မတူကွဲပြားပါတီရဲ့ စပေါ် ၅ သိန်း စိစစ်ရေး သိမ်း

Saturday, August 4, 2012



မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အလံ



သန့်စင်ငြိမ်းချမ်း ရေးသားပေးပို့သည်။


မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ပါတီ စာစောင်ထုတ်ဝေခွင့်အတွက် အာမခံကြေး တင်ထားတဲ့ စပေါ် ၅ သိန်းကို စာပေစိစစ်ရေးက နိုင်ငံတော်ဘဏ္ဍာအဖြစ် မနေ့က သိမ်းဆည်းလိုက်ပါတယ်။



ယခင်က ပါတီစာစောင်တွေ စည်းကမ်းမလိုက်နာရင် သတိပေးတာလောက်ပဲ ရှိပေမယ့် စပေါ်ငွေ သိမ်းဆည်းခြင်းမျိုး မရှိခဲ့ပါဘူး။ ဒါဟာ ပထမဆုံး စဘော်ငွေ သိမ်းဆည်းခံရတဲ့ စာစောင်ပဲ ဖြစ်ပါတယ်။


သိမ်းဆည်းရခြင်းရဲ့ အဓိကအကြောင်းပြချက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ဒိုင်ဗားစီးတီးစာစောင် စာစဉ် ၁၉ မှာ နိုင်ငံရေးပါတီတွေနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ ထည့်သွင်းရေးသားထားတယ်။


ဒါဟာ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ရဲ့ ညွှန်ကြားချက် ၄၂ မှာပါတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ရာကျတဲ့ စပေါ်ငွေ ၅ သိန်းကို နိုင်ငံတော်ပိုင် သိမ်းဆည်းရတယ်လို့ စာပေစိစစ်ရေးက မတူကွဲပြားပါတီဆီ ပေးပို့တဲ့ အမိန့်အမှတ် ၁/၂၀၁၂ မှာ ရေးသားထားပါတယ်။


အဲတော့ ပါတီအနေနဲ့ စပေါ်ငွေ ၅ သိန်း ထပ်တင်ပြီးမှ စာစောင် ပြန်ထုတ်ခွင့်ရပါမယ်တဲ့။ ထပ်မတင်နိုင်ရင်တော့ ဒိုင်ဗားစီးတီး နိဂုံးချုပ်ပြီပေါ့။

စာပေစိစစ်ရေးက ပြီးခဲ့တဲ့အပတ်ကပဲ ပြည်တွင်းဂျာနယ် ၂ စောင်ကို ထုတ်ဝေခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ပါသေးတယ်။

ပြည်တွင်း ဂျာနယ် အယ်ဒီတာတယောက်နဲ့ စကားပြောတုန်း မတူကွဲပြားပါတီရဲ့ စပေါ် ၅ သိန်းကို စိစစ်ရေးက သိမ်းယူ လိုက်ပြီလို့ ပြောပြတော့ “စိစစ်ရေးက ခုတလော အတော့်ကို လက်စွမ်းပြနေပါလား”ဆိုပြီး မှတ်ချက်ပေး ပါတယ်။


လယ်သမားအရေးမှာ တက်ကြွစွာ ဆောင်ရွက်နေတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌက ဦးနေမျိုးဝေဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးကတော့ ဦးတင်မောင်အေး ဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    ကောင်းပါတယ်၊ ဒီလိုနှိပ်ကွက်နှိုင်မှ...မြန်မာပြည်မှမီဒီယာများ ဆင်ချင်လာမှာပါ။ ASSK ၇ဲ့လုံခြုံေ၇းတာဝန်ကျနေသူကဓါတ်ပုံမရိုက်ဖို့တားတော့...ဘာလားညာလားနဲ့...အခုတော့ဘာပြောချင်ကြသေးလဲ၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved