ရွေးကောက်ပွဲကော်မရှင် လူကြီးမင်းများကို လခ တိုးပေးပါ

Monday, August 27, 2012


-


မနေ့က တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာ စာသင်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ တွေ့ရတဲ့ ဦးတင်အေး

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဖွဲ့ခဲ့တဲ့ ကော်မရှင်က တော်တော် အသက်ရှည်ခဲ့တယ်။ ရွေးကောက်ပွဲပြီးလို့ အနှစ် ၂၀ ကြာမှ ဖျက်သိမ်းခဲ့တယ်။

ရွေးကောက်ပွဲတခုအတွက် သီးသန့် ဖွဲ့ခဲ့တဲ့ကော်မရှင်က အနှစ် ၂၀ တောင် အလုပ်လုပ်ခဲ့တယ် ဆိုတော့ ကမ္ဘာမှာ ဒါမျိုး မရှိသေးဘူး၊ အင်မတန် ထူးခြားပါတယ်၊ ဒီလို အင်မတန်အလုပ်လုပ်တဲ့ကော်မရှင် ရှိတာ မြန်မာပြည်အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ အမြဲတမ်းအဖွဲ့အစည်း ဖြစ်နေပါပြီ။

အင်မတန်အလုပ်လုပ်တဲ့ကော်မရှင် ဆိုတာကို ပြချင်လို့များလား မသိပါ - ကော်မရှင်နဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်းအဆောက်အအုံဖွင့်ပွဲတခုကို တံတားဦးအထိ တကူးတက သွားတက်နေပါတယ်။ ဒီအကြောင်း ဒီနေ့သတင်းစာ နောက်ကျောဖုံးမှာ တွေ့ကြရမှာပါ။

ဟိုတလောတုန်းက ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို Burma ဆိုတဲ့ စကားလုံး မသုံးဖို့ စာတိုစာရှည် ပို့ခဲ့ပါသေးတယ်။

နိုင်ငံရေးသမားတွေ စကားလုံးသုံးနှုန်းတာကိုလည်း ကော်မရှင်က စောင့်ကြည့်နားထောင် လိုအပ်ရင် ကန့်ကွက်ရတယ် ဆိုတော့ ကော်မရှင်ရဲ့ တာဝန်များဟာ အင်မတန့်အင်မတန် ကြီးလေးလှပါပေတယ်။

ဟော ... အခုလည်း ကြည့်ပါအုံး ... အင်မတန်အလုပ်လုပ်တဲ့ကော်မရှင်ပါပဲ ... ကော်မရှင်ဥက္ကဋ္ဌက ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို သွားဖွင့်ပေးရတယ် ဆိုပဲ။

ဖွင့်ပွဲတက်ရတဲ့အပြင် မိန့်ခွန်းရှည်လည်း ချွေရတယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခရီးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့သွားနေတဲ့ ခရီးရှည်ကြီးဖြစ်တယ်
လို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ် တဲ့။ မိန့်ခွန်းထဲမှာ ပညာရေးအကြောင်းအရာက အများစုပါ။

စာသင်ကျောင်းတွေမှာ နိုင်ငံရေးပါတီတွေ ၀င်ပြီး လှုပ်ရှားနေခြင်း ရှိမရှိ ကွင်းဆင်း စစ်ဆေးတာလည်း ဖြစ်နိုင်ပါတယ်။

ဗိုလ်ချုပ်တွေ ပညာရေးနယ်ပယ်မှာ အခုလို ကွင်းဆင်းနေတာကြောင့် မြန်မာပြည်ပညာရေးအခြေအနေအတွက် အားတက်စရာပါပဲ။

အခုလို အင်မတန်အလုပ်လုပ်တဲ့ ရွေးကောက်ပွဲကော်မရှင် လူကြီးမင်းများကို လခ တိုးပေးသင့်ကြောင်း ရေးသားလိုက်ရပါတယ်။





-

2 comments :

  1. Anonymous said... :

    ၉၀-ရွေး ကော်မရှင်က အနှစ်(၂၀) ကြာမှာပေါ့ဗျာ။စစ်မှန်သော လူထုကိုယ်စားလှယ်တွေကို ဖြုတ် ထုတ် သတ် ဘ၀ပျက်အောင် ထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့ စတဲ့အဖွဲတွေနဲ့ ပူးတွဲလုပ်နေခဲ့ရတာကိုး။
    တကယ်တော့ တာဝန်မကျေတဲ့အဖွဲ့၊ လူမသမာတွေရဲ့လက်ကိုင်ဒုတ်အဖွဲ့လို့ ပြောရမယ်။ လက်ရှိ ရွေး ကော် ဥက္ကဌကြီးကတော့ ဆီလူးကောင်းလှဆိုသကိုး၊ ခက်တာက မယောင်တဲ့နေရာမှ လူးတာဗျ။

  1. Anonymous said... :

    လစာလည်းတိုးပေး။ လည်မျိုကိုလည်း နင်းပေးကြပါဗျို့ ။ စားကောင်း၊ သောက်ကောင်းအောင်လေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved