တာရာမင်းဝေ ၅ နှစ်ပြည့် အောက်မေ့ဖွယ်

Sunday, August 5, 2012



ဓာတ်ပုံ- ငယ်လေး

"ဒေါင်းအလံကိုင်တဲ့ ရွှေဘုန်းလူကို ထောင်ထဲ ပို့တော့ ကလောင်ကိုင်တဲ့ တာရာ မင်းဝေအဖြစ် ပြန်ခဲ့သူ ( သို့မဟုတ်) လွတ်လပ်ခြင်း နတ်သမီးနှင့် မပေါင်းဖက်ခဲ့ရတဲ့ ကြယ်ကြွေသတို့သားသို့ နောက် ဆုံး နှုတ်ဆက်ခြင်း"
ဆိုတဲ့ စာတမ်းပါ အဖြူရောင် ဆိုင်းဘုတ်နဲ့ အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ဟာ တာရာ မင်းဝေရဲ့ ဈာပန ခရီးကို လိုက်ပါပို့ဆောင်နေတဲ့ မြင်ကွင်းပါ။ လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်ပါတယ်။

ရွှေဘုန်းလူ ခေါ် ချစ်ညီညီ ခေါ် တာရာမင်းဝေ ဆိုတာ အမေရိကန်ရောက် USCB ညွှန်ကြားရေးမှူး ကိုအောင်ဒင် ( ဒတ္တ) ရဲ့ ညီလည်းဖြစ်ပါတယ်။

ရွှေဘုန်းလူဟာ ၁၉၈၈ အရေးတော်ပုံကာလအတွင်း ဗကသများ အဖွဲ့ချုပ်မှာ ဗဟိုကော်မီတီဝင်အဖြစ် တာဝန် ယူခဲ့သူဖြစ်ပါတယ်။

၁၉၉၀ က ၁၉၉၄ အထိ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် အင်းစိန်ထောင်နဲ့ သရက်ထောင်တို့ မှာ အကျဉ်းကျခံခဲ့ရပါတယ်။

၁၉၉၄ က စတင်ကာ ကဗျာဆရာ တာရာမင်းဝေအဖြစ် စာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာတဦး ဖြစ် လာပါတယ်။ စာရေးဆရာမ မနော်ဟရီနှင့် အိမ်ထောင်ကျခဲ့ပြီး “ခေတ်နေ” အမည်ရ သားတဦး ထွန်းကားခဲ့ပါတယ်။ ၂၀၀၇ သြဂုတ်လ ၅ ရက်နေ့မှာ တာရာမင်းဝေ ( ရွှေဘုန်းလူ) ဟာ ကွယ်လွန်ပါတယ်။




ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မှာတော့ စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို
ဒဂုံမြို့  သစ် မြောက်ပိုင်း က မိခင် ဒေါ်လှကြည်ရဲ့နေအိမ်မှာ သြဂုတ်လ ၅ ရက် နေ့မှာ ပြု လုပ်မှာ ဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က သူ့ရဲ့ ဈာပန အခမ်းအနားမှာ သူ့ကို ကြယ်ကြွေသတို့သား အမည်ရတဲ့ ကဗျာတပုဒ်ကို ရွတ်ဖတ်ရင်း ဂုဏ်ပြုခဲ့ပါတယ်။။။။


ကြယ်ကြွေသတို့သား



သူငယ်ချင်း

မင်းဟာ

ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း

မင်းဟာ

ဒဏ်ရာတွေကို ဆီမီးလိုလည်းထွန်းခဲ့တယ်။

သူငယ်ချင်း

မင်းဟာ

ကိုယ့်အနာကိုယ် လျှာနဲ့ ပြန်သပ်

ရှင်ပြတတ်ခဲ့ပြီးပြီပဲ ။

သူငယ်ချင်း

မင်းဟာ

ကိုယ့်အရေပြား ကိုယ်လွှာ

ကိုယ့်အရိုးကိုယ် အပ်လိုသွေး

ကိုယ့်ဝတ်စုံ ကိုယ်ချုပ်ခဲ့ရ...

ကျကျနန

မင်းလှပြခဲ့ပြီးပြီပဲ ။



သွားနှင့် သူငယ်ချင်း

ကြယ်အစင်းစင်းကြွေနေတဲ့

ဟောဒီ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို

စွမ်းသမျှ ကုစားဖို့

ငါတို့ နေရစ်ခဲ့ဦးမယ် ။

သွားနှင့် သူငယ်ချင်း

နေအစင်းစင်းပူတဲ့

ကမ္ဘာမြေရဲ့ ဒဏ်ရာကို

လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့

ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း

ကမ္ဘာမြေရဲ့ ကြေကွဲခြင်း ဓာတ်ပြားမှာ

မင်းကဗျာတွေ မာတိကာစီဖို့

ငါတို့ နေရစ်ခဲ့ဦးမယ် ။

သွားနှင့် သူငယ်ချင်း

ကျောင်းနံရံတ၀ိုက်

ဒေါင်းအလံ ပြန်စိုက်မယ့်တစ်နေ့

ငါတို့ ………။ ။



မင်းကိုနိုင်


2 comments :

  1. စိတ်ချပါ ကိုတာရာ
    ကျွန်တော်တို့ အရှေ့မြို့ရိုးမှာ မိုးရွာလို့ကောင်းတုန်းပါပဲ

  1. Anonymous said... :

    ကိုတာရာရေ ကချေသည်တို့ရဲ့ တေးထပ်တွေနဲ့ ထာဝစဉ် ငြိမ့်အေးစေသား ကောင်းသောမိုးသောက်ယံ ၌ လည်း တည်ကြည်လင်းလက် စေ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved