အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၄)

Saturday, August 11, 2012

ညီလင်းသစ် ~

မြန်မာပြည် မလာခင် ခရီးစဉ်မှာ ပုဂံသွားမယ့် အကြောင်းကို ဒီမှာနေတဲ့ မိတ်ဆွေတချို့ကို ပြောပြပါတယ်၊ သူတို့ထဲမှာ မြန်မာပြည်မှာလည်း နေခဲ့ဖူးတဲ့ တစ်ယောက်က ကျနော်တို့ကို 'ပုဂံကလည်း ကောင်းပါတယ်၊ ဒါပေမယ့် ပင်လယ်ကမ်းစပ် တစ်ခုခုသွားရင် ကလေးအတွက် ပိုပြီး မကောင်းဘူးလား'လို့ ပြောတယ်၊ သူပြောတာ မှားတော့ မမှားပါဘူး၊ ဒါပေမယ့် ကျနော်က ပြန်ပြောလိုက်တယ်၊ ကမ္ဘာပေါ်မှာ လှတဲ့ ပင်လယ်ကမ်းခြေတွေ အများကြီး ရှိ တယ်၊ ဒါပေမယ့် ပုဂံကတော့ တစ်ခုတည်းပဲ ရှိတယ်-လို့...၊

ဟုတ်ပါတယ်၊ ပုဂံဟာ ကျနော့်အတွက်တော့ မသွားရင် မနေနိုင်တဲ့ နေရာပါပဲ၊ မြန်မာပြည် ရောက်ပြီးလို့မှ ပုဂံကို သွားဖို့ အချိန်မရ နိုင်ဘူးဆိုရင် မြန်မာပြည်ကိုလည်း ကျနော် မသွားတာပဲ ကောင်းတယ်လို့တောင် မကြာခဏ တွေးမိတယ်၊ ဒီလောက် အဝေးကြီးက လာခဲ့ရပြီးမှ ပုဂံကို မမြင်ဘဲ ပြန်သွားဖို့ဆိုတာ ကျနော့်အတွက်တော့ စိတ်ကူးထဲတောင် မထည့်ဝံ့တဲ့ အရာပါ၊ ပုဂံကို ကျနော်ချစ်တယ်၊ ပုဂံဟာ ကျနော့်အတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ကြီးကျယ်၊ ခမ်းနားမှု တစ်ခုပါပဲ...၊


မနက် ၆ နာရီထွက်တဲ့ အဲကမ္ဘောဇ လေယာဉ်နဲ့ လိုက်လာခဲ့တယ်၊ အမှန်က ၆ နာရီခွဲ ထွက်တဲ့ လေယာဉ်ပါ၊ ဒါပေမယ့် အဲဒီရက်ပိုင်းမှာ မနက်ပိုင်း မြူတွေကျနေလို့ မြူလွတ်အောင် လေယာဉ်တွေ စောထွက်ကြတယ်၊ လေယာဉ်ပေါ်မှာ တဝက်တောင် လူမပြည့်ဘူး...၊


လေယာဉ်ထိုင်ခုံ အရှေ့က အန္တရာယ်ကာကွယ်ရေး လမ်းညွှန်ကဒ်ပြားကို ကြည့်နေရင်း သံတွဲလေဆိပ်မှာ ဗိုက်နဲ့ဆင်းလိုက်ရတယ် ဆိုတဲ့ အဲကမ္ဘောဇပိုင် လေယာဉ်အကြောင်း တွေးမိလို့ ပြုံးဖြစ်သွား သေးတယ်၊ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ပူပူနွေးနွေး ဖြစ်ထားတာကိုး...၊း)


တစ်နာရီ ကျော်ကျော်လောက် မောင်းပြီးတော့ လေယာဉ်က ဆင်းဖို့ ပြင်ဆင်ပါတယ်၊ အဲဒီ အချိန်မှာပဲ လေယာဉ်ပြူတင်းကနေ ချစ်သောပုဂံရဲ့ အငွေ့အသက်တွေကို စ,တွေ့ရတယ်၊ ထနောင်းပင်တွေ၊ ထန်းပင်တွေ၊ ထုံးဖြူစေတီလေး တချို့နဲ့ အုတ်နီခဲရောင် ပုဂံဘုရားတွေ...၊ ကျနော်ရင်တွေ ခုန်နေခဲ့ပြီ...၊


ကျနော်တို့ ပုဂံသံတဲ ဟိုတယ်မှာ တည်းဖြစ်ပါတယ်၊ ပုဂံမြို့ဟောင်းထဲမှာ နေချင်တာရယ်၊ ဧရာဝတီနဲ့ အနီးဆုံးမှာ နေချင်တာရယ်ကြောင့် သံတဲက river view အခန်းကို ယူဖြစ်လိုက်တယ်၊


River view ဆိုတဲ့အတိုင်း ဧရာဝတီနဲ့ တကယ့်ကိုမှ နီးနီးကပ်ကပ်လေးရယ်..၊ ထွန်းနေတဲ့ သောင်တွေပေါ်က ပဲစိုက်ခင်းတွေ၊ ကြက်သွန်ခင်းတွေ အပြင် တဖက်ကမ်းက တန့်ကြည့်တောင်နဲ့ ရှုခင်းဟာ တနေကုန် ထိုင်ငေးချင်စရာပါ၊


မနှစ်က ကျနော်တို့ ဘွတ်ကင်လုပ်တဲ့ အချိန်တုန်းက သံတဲဟိုတယ်ဟာ အနီးအပါးက သီရိပစ္စယာ၊ ပုဂံ၊ ဧရာ၊ သရပါ စတာတွေနဲ့ ယှဉ်ရင် ဈေးမတက်သေး ပါဘူး၊ river view, twin bed အခန်းကို တစ်ည ဒေါ်လာ ၆၀ ပဲ ပေးခဲ့ ရတယ်၊


ဟိုးမြစ်လယ် ကျွန်းတွေနဲ့ တဖက်ကမ်းက တောင်ကြော၊ တောင်ခြေတွေမှာတော့ မြူခိုး၊ မီးခိုးတွေ အမြဲလိုလို ဝေ့သီ၊ လွှမ်းခြုံနေလေ့ ရှိပါတယ်၊ မြစ်ထဲမှာတော့ ရေယာဉ်မျိုးစုံကို မရိုးနိုင်အောင် မြင်ရတယ်၊ river view အခန်းတွဲတွေရဲ့ အဆုံးမှာ အောက်ထပ်လေးခန်း၊ အပေါ်ထပ်လေးခန်း ပါတဲ့ နှစ်ထပ်ဆောင်လေး ရှိတယ်၊ ကျနော်တို့ အခန်းက အဲဒီ နှစ်ထပ်ဆောင်လေးရဲ့ အပေါ်မှာ ဆိုတော့ မြင်ကွင်းက အပေါ်စီးဖြစ်တဲ့ အပြင် အတော်လေးကို ရှင်းပါတယ်၊


မနက်ပိုင်းမှာ ဘယ်မှ မသွားသေးဘဲ ဟိုတယ်ဝင်းထဲမှာပဲ အေးအေးလူလူ လျှောက်ကြည့်နေ ဖြစ်ပါတယ်၊ နေ့လယ်မှာတော့ သူငယ်ချင်း တစ်ယောက်နဲ့ ချိန်းထားတဲ့ မြို့သစ်က Sunset garden စားသောက်ဆိုင်ကို ထွက်ခဲ့တယ်..၊


ဒီဆိုင်က ကျနော်သဘောကျတဲ့ ဆိုင်ထဲက တစ်ဆိုင်ပါ၊ အလုပ်လုပ်နေတဲ့ အချိန်တုန်းက ပုဂံရောက်တိုင်း ဒီမှာ နေ့လယ်စာ တစ်နပ်တော့ အမြဲစားရလေ့ ရှိပါတယ်၊ အဓိက အားဖြင့် tour ကုမ္ပဏီတွေက ဧည့်သည်တွေ စားကြတဲ့ နေရာပါ၊ FIT ကျောပိုးအိတ် ခရီးသွားတွေနဲ့ မြန်မာဘုရားဖူး ဧည့်သည်တွေ လာတာတော့ မတွေ့ရ သလောက်ပါပဲ၊


ဒီဆိုင်မှာ ကျနော် အမြဲစားဖြစ်တာက မြစ်လယ် သောင်တွေပေါ်က ကြက်သွန်စိုက်ခင်းတွေ၊ တဖက်ကမ်းက တန့်ကြည့်တောင်တန်း၊ မြစ်ထဲမှာ စုန်ချည်ဆန်ချည် သွားနေကြတဲ့ လှေကလေးတွေ၊ ဟိုးခပ်ဝေးဝေးက သရက်ပင်တန်းတွေ အစီအရီနဲ့ ရွာတွေ.. ဒါတွေအားလုံးကို ရောမွှေထားတဲ့ အစုံသုပ်ပါ၊ ဘယ်နှခါစားစား မရိုး နိုင်သလို ဘယ်တော့မှလည်း မအီပါဘူး၊ ဟိုး.. တောင်ဖက် ခပ်လှမ်းလှမ်းမှာတော့ စွယ်တော်လေးဆူထဲက တစ်ဆူဖြစ်တဲ့ လောကနန္ဒာကို မြင်နေရတယ်၊


နောက် သဘောကျတာ တစ်ခုက မြေပဲဆံပါ၊ ဟင်းပွဲတွေ စောင့်နေတုန်း သူတို့က မြေပဲဆံတစ်ပွဲ လာလာချလေ့ ရှိ တယ်၊ ပုဂံမှာ စားရတဲ့ မြေပဲက ရန်ကုန်ကနဲ့ မတူဘူး၊ အဆံက ခပ်ရှည်ရှည်နဲ့ အရသာက စိမ့်စိမ့်လေးနဲ့ ညက်တယ်၊ မအီဘူး၊ တခါတလေ ကျနော်တစ်ယောက်တည်း အဲဒီလို တစ်ခွက် စားပစ်တယ်၊ သူတို့ကလည်း လိုသလောက် ပြန်ဖြည့်ပေးပါတယ်၊ အဲ.. သူနဲ့ တွဲသောက်တဲ့ ဘီယာကတော့ အလကား မပေးဘူးဗျ..၊း)


နေ့လယ်ပိုင်းမှာတော့ ဟိုတယ် အရှေ့မှာ ရှိတဲ့ ကန်တော့ပလ္လင် ဘုရားနဲ့ အနီးတဝိုက်မှာပဲ လမ်းလျှောက်ဖြစ်တယ်၊ အဝေးကြီး မသွားပါဘူး၊ နည်းနည်း နေစောင်းလာတော့ ဟိုတယ်ပြန်လာပြီး အခန်းရှေ့ကနေ နေဝင်ချိန်အတွက် ပြင်ဆင်ပါတယ်၊ ဧရာဝတီ ပေါ်မှာတော့ ရွှေအိုရောင် တဖိတ်ဖိတ် လက်ပြီး ခမ်းနားနေခဲ့ပြီ...၊


ပုဂံမှာ ပထမဦးဆုံး နေဝင်ချိန်က တိမ်ကင်းစင်နေ ခဲ့တယ်၊ အများအားဖြင့် ပုဂံမှာဖေဖော်ဝါရီ လကုန်ပိုင်းလောက် အထိ တိမ်ကင်းစင်တဲ့ နေဝင်ချိန်တွေ တွေ့ရတတ် ပေမယ့် တခါတခါတော့လည်း ဝင်ကာနီးလေးမှ တိမ်မျှင်တွေ ဖုံးသွားတတ်တာ မျိုးလည်း ရှိပါတယ်၊ အဲဒီနေ့က ညနေ ၆ နာရီ ထိုးဖို့ ၃ မိနစ်မှာ နေဝင်ပါတယ်၊


ဒီဓါတ်ပုံကို 'အိမ်အပြန်...' လို့ နာမည်ပေးထား ပါတယ်..၊း)


စွယ်တော်လေးဆူမှာ ပါတဲ့ တန့်ကြည့်တောင် ဘုရားနဲ့အတူ နေဝင်ချိန်...၊ ဆောင်းတွင်းမှာ နေက တောင်ဖက်ကနေ မြောက်ဖက်ကို တဖြည်းဖြည်း ရွေ့ပါတယ်၊ ကျနော်တို့ မရောက်ခင် သုံးလေးရက်လောက် မှာဆို နေလုံးက တန့်ကြည့်တောင် ဘုရားရဲ့ အနောက်တည့်တည့်ကနေ ဝင်တယ်လို့ သိရတယ်၊ လွတ်သွားတာ နာတယ်ဗျာ၊ နေလုံးရဲ့ အလယ်တည့်တည့်မှာ ဘုရားနဲ့ဆို ဘယ်လောက်များ လှပြီး သပ္ပာယ်လိုက်မလဲ-လို့..၊


နောက်တနေ့ မနက် ၆ နာရီမှာ ကျနော်ထပြီး ပုဂံရဲ့ နေထွက်ချိန်ကို ဓါတ်ပုံရိုက်ဖြစ် ပါတယ်၊ မနိုးမှာစိုးလို့ နှိုးစက်ပေးထား ရသေးတယ်၊ ဟိုတယ်ကနေ စက်ဘီး ငှားတယ်၊ မီးငြိမ်းကုန်း ဘုရားကနေ ရိုက်ဖြစ်ပါတယ်၊ ဘုရားက ကွမ်းတောင်အောက်အထိ တက်လို့ ရသေးတယ်၊ အပေါ်မှာတော့ လူတချို့ ရောက်နေကြပြီ၊ ပုဂံဟာ နေမထွက်ခင်မှာ မြူပုဝါ ပါးပါး ခြုံသိုင်းလို့ အိပ်မောကျ နေဆဲ...၊


မီးငြိမ်းကုန်းကနေ တွေ့ရတဲ့ နတ်လှောင်ကျောင်း (နတ်လျောင်းကျောင်း)နဲ့ သဗ္ဗညု...၊ ပုဂံ ရောက်ရောက်ချင်း sunrise အတွက် စုံစမ်းတဲ့အခါ မီးငြိမ်းကုန်း ဘုရားကို ပေးမတက် တော့ဘူးလို့ ပြောကြတော့ ကျနော်က ရွှေ ဆံတော်ကိုပဲ သွားရတော့မယ်လို့ တွေးထားခဲ့တာ..၊ စက်ဘီး လိုက်ထုတ်ပေးတဲ့ ဝန်ထမ်းညီလေးက 'မပိတ်ပါဘူး၊ သူတောင် မနေ့က ဧည့်သည့်လိုက်ပို့ ခဲ့သေးတယ်' ဆိုတာနဲ့ ကျနော် အတော်လေး ဝမ်းသာသွားမိတယ်..၊


မီးငြိမ်းကုန်းရဲ့ တောင်ဖက်ဘေး ကပ်ရက်က နွားပြဂူနဲ့ ခပ်လှမ်းလှမ်းက မင်္ဂလာစေတီ...၊ မင်္ဂလာ စေတီကို ပထမ ပစ္စယံအထိ ပြန်ဖွင့်မယ်လို့ သတင်းကြားခဲ့ ရတယ်၊


မနက်စောစော မြူခိုးတွေ ကြားထဲက ဆင်များရှင်၊ ရွှေဆံတော်နဲ့ ဓမ္မရံကြီး...၊ ဟိုးအနောက်ဖက်မှာ အခုနောက်ပိုင်း မြန်မာဘုရားဖူး တွေရော၊ နိုင်ငံခြား ဧည့်သည့်တွေပါ နေဝင်ချိန် တရုန်းရုန်း လာကြည့်ကြတဲ့ ပြဿဒ်ကြီး ဘုရားကို ခပ်ဝါးဝါး တွေ့နိုင်ပါတယ်၊


အဲဒီအချိန် ရွှေစည်းခုံ ဘုရားရှိတဲ့ အရှေ့ဖက်ခြမ်းကို လှမ်းကြည့်လိုက်တော့ ဝက်ကြီးအင်းရွာ နားလောက်မှာ Balloons over Bagan က မီးပုံးပျံတွေ တက်လာတာ တွေ့လိုက်ရတယ်၊ Fore ground ကတော့ ငကျွဲနားတောင်း၊ နတ်လှောင်(လျောင်း)ကျောင်းနဲ့ တဘက်ကျ ဘုရား ဖြစ်ပြီးတော့ ရွှေစည်းခုံကို ဟိုးနောက်ဖက် မြူတွေကြားမှာ မြင်နိုင်ပါတယ်၊


အဲဒီအချိန်လေးမှာပဲ နေထွက်လာခဲ့တယ်၊ နာရီကို ကြည့်လိုက်တော့ မနက် ၆ နာရီ ၃၅..၊ စူဠာမဏိနဲ့ ဓမ္မရံကြီး တို့ရဲ့ ကြားထဲက ထွက်လာတဲ့ မနက်ခင်းနေဟာ ခပ်ဖျော့ဖျော့ပါပဲ၊


ဘုရားပေါ်မှာ ကျနော်နဲ့အတူ sunrise လာကြည့်သူ နိုင်ငံခြားသားတွေ ၁၅ ယောက်လောက်တော့ ရှိတယ်၊ အခုလို နေထွက်လာချိန်မှာတော့ ဘာစကားသံမှ မကြားရ တော့ဘူး၊ အရာရာဟာ ပကတိ အငြိမ်...၊ နားထဲမှာ ငှက်ကလေးတွေ သီချင်းဆိုသံနဲ့ ကင်မရာ ခလုတ်နှိပ်သံတွေပဲ ကြားနေရတယ်၊ ဖေဖော်ဝါရီရဲ့ ပုဂံနံနက်ခင်း တစ်ခုဟာ စောင့်ကြည့်နေသူ လူတွေအများကြီး ရှေ့မှာပဲ လျင်လျင်မြန်မြန်နဲ့ လင်းချင်း၊ သက်ဝင် လာခဲ့တယ်၊ ကိုယ့်ခေါင်းပေါ် ရောက်သွားချိန်မှာ ဘယ်လိုမှ မော်ကြည့်လို့ မရခဲ့တဲ့ နေလုံးကို အခုလို လေပြေညှင်းလေး တသွဲ့သွဲ့နဲ့ အေးမြတဲ့ နံနက်ခင်းတစ်ခုမှာ စိမ်ပြေနပြေ မျက်တောင်မခတ်တမ်း ထိုင်ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး၊ တခါတခါ မသက်မရှူမိအောင်ကို လှတယ်...၊


မီးငြိမ်းကုန်းမှာ ဧည့်သည်တွေ sunrise လာကြည့်တာ သိထားတဲ့ ဈေးသည် အမျိုးသမီးလေး တစ်ယောက်က ပန်းချီကားတွေ လာခင်းထားတယ်၊ အပြိုင်အဆိုင်တွေ အရမ်းများလာတဲ့ အချိန်ဆိုတော့ သူ့အနေနဲ့ ဝီရိယ ကောင်းကောင်းနဲ့ လာရပေမယ့် အတော်လေး ချမ်းနေပုံပါပဲ၊ ပုံတွေကို ဒီလိုပဲ ဝတ်ကျေတန်းကျေ ခင်းထားပြီး ခပ်ကြုံ့ကြုံ့လေး ထိုင်နေတယ်၊ ဒီကို မလာခင် အနှုတ် ၂၀ ဒီဂရီနဲ့ တွေ့ထားတဲ့ ကျနော့်အတွက်တော့ ပုဂံမနက်ခင်းက တီရှပ်နဲ့ ဘောင်းဘီတိုနဲ့ နေဖို့ အတော်ပါပဲ..၊း)


ပန်းချီကားတွေကို ဘယ်သူမှ စိတ်မဝင်စားပေမယ့် အဲဒီပန်းချီကား ရောင်းသူကိုတော့ တချို့တွေက စိတ်ဝင်စားကြတယ်၊း) သနပ်ခါး မှုန်မှုန်လေး လိမ်းထားတဲ့ မိန်းကလေးက ကမ္ဘာမြေကို ရောက်လာတဲ့ ပထမဦးဆုံး နေရောင်ခြည်တန်း တွေရဲ့အောက်မှာ ခပ်ငူငူလေး ထိုင်နေပုံဟာ ဓါတ်ပုံဆရာတွေ အတွက် လှနေတာတော့ အမှန်ပါပဲ၊ စည်းရုံးရေး ကောင်းလို့ အနားအထိ ရောက်သွားတဲ့ ကင်မရာ မှန်ဘီလူးတစ်ခုရဲ့ အရှေ့မှာ သူမက မပြုံးမရယ်နဲ့ သဘာဝအတိုင်းပဲ ထိုင်နေခဲ့တယ်၊ (အိပ်ချင်နေတာပဲ ဖြစ်ရမယ်..)း)


နေက နည်းနည်းမြင့်လာလို့ တချို့တွေက ဘုရားပေါ်ကနေ ပြန်ဆင်းဖို့ လုပ်နေကြပြီ၊ ကျနော်နဲ့ နှစ်ယောက်၊ သုံးယောက်လောက်ကပဲ ဘယ်လို အလင်းတွေက ဆက်ပြုစားမလဲလို့ စောင့်နေ ခဲ့တယ်၊ ဘာရယ် မဟုတ်ပါဘူး၊ ကျနော်နဲ့ ကင်မရာ မော်ဒယ်လ်ရော၊ မှန်ဘီလူးပါ တူပြီး ကျနော့်လိုပဲ 'ဒီက စောင့်နေသူ..' လုပ်နေတဲ့ တစ်ယောက် ရဲ့ candid shot...၊း)


ကျနော်သာ တတ်နိုင်ရင် ချစ်ခင်သူတွေကို ဒီ Balloons over Bagan ရဲ့မီးပုံပျံတွေကို စီးဖို့ လုပ်ပေးချင်တယ်၊ ကျနော် ဧည့်လမ်းညွှန် လုပ်ခဲ့စဉ်တုန်းက မရည်ရွယ်ဘဲနဲ့ ဒီလို မီးပုံးပျံတွေ ၂ ခါ စီးဖူးခဲ့တယ်၊ အဲဒီတုန်းက သူတို့က လုပ်ငန်း စကာစ,ပဲ ရှိသေးတယ်၊ လူတွေ သိပ်မသိ သေးသလို ဈေးကလည်း ဒေါ်လာ ၂၀၀ အောက်မှာပဲ ရှိ သေးတယ်၊ မီးပုံးပျံ လူမပြည့်တာနဲ့ ဧည့်သည်တွေကို လိုက်ပို့တဲ့ ကျနော့်ကိုပါ ခေါ်သွားခဲ့တာ..၊ မီးပုံးပျံပေါ်က မြင်ရတဲ့ မြင်ကွင်းက အရမ်းလှပါတယ်၊ ဘာနဲ့မှကို မတူဘူး၊ ပြီးတော့ အပေါ်တက်ဖို့ ဂက်စ်မီးကို ဖွင့်တဲ့အချိန်က လွဲလို့ တချိန်လုံး တိတ်ဆိတ်နေလို့ စီးရတာ ငြိမ့်ညောင်းပါတယ်၊

sunrise နဲ့ sunset flight ဆိုပြီး ၂ မျိုး ရှိပါတယ်၊ sunrise က လေငြိမ်ပြီး အေးချမ်းလို့ ပိုစီးလို့ ကောင်းတယ်၊ တစ်နာရီလောက် စီးရပြီးတော့ အဆုံးမှာ ရှန်ပိန်တစ်ခွက်တိုက်ပြီး မီးပုံးပျံ စီးခဲ့ကြောင်း အမှတ်တရ certificate လေး ပေးပါတယ်၊ ဒီတခေါက် မေးကြည့်တော့ ဈေးက ၂၉၉ ဒေါ်လာဆိုလား ပြောကြတယ်၊ တစ်နာရီလောက် အတွင်းမှာ ဒီလောက်ပိုက်ဆံကို သုံးပစ်ရမှာ ဆိုတော့ များပါတယ်၊ ဒါပေမယ့် ပုဂံက ဘုရားတွေရဲ့ ဗိသုကာ လက်ရာကို အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းက တကယ့်ကိုပဲ ရင်သပ်ရှုမော ဖြစ်စရာ ကောင်းတာတော့ အမှန်ပါ...၊


စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းခြင်းရဲ့ ရလဒ်ဟာ တခါတခါမှာ ချိုမြိန်ပါတယ်၊ ဒီပုံလေးကို ကျနော် အထိုက်အလျောက် စိတ်တိုင်းကျ မိတယ်..၊း)

မြန်မာပြည် ခရီးစဉ်မှာ ကျနော်ရိုက်လာတာ ပုံပေါင်း ၁၅၀၀ လောက်တော့ ရှိပါတယ်၊ အဲဒီထဲက ကောင်းမယ်ထင်တဲ့ ပုံတွေကို များနိုင်သလောက် များများ တင်လိုက်ပါတယ်၊ ကဲ.. မပင်ပန်း သေးဘူးဆိုရင် ကျနော်နဲ့ အတူ ပုဂံခရီးကို ဆက်ပြီး လိုက်ခဲ့ပါဦး..။း)

(ဆက်ပါဦးမယ်..)

ညီလင်းသစ်
၂ ဧပြီ၊ ၂၀၁၂

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved