တိုက်ပွဲတွေကြားထဲရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်

Tuesday, August 28, 2012

~






ချန်ထားရစ်ပြီ ~
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရအဖွဲ့ထဲမှာ ရှေးရိုးစွဲသူတွေ၊ ခေတ်နောက်ပြန်ဆွဲသူတွေကို ချန်ထားခဲ့မယ်လို့ မေလထဲမှာ တကြိမ်၊ ဒီလလယ်ပိုင်းမှာ တကြိမ် ပြောဆိုခဲ့ပါတယ်။

သူ့အပြောကို ဒီရက်ပိုင်းအတွင်း ၀န်ကြီးတချို့ကို ရာထူးလျှော့ချ၊ အပြောင်းအရွှေ့လုပ်၊ တချို့ကို ဖြုတ်ပစ်တဲ့နည်းတွေနဲ့ လက်တွေ့ အကောင်အထည်ဖော်လိုက်ပါပြီ။

အမည်ပျက်စာရင်း
~
အရင်အစိုးရလက်ထက်ကတည်းက ပြုစုခဲ့တဲ့ Black List နာမည်ပျက်စာရင်းဝင် ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို ပြန်စိစစ်ပြီးနောက် သုံးပုံတပုံကို စာရင်းထဲက ထုတ်ပေးလိုက်ပါပြီ။

စာရင်းထဲက ဖျက်လိုက်တဲ့ အမည် နှစ်ထောင်ကျော်ကို သမ္မတရုံးအွန်လိုင်းမှာ မကြာခင် ဖော်ပြတော့မယ်လို့ သိရပါတယ်။

အခုလေးတင် တက်လာတဲ့ သမ္မတရုံးအွန်လိုင်း သတင်းထုတ်ပြန်ချက်တခုအရ ဆိုရင် ရခိုင်ဒေသပဋိပက္ခကြောင့် ထောင်ချခံရသူ ကုလသမဂ္ဂ၀န်ထမ်း ၃ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပါပြီ တဲ့။

ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးသမားတွေကိုပါ လွှတ်ပေးတာမျိုး ပြုပြင်ပြောင်းလဲရေးတွေ ထပ်လုပ်လာမယ် ဆိုရင်တော့ အနောက်နိုင်ငံများရဲ့ အမည်ပျက်စာရင်းထဲရောက်နေတဲ့ ဦးသိန်းစိန်တို့ရဲ့နာမည်တွေ မျှော်လင့်ထားတာထက် မြန်မြန် အထုတ်ခံရဖွယ် ရှိပါတယ်။

ပြင်းထန်တဲ့တိုက်ပွဲ
~
နေပြည်တော်မှာ မကြာသေးခင်က အစပြုပြီး တိုက်ပွဲကြီးတခု ဖြစ်နေပါတယ်။ အခြေခံဥပဒေခုံရုံးနဲ့ ပြည်သူ့လွှတ်တော်တို့ ထိပ်တိုက်တွေ့နေခြင်းပါပဲ။ အဲဒီနှစ်ဘက်ကြား တတိုက်ပွဲထဲမှာ သမ္မတလည်း ကြားညှပ်နေပါတယ်။ နှစ်ဘက်စစ်အေးတိုက်ပွဲက ပြီးခဲ့တဲ့ ၁၀ ရက်ဝန်းကျင်က အစပြုပြီး ရင်ဆိုင်တိုက်ပွဲကြီးတွေအဖြစ် ပြောင်းလဲသွားပါတယ်။
ဟိုဘက်ဒီဘက် အပြန်အလှန် ထုနေတဲ့ လက်နက်ကြီး ကျည်ဆံတွေ သမ္မတကို ထိသွားနိုင်ပါတယ်။

အဲဒီ ခုံရုံးလွှတ်တော် ရက်ရှည်တိုက်ပွဲထက် ပိုပြီး ပြင်းထန်တာတွေလည်း နေပြည်တော်မှာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ၀န်ကြီးတချို့ ရာထူးလျှော့ချခံရ၊ မနှစ်သက်တဲ့နေရာကို ပြောင်းရွှေ့ခံရ၊ အပြောင်းအရွေ့လုပ်ခံရ၊ လုံးဝ အနားပေးခံရတာတွေနဲ့ ပတ်သက်တဲ့ တိုက်ပွဲတွေပါပဲ။

ဒီလို ပြောင်းလဲမှုများ လာမယ် ဆိုတာ ဒီဝန်ကြီးတွေ ကြိုတင် ကြားသိထားကတည်းက နေပြည်တော်ရဲ့ နိုင်ငံရေးရာသီဥတု အဆိုးဘက်ကို ပြောင်းလဲခဲ့ပြီးပြီလို့ သိရပါတယ်။

အခုလို လက်တွေ့အကောင်အထည်ဖော်တဲ့ကာလမှာတော့ တိုက်ပွဲများဟာ အဆိုးဆုံးအခြေအနေကို ရောက်နေပြီလို့ သိရပါတယ်။

တိုက်ပွဲတွေထဲက သမ္မတ ဦးသိန်းစိန် ဘေးမသီရန်မခနိုင်ဖို့ဆိုတာ နေပြည်တော်မှာ သူ့ဘက်ကို ကူညီသူ၊ ရပ်တည်ပေးသူ ဘယ်လောက်များမလဲ ဆိုတာအပေါ် မူတည်ပါတယ်။ ဖြစ်လာနိုင်ချေရှိတဲ့ တိုက်ပွဲများအတွက် သူဘယ်လောက်အထိ ကြိုတင်ပြင်ဆင်ထားသလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။







~

5 comments :

  1. Anonymous said... :

    သမ္မတကြီးကိုလုံးဝထောက်ခံပါသည်။ပြည်သူလူထုအများစုကလည်းထောက်ခံနေပါသည်။အခုအပြောင်းအလည်းသည်ဖြစ်သင့်သော်အပြောင်းအလည်းဖြစ်ပါသည်။အရေးကြီးဆုံးမှာ တပ်မတော်ဦးစီးချုပ်ပင်ဖြစ်ပါသည်။ဗိုလ်ချုပ်ကြီးမင်းအောင်လိုင် ပါ တိုင်းပြည်အတွက်ကောင်းစားရေးအတွက်စိတ်ဓါတ်ရှိမည်ဆိုပါက မြန်မာပြည်ကြီးဒီမိုကရေစီလမ်း တက်လှမ်းရာတွင်လွယ်ကူလိမ့်မည်ဖြစ်ပါသည်

  1. Unknown said... :

    သမ္မတကြီးဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများသည် မြန်မာပြည်သူများကောင်းစားရေးအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့သည်မှန်ပါက သမ္မတကြီးသက်တော်ရာကျော် ရှည်နိုင်ပါစေသတည်း ။ ယှဉ်ပြိုင်လာသူ ဘေးရန်အပေါင်းကိုလည်း လွယ်ကူစွာ ဖြတ်ကျော်အောင်မြင်နိုင်ပါစေသတည်း။

  1. mya said... :

    ရခိုင်ဒေသပဋိပက္ခကြောင့် ထောင်ချခံရသူ ကုလသမဂ္ဂ၀န်ထမ်း ၃ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပါပြီ တဲ့။ ကျမတို့တိုင်းပြည်ကမှန်ကန်နေပေမယ့်တင်းမခံနိုင် တဲ့အတွက်သမ္မတကြီးနဲ့တကွ ကျမအပါအ၀င် တိုင်းသူပြည်သားတွေကိုနားလည်စာနာမိပါတယ်။ ကုလသမဂ္စဆိုတာကြီးဟာလုံးဝမတရားပါလား။

  1. ipman said... :

    သမ္မတကြီး ကတော့ ပြည်သူတွေလိုလားပြီး ဖြစ်သင့်ဖြစ် ထိုက်တဲ့ပြောင်းလဲမှုတွေကိုစတင်ဆောင်ရွက်နေတာတွေ့နေရပါပြီ၊ဒီလိုလုပ်ဘို့သမ္မတကြီးအချိန်ယူလုပ်ဆောင်ခဲ့ရတာပါ ကျွန်တော်တို့ပြည်သူတွေကသမ္မတကြီးရဲ့ပြုပြင်ပြောင်းလဲ မှုတွေကိုထောက်ခံခြင်းဖြင့်အားဖြည့်ပေးကြပါစို့လားဗျာ။ လက်ရှိတပ်ချုပ်ကလဲထောက်ခံတယ်လို့ပြောထားပြီးသားပါ။ဆန္ဒတွေမစောကြဘို့ဘဲလိုပါတယ်။အဲလွှတ်တော်ကတော့ ဖွဲ့စည်းပုံပြင်ဘို့မလုပ်ဘဲ၊အပြတ်ရှင်းဘို့ဘဲလုပ်နေကြပါလား။မှန်းရ ခက်တယ်။စောင့်ကြည့်ရမှာပေါ့လေ။

  1. soezaw said... :

    အကြံပြုလိုသည်မှာ သမတကြီးအနေဖြင့်လုပ်သင့်လုပ်ထိုက်သောပြောင်းလည်းမှုများလုပ်နေသည်ဟုယူဆပါသည်၊သည့်အတွက် မင်းသားကြီးမလုပ်ရသဖြင့်ပတ်မကြီးထိုးဖေါက်လိုသူများ၏ရန်မှသမတကြီးအားကာကွယ်ရမည့်တာဝန်အရှိဆုံးသူမှာ... တပ်မတော်(တစ်နည်းအားဖြင့်)ကာကွယ်ရေးဦးစီးချုပ်ဖြစ် သောဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာဖြစ်သည်၊တပ်ချုပ်ကြီးခင်ဗျား..တပ်ချုပ်ကြီးထက်(၁၀)နှစ်ကြီးသော.........ကျွန်တော်တိုရဲ့နောင်တော်ကြီးကိုကာကွယ်ပေးပါဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved