီနီမတ်တွေမှာရောင်းတဲ့ ကြယ်ငါးပွင့် ကြက်ကင်ကိုတွေ့တော့ ကျွန်မ ဘန်ကောက်မှာရှိတဲ့ သူတို့ရဲ့ ဟ-ဒေါင် Ha Dow ကြယ်ငါးပွင့် ကြက်ကင်ဆိုင်တွေကို မျက်စိထဲပြန်မြင်မိပါတယ်။
ကျွန်မ ထိုင်းနိုင်ငံကို စရောက်တဲ့ ၁၉၈၂ ခုနှစ်နဲ့ အခု ၂ဝဝ၉ ခုနှစ် ကြက်ကင်တွေက မတူတော့ပါဘူး။ ယခုဆိုရင် ထိုင်းကြက်ကင် သူတို့ အခေါ် ကိုင်ယမ်း- Gai Yang က ကမ္ဘာလှည့်ခရီးသည်များ ကြိုက်နှစ် သက်ရာမှ ကမ္ဘာကျော် သွားခဲ့ပါပြီ။ သူတို့ကြက်ကင်နာမည်ကြီးလာတာကလဲ မဆန်းပါဘူး၊ သာမန်လူတန်းစားမှအစ လူတန်းစားမရွေး စားနိုင်ကြလို့ပါ။ စားနိုင်အောင်လဲ လမ်းဘေးတွန်းလှည်းသည်၊ စား သောက်ဆိုင်သေးသေးမှအစ ဟိုတယ်ကြီးတွေအထိ ကျယ်ကျယ် ပြန့်ပြန့် နေရာမရွေး ရောင်းချကြပါတယ်။
ကြက်ကို အကောင်လိုက် ပုံမပျက်ကင်တာမျိုး ယူမလား၊ ကြက်တစ်ကောင်ကို အမျိုမျိုးစိတ်ပိုင်းပြီး ကင်တာမျိုးယူလဲရပြန်ပါတယ်။ ကြက်ရင်ပုံ၊ ပေါင်၊ ဒူးဆစ်တွေကို ကင်ထားတာ ရဲပြီး စိုစိုဖောင်းဖောင်း လေးနဲ့ စားချင်စဖွယ်ပါ။
အသည်းအမြစ်တွေကိုတော့ သပ်သပ်စီ ခွဲပြီးကင်ထားတတ်ပါတယ်။ အတောင်ပံကို ဒီမှာလို တစ်ခုလုံး တစ်ခုချင်း ကင်တာမျိုးမဟုတ်ဘဲ အတောင်ပံအဖျားနဲ့အရင်း နှစ်ပိုင်း ခွဲခုတ်ပြီး သပ်သပ်စီ ကင်ထားပြန်တာပါ။ ကျွန်မရောက်စက ကျွန်မ လုံးဝထင်မထားတဲ့ ကြက်ခြေ ထောက်နဲ့ ကြက်ဖင်ဆီဖူးတွေလဲ သီ ပြီး ကင်ထားတာကို တွေ့ရပါတယ်။
ကျွန်မ ထိုင်းနိုင်ငံ ရောက်စက မဲခေါင်မြစ်ကမ်းနံဘေးရှိ ချိုင်းကောင် မြို့မှာ အလုပ် စလုပ်ခဲ့ရပါတယ်။ ညနေဘက်တွေမှာ ဆေးရုံဝန်ထမ်းတွေစုပြီး လမ်းမကြီးရှိ ဆိုင်လေးတွေမှာ ထွက်စားတတ်ပါတယ်။
ကျွန်မနဲ့အတူနေတဲ့ သူနပြု ဆရာမနဲ့ လိုက်သွားရင်တော့ သူရဲ့ ဖောက်သည် လက်တွန်းလှည်းသည်ဆီ သွားကြပါတယ်။ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်တော့ သူနဲ့ သွားရတာ အဆင်ပြေတာပေါ့။
တွန်းလှည်းသည်ဆီမှာ ကြက်၊ ဝက်၊ ငါးကင်အပြင် သူတို့ရဲ့ သင်္ဘောသီးသုပ်နဲ့ ကောက်ညှင်းပေါင်းလဲရပါတယ်။ သူနာပြုက သူ ကြိုက်တာရွေးဝယ်ပြီး၊ ကျွန်မကတော့ အပျင်းပြေဝါးဖို့ ကြက်တောင်ပံရင်းနဲ့ အသည်းအမြစ်သီလေးတွေပဲ ဝယ်လေ့ရှိပါတယ်။
နေ့စဉ် ဒါတွေပဲစားနေတော့ အပြောင်းအလဲအဖြစ် မစားဖူးသေးတဲ့ ကြက်ခြေထောက်ကင်စားကြည့်ဖို့ စိတ်ကူးမိသွားပါတယ်။
ဒါပေမယ့် မစားဖူးသေးတော့ စားသင့်မစားသင့် အသီကို ကိုင်လိုက် ချလိုက်လုပ်နေတာကိုမြင်ပြီး သူနာပြုက ''ဒေါက်တာ မြည်းကြည့်ပါ၊ ကြွပ်ကြွပ်မွှေးမွှေးနဲ့ ဝါးလို့ သိပ်ကောင်းတယ်'' ဆိုပဲ။
က ဆက်ပြီး ''ခြေထောက် ကင်စားရင် အဆစ်လေးတွေကို တစ်ခုချင်း ဖြုတ်စားနော်၊ အတောင်ပံ အဖျားစားသလိုပေါ့၊ အရက်နဲ့ မြည်းလို့ သိပ်ကောင်းတာ၊ ခဏဆိုရင် ကုန်သွားတော့မှာ၊ ကျွန်မတို့ လာတာစောလို့တွေ့ရတာ၊ တချို့ဆိုရင် ကြိုတင် ပြီး အော်ဒါလုပ်ကြတာလေ၊ ဒေါက်တာ စားကြည့်ပြီးစွဲသွားမှာ'' လို့ ပြောပါတယ်။
သူနာပြုအပြောကောင်းတာနဲ့ အဲဒီနေ့က ကျွန်မ ကြက်ခြေ ထောက်ကင် ဝယ်ဖြစ်လိုက်ပါတယ်။ သူနာပြုပြောထားသလိုပါပဲ၊ ကျွန်မ ခြေဆစ်လေးတွေကို ပထမ ချိုးလိုက်ပါတယ်၊ ဝါးလိုက်တဲ့အခါ ဘဲအရေခွံလို ထုတ်ထုတ် ထုတ်ထုတ် ရှိနေတာကိုး။ ကျွန်မတို့ဆီက အိမ်ကြက်တွေလို ခြေထောက်အခွံက အရိုးမှာ ကပ်နေတာ မဟုတ်ပါဘူး။ အရေခွံက ထူနေတာမို့ ကင်လိုက်တော့ ကြွပ်ပြီးမွှေးလာတဲ့အပြင် အရေခွံက အရိုးမှာ ကပ်မနေတော့ စားရဝါးရတာ လွယ်ပါတယ်။ အရိုးကလဲ ဝါးလို့ ကောင်းပြန်ပါတယ်။ ကြက်သားကို နယ်ဖတ်ထားတာက မွှေးကြိုင်နေတာကြောင့် စားရတာ မွှေးလဲမွှေး အရသာလဲရှိနေပါတယ်။
သူနာပြုပြောတဲ့အတိုင်း နောက်ရက်များမှာ ဆက်လက် ဝယ်စားရာမှ စွဲသလိုလိုတောင် ဖြစ်လာခဲ့ပါတယ်။ အရက်နဲ့မြည်းကြတဲ့အကြောင်းကို သူတို့ပြောကြတော့ ရန်ကုန်တုန်းက အနှိပ်သည်အဒေါ်ကြီး သူ့ အမျိုးသားအကြောင်း ပြောပြဖူးတာကို သွားသတိရမိသွားတယ်။ အမျိုးသားက အရက်ကလဲသောက်ချင် အရက်ဖိုးလဲ သိပ်မရှိရှာတော့ ပေါပေါ ရတတ်တဲ့ ကြက်အရေခွံ အဆီဖူး တွေကို ဆား နနွင်း မဆလာနယ်ပြီး အရက်ဆိုင်ရှေ့မှာ ကင်ရောင်းရတယ်။ ရန်ကုန်မှာက အကင်တွေက ဆနွင်း ထည့်တတ်တာကြောင့် ကျွန်မ လှည်းတန်းသွားဝယ်တော့ ဝါဝါထိန်ထိန် ဖြစ်နေတာကိုး။ အနှိပ်သည် အဒေါ်ကြီးရဲ့ အမျိုးသားက အမြတ်လေးရရင် ဆိုင်ထဲဝင်ပြီး အရက်သောက်နိုင်တာပေါ့။ အမျိုးသားက အချက်အပြုတ် ကောင်းတာကြောင့် သူ့အကင်ဆိုင် ရှေ့မှာ လူကျပြီး ရောင်းကောင်းနေတာကြောင့် အရက်တောင် မသောက်လိုက်ရတဲ့အခါမျိုးလဲ ရှိတတ်ပြန်သတဲ့လေ၊ ဘယ်မှာဖြစ်ဖြစ် အရက်နဲ့ မြည်းဖို့ ဝါးစရာကောင်းကောင်းလေးဆိုရင်တော့ ရောင်းကောင်းစမြဲ ပါ။
နေ့စဉ် ကျွန်မ လက်တွန်းလှည်းသည်ဆီက ကြက်ကင်တစ်မျိုး မဟုတ်တစ်မျိုး စားနေတတ်တာမို့ သိချင်တာလေးတွေကို သူနာပြုဆရာမလေးကို မေးရပြန်တာပေါ့။ သူ့အပြောအရ ၁၉၆၁ ခုနှစ် ပက်ချဘွန်း Phetchabun မြို့မှာ ကြက်ကင်ကို များများစားစား စပြီး ရောင်းခဲ့တာတဲ့လေ။ အဲဒီမှာ ရောင်းတော့ ကြက်ကင်အပြင် အချဉ်ရည်ကလဲ နာမည်ကြီးသတဲ့။ သူ့အချဉ်ရည်က အခြားနေရာတွေနဲ့ မတူဘဲ မန်ကျည်းမှည့်နဲ့ ဖျော်စပ်ထားတာကြောင့် လူကြိုက်များကြတယ်။ သူတို့ရဲ့ကြက်ကင်က နီနီရဲရဲ စိုစို လေးနေတာက မွေးမြူရေးကြက်ကို ကင်တာကြောင့်လို့ပြောပြပါတယ်။
အများအားဖြင့်အသားလဲများအောင် ၇ဝ ကျပ်သား သို့မဟုတ် ၈ဝ ကျပ် သား အကောင်ကိုပဲ ကင်ကြတယ် တဲ့။ မွေးမြူရေးကြက်က အရေခွံ အောက်မှာ အဆီရှိပြီး မီးအေးအေးနဲ့ ကင်တဲ့အခါ ကြက်အဆီတွေက စစ်ပြီးကျသွားတော့ အရေခွံနဲ့ အသားကြား စိုပြီးကျန်ခဲ့တယ်။ ဒါကြောင့် သူတို့ကြက်ကင်တွေက ကျွန်မတို့ ဆီမှာ ကင်ရောင်းတတ်တဲ့ ကြက်တွေလို ခြောက်မနေပဲ စိုစိုအိအိရှိနေတာပါ။
ဒါတင်ဘယ်ဟုတ်ပါ့မလဲ။ သူ တို့ ကြက်ကင် ကင်ဖို့နယ်စပ်ထားတာက ကွာပြန်ပါသေးတယ်။ ကျွန်မတို့က နနွင်းထည့်သုံးကြပေမယ့် သူ တို့ကမထည့်ပါဘူး၊ သူတို့အများဆုံး သုံးတာမှာတော့ ကြက်သွန်ဖြူ၊ နံနံမြစ်၊ ငရုတ်ကောင်း ရောထောင်းပြီး လိုသလို ဆား၊ ပဲငံပြာရည် ထည့်နယ် ကြတာပါ။ သူတို့အဓိက မပါမပြီးထည့်တာက နံနံမြစ်လို့ပြောပါတယ်။ ဒီ လောက်သေးတဲ့ နံနံမြစ်တွေ ရွှံ့စင် အောင် ဘယ်လိုများ ဆေးကြပါလိမ့်။ ဆေးရတာလက်ဝင်မှာပဲလို့ ကျွန်မ ထင်မိတယ်။ ဘယ်ဟုတ်ပါ့မလဲ ထိုင်းအချက်အပြုတ်မှာ နံနံမြစ်ကို တော်တော်သုံးကြပါတယ်။ ဒါကြောင့် သူတို့က အမြစ်သန်အောင် အထူး စိုက်ပျိုးထားကြတာကိုး။ သူတို့ရဲ့ နံနံမြစ်က တုတ်တုတ်ထွားထွားကြီး တွေပါ။ တချို့ဆိုရင် ဂျူးမြစ်ထက်တောင်ကြီးပြီး ဖွေးနေတာပါ။
ကင်ပုံကင်နည်းကလဲ ကွာပါသေးတယ်။ သူတို့ရဲ့ မီးသွေး မီးဖိုက တစ်တောင်သာသာ ကျယ်ပြီး တိမ်ပါတယ်။ အကင်လုပ်ဖို့ သီးသန့် လုပ်ထားပုံပေါ်ပါတယ်။ မီးသွေးထည့်တော့လဲ အတုံးကြီးတွေမဟုတ်ဘဲ ခပ်သေးသေး ထုထားတာကို ဖြန့်ပြီး ထည့်ထား တာပါ။ မီး ညီညီ အေးအေးနဲ့ ကြက်ကို စိတ်ရှည်လက်ရှည် တစ်ဘက်တစ်ဘက် လှန်ပေးပြီး ကင်ကြတာကိုတွေ့ရပါတယ်။
ကြက်အဆီကျပြီး မီးတောက်လာရင်ဖြစ်ဖြစ်၊ အသားတွေကို ကျက်သလောက်ရှိရင်လာဖြစ်ဖြစ် ပြာမှုန့်ကို မီးသွေးခဲပေါ်ဖြူးပြီး မီးအရှိန်လျှော့လိုက်ကြပါတယ်။ မီးများနေရင်လဲ ယောက်ချိုဇွန်းနဲ့ခပ်ပြီး မြေအိုးလေး တစ်ခုထဲ ထည့်ပြီး ဖယ်ထားတတ်တယ်။ သူတို့ကင်နည်းက မီးအရှိန်နည်းနည်း မှန်မှန်လေးနဲ့ကင်တာပါ။ ကြက်က တဖြည်းဖြည်းချင်းအဆီတွေစစ်ပြီး ကျက်သွားတာကြေင့် အသားကို စားတဲ့အခါ အတွင်းထိ နူးအိပြီး ကျက်နေတာပေါ့။ အရေခွံကလဲ တင်းပြီး နီရဲရဲနဲ့ ကြွပ်နေတာ ပေါ့။ အသည်းဆိုရင် နူးအိပြီး မွှေးနေပါတယ်။
နာမည်ကြီး လူကြိုက်များအောင် ကြက်ကင်ကိုလဲ အမျိုးမျိုး တီထွင်ပြီး နာမည်ပေးလာကြတယ်။ ဈေးကွက် ဝင်နိုင်အောင် မြို့အလိုက် ဒေသ အလိုက် ပက်ချဘွန်း - Phetchabun ကြက်ကင်၊ ဘန်းစင် Baan Saen ကြက်ကင် ဆိုပြီး လာရာအရပ်နာမည်တပ်ပြီး ရောင်းကြပြန်တယ်။
ကင်နည်းကလဲ အမျိုးမျိုး။ မီးသွေး၊ လျှပ်စစ်သုံးကြတဲ့အပြင် တစ်ချို့ကလဲ သူ့ထက်ငါ ပေါ်ပြူလာ ဖြစ်အောင် ဆိုပြီး ဆိုလာနေရောင်ခြညှ်Solar Energy နဲ့ ကင်တဲ့ ကြက်ကင်မျိုးလဲ ရှိပါသေးတယ်။ အချဉ်ရည် အမျိုးမျိုးဖျော်စပ်ပြီး ဆွဲဆောင်မှုရှိအောင် လုပ်တာလဲ တွေ့ရပါ တယ်။
ကြက်ကင်ရာမှာလဲ ကြက်ကို အကောင်လိုက် မီနီမတ်တွေမှာရောင်းတဲ့ ကြယ်ငါးပွင့်လိုမျိုး လုံးလုံးလေး ကင်တာယူမလား၊ အကောင်လိုက် ရင်အုံဘက်ကခွဲပြီး ကင်တာမျိုး ယူမလား၊ အမျိုးမျိုးရှိတာပါ။
ဒါကိုတွေ့တော့ ညီမလေး ယုက ''ထိုင်း မှာက ကြက်ကောင်လုံးကင်၊ ကြက်ကောင်ပြားကင် အရသာစုံတာတင် မကဘူး ပုံစံစုံ ဖြစ်အောင်ကို ကြံကြံဖန်ဖန် ငွေရှာတတ်တာပဲ မမရယ်'' လို့တောင် ကျွန်မကို ပြောနေပါသေးတယ်။ ကျွန်မတို့ ညီအစ်မ နှစ်ယောက်လဲ ကြက်ကင်အမျိုးမျိုးကို မြည်းစမ်းပြီး စားကြတယ်။ တစ်ခါတစ်ရံ လဲ အပျော်စားစရာအဖြစ် အတောင်ပံကို ရွေးပြီးဝယ်တာလဲရှိပါတယ်။
တစ်နေ့ ကျွန်မတို့ စားနေတာကို ထိုင်းသူငယ်ချင်းက ''မင်း သတိထားစားနော်။ ဒီက ကြက်တွေကို ကြီးထွားအောင် ဆေးထိုးကြတယ်။ ဆေးထိုးတော့ ချိုင်းအောက်ကို ထိုးရတယ်။ ဒီတော့ များများစားရင် အမျိုးသမီးတွေ ရင်သားကြီးလာတတ်တယ်'' လို့လဲ ပြောလိုက်ရော ညီအစ်မနှစ်ယောက် ပြိုင်တူ ဟော့တော့ ဆိုပြီး ဆက်စားဖို့ လက်တွန့်သွားကြတယ်။
သူတို့က ကြက်ကင်ကိုပဲ ပုံစံ အမျိုးမျိုးနဲ့ ငွေရှာကြတာကိုး။ ကြက်ကင်လေးပဲဆိုပြီး ပေါ့ပေါ့လေးပဲ ထင်လို့ မရဘူး။ လုပ်ငန်းကြီးဖြစ်လာကာ ဆိုင်ခွဲတွေဖွင့်ပြီး ရောင်းသည်အထိ ဖြစ်လာနိုင်တာပါ။ ရောင်းကောင်းအောင် Marketing ကို တီဗီမှာ Interview ပေးတာမျိုး၊ ကြော်ငြာထည့်တာမျိုးလုပ်တာလဲ တွေ့ရပါတယ်။
လူဆိုတာ သဘာဝအရ အကောင်းကြိုက်ကြတာပါ။ အစားကောင်းဆိုရင်လဲ ကောင်းတာကို ကြိုက်ကြ၊ မက်ကြပြီး အထူးအဆန်းဆိုရင် မြည်းချင် စမ်းချင်စိတ် ရှိကြတယ်။ ပေါ်ဦးပေါ်ဖျား စားကြည့်ပြီးပြီ ဆိုတာမျိုးကလဲ ရှိပြန်သေးတယ်။ ဒီလူ့ဘဝကို အခြေခံပြီး စီးပွားရှာတော့ မအောင်မြင်ဘဲ ရှိပါ့မလား။
စီးပွားရေးမျက်စိနဲ့ ငွေလိုချင်ရင်တော့ ကိုယ်ရောင်းတဲ့ ပစ္စည်း အရောင်းသွက်အောင် ပိုပြီးကောင်းသထက်ကောင်းအောင် သူများနဲ့မတူ တစ်မူဆန်းပြားနေအောင် ဒါတွေ စဉ်းစားပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာ အမြဲ စဉ်းစားတီထွင်ကြံဆနေရမှာ ဖြစ်ပါတယ်။
ကြက်ကင်လေးရောင်းတာ ဘာမှ ရေးကြီးခွင်ကျယ်လုပ်ဖို့ မလိုဘူးလို့ ထင်နိုင်ပါတယ်။ တကယ်တော့ ဘယ်လုပ်ငန်းမဆို ပေါ့သေး သေး ပေါ့ဆဆ သဘောထားလို့ မရပါဘူး။ ဘာမဆို လုပ်တတ် ကိုင်တတ်ရှိပြီး စီးပွားရေး မျက်စိရှိရင် ကြီးပွားချမ်းသာကြတာကို မျက်မြင် ကိုယ်တွေ့ပါ။ အဓိက လိုတာက စီးပွားရေး အမြင်ကျယ်ဖို့နဲ့ လုံ့လ ဝီရိယစိုက်ထုတ်ဖို့ပါပဲ။ ဒါဆိုရင် အသေးအမွှား လို့ ထင်ရပေမယ့် အောင်မြင်တဲ့ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခုဖြစ်လာမှာ မလွဲပါဘူး။
ဘန်ကောက်မှာ ဘယ်ဆိုင်တွေ နာမည်ကြီးကြီး လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော်က စဖွင့်ခဲ့တဲ့ Ratchadamnoen လမ်းပေါ်ရှိ လက်ဝှေ့ရုံဘေးက ကြက်ကင်ဆိုင်ကတော့ အခုထိ နာမည် ကြီးနေတုန်းပါ။ ဆိုင်က ခေတ်ဟောင်းစတိုင် နှစ်ထပ်အိမ်ရဲ့ အောက်ထပ်မှာ ဖွင့်ထားတာပါ။ မျက်နှာကြက်က မြင့် ပြီး အခန်းကျယ်ကြီးထဲမှာ စားပွဲ ကုလားထိုင်တွေ ခင်းကျင်းထားပါ တယ်။ ဒီဆိုင်က ကြက်အကောင်ကို ရင်ခွဲပြီး အပြားလိုက် ကင်ထားတာပါ။ ဒါကို ကောက်ညှင်း၊ ထမင်းတို့နဲ့ တွဲစားကြပါတယ်။ အချဉ်ကတော့ ပုံမှန်ချိုချို ချဉ်ချဉ်လေး ပါပဲ။ အခုအထိ ဒီဆိုင်က နာမည် ကျ မသွားပါဘူး။ ဆိုင်မှာ လာထိုင်စားသူရော ပါဆယ်ဝယ်သူများ မပြတ်ရှိတယ်လို့ပြောပါတယ်။ ဘန်ကောက်မှာ ဒီလောက်များတဲ့ ကြက်ကင်ဆိုင်တွေကြားထဲမှာ ဒီဆိုင်ရှင်သန်ပြီး နာမည်ကြီးနေတာက လက်ရည် မပျက်ဘဲ နဂိုကင်နည်းကို ထိန်းထား နိုင်လို့ နေမှာပါ။
စီးပွားရေးမျက်စိရှိပြီး ကြက်ကင်ကို ရောင်းကောင်းအောင် လုပ်ကြရာမှာ နဂိုအရသာကို စံချိန်မီ အမြဲ ထိန်း သိမ်းထားနိုင်ဖို့ လိုပါသေးတယ်။ အများအားဖြင့် နာမည်ရလာတာနဲ့ ပို ကောင်းအောင် လုပ်ရမယ့်အစား ခိုလာ ကြတော့တာပါပဲ။ နာမည်အားကိုးနဲ့ ခိုလိုက်လို့ကတော့ ဘယ်ကြာရှည် ဈေးကွက်မှာခံပါ့မလဲ။
ကျွန်မ မြန်မာပြည်ပြန်ရောက်တဲ့ အခါ မကြာခဏကြားနေရတာတော့
''အဲဒီဆိုင် အရင်လို မကောင်း တော့ဘူး''
''ဆိုင်က အရသာရှော်သွားပြီ။ နာမည်ပဲ ကျန်တာပါ''
''အခုကောင်းပြီး နာမည်ကြီး နေတာက ဘယ်ဆိုင် အသစ်ပေါ့''
''ဖွင့်ခါစဆိုတော့ မဆိုးပါဘူး''
''ဘယ်လောက် ကြာကြာခံမလဲတော့ မသိဘူး''
ဆိုတဲ့ အသံတွေ ကြားရတတ်ပါတယ်။
ဒါတွေကိုကြားတော့ ဘန်ကောက်မှာ နှစ် ၅ဝ ကျော်ကျော် နာမည်ကြီးနေသေးတဲ့ ဆိုင်ကိုပြန်မြင်မိပါတယ်။ ခေတ်နဲ့အညီ Marketing လုပ်တဲ့အပြင် နဂိုကြက်ကင် ကင်နည်းလဲ ယခင်အတိုင်း ထိန်းထားတာကိုး။ ဆိုင်အဆင်အပြင်၊ ဆက်ဆံရေးနဲ့အရသာကို အမြဲ ကောင်းအောင် ကြိုးစားတာတွေ့ရပါတယ်။ သူ့ဆိုင်ကကြိုးစားလုပ်နိုင်ရင် ဒီမှာလဲ လုပ်နိုင်ကြမှာပါ။
ဆောင်းပါး - ဈေးကွက်ဂျာနယ် zaygwet.com
ဓာတ်ပုံ - http://thai-food-blog.blogspot.com/2007/01/grilled-thai-chicken.html
0 comments :
Post a Comment