ဗီယက်နမ်ရိုးရာ Ao' Da'i ၀တ်စုံ

Friday, September 21, 2012





ဒေါက်တာ ခင်လက်ျာ ~


              အိမ်မှာ အများက ကိုရီးယားကားများကို ကြိုက်ကြပါတယ်။ ကျွန်မကတော့ ကြိုက်တဲ့ကားဆိုရင်တော့ ကြည့်ဖြစ်ပါတယ်။ အခုတစ်လော ကျွန်မထိုင်းလိုင်းက လာနေတဲ့ Golden Bride ဆိုတဲ့ Series ကို ကြည့်ဖြစ်ပါတယ်။ မင်းသားက ကိုရီးယားဖြစ်ပြီး သူရဲ့သတို့သမီးကတော့ ဗီယက်နမ်သူကလေးပါ။

            မင်းသမီးလေးက မချောရှာပါဘူး။ သူ့ခမျာ ဗီယက်နမ်ကလာပြီး သတို့သားနဲ့ လက်ဆက်ရတာပါ။ မင်းသမီးက သေးသေးသွယ်သွယ် ပိန်ပိန်ပါးပါးလေးပါ။ ဒီမင်းသမီးလေးက Ào Dài လို့ခေါ်တဲ့ ဗီယက်နမ်သူတွေ အများဆုံးဝတ်ကြတဲ့ သူတို့ရဲ့ ရိုးရာဝတ်စုံကို ဝတ်လိုက်တဲ့အခါမှာတော့ အင်မတန် ချစ်စရာကောင်းနေပါတော့တယ်။

             မင်းသမီးလေး ကိုယ်လုံးကိုယ်ပေါက်နဲ့ Ào Dài ဝတ်ထားတာကိုကြည့်ပြီး ကျွန်မ ပြုံးမိသွားပါတယ်။ ကျွန်မက နိုင်ငံတကာမှာ သွားရောက် လုပ်ကိုင်ရသူ ဆိုတော့ ရောက်တဲ့နိုင်ငံက အမျိုးသမီးများဝတ်စားဆင်ယင် ထုံးဖွဲ့မှုကို အမြဲစိတ်ဝင်စားပြီး လေ့လာခဲ့ပါတယ်။ သူတို့ဝတ်တတ်ဆင် တတ်သုံးတတ်စွဲတတ်ကြတဲ့ ပစ္စည်းတစ်ခုခုကိုတော့ အမှတ်တရအဖြစ် ဝယ်တတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အမျိုးသမီးများဝတ်ကြတဲ့ ဝတ်စုံကို ဝယ်လာခဲ့ပါတယ်။

    ဓာတ်ပုံ - http://laotze.blogspot.com/

     ကျွန်မ ဗီယက်နမ်နိုင်ငံ ဟိုင်နွှမ်းမြို့မှာ ယူနီဆက်တာဝန်နဲ့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ နေ့စဉ်ကျွန်မနေတဲ့ နေရာကနေ ယူနီဆက်ရုံးကို လမ်းလျှောက်သွားရတာပါ။ ဒီလို လမ်းလျှောက်သွားတဲ့အခါမှာ အမျိုးသမီးငယ်များ အစုလိုက် စက်ဘီးစီးသွားကြတာကို တွေ့ရပါတယ်။ သူတို့လေးတွေက ကျွန်မတို့တွေ့ဖူးမြင်ဖူးကြတဲ့ ဗီယက်နမ်သူများဝတ်ကြတဲ့ ခေါင်းစွပ်ကိုယ်ကျပ်ဘေးကွဲ အင်္ကျီရှည်များကို ဝတ်ထားကြပါတယ်။ အားလုံးက အဖြူရောင် ဆင်တူဝတ်ထားကြပြီး အောက်ကဘောင်းဘီရှည်ကတော့ အရောင်ခပ်ဖျော့ဖျော့ပါ။ တချို့က အဖြူရောင်၊ တချို့က နို့နှစ်ရောင်၊ တချို့က အဝါနုရောင်များ ဝတ်ထားကြပါတယ်။

               အရွယ်တွေကလဲငယ်ငယ် ဆင်တူလဲဝတ်ထားတာကြောင့် ကျွန်မသူတို့ကို ကျောင်းသူလေးတွေလို့ ထင်မိပါတယ်။ ကျွန်မတို့ဆီမှာ အင်္ကျီဖြူ လုံချည်စိမ်းလေးတွေဝတ် ပြီး တွဲသွားတတ်ကြတဲ့ ကျောင်းသူလေးများကို သတိရမိသွားပါတယ်။

              သူတို့လေးတွေအပေါ်ကဝတ်ထားတဲ့ ခေါင်းစွပ်အင်္ကျီက ခါးနားမှာ ရှေ့တစ်ခြမ်း နောက်တစ်ခြမ်း ခွဲထားတာပါ။ ဒါကြောင့် ဒီမိန်းကလေးတွေ စက်ဘီးစီးသွားတဲ့အခါမှာ လေတိုက်ရင် နောက်ဘက်အစက လေထဲမှာ လွင့်နေပါတော့တယ်။ မိန်းကလေး များတန်းစီပြီး စက်ဘီးစီးသွားရင် လေထဲမှာ တလူလူလွင့်နေတဲ့ အဖြူရောင်စလေးတွေက ကြည့်လို့ကို မငြီးပါဘူး။ တဖျပ်ဖျပ်နဲ့ လှိုင်းလေတွေ ရိုက်ခတ်နေသယောင် ဖြစ်နေပါတယ်။

             ရုံးပိတ်ရက်မှာ ကျွန်မ ဟိုင်နွမ်းမြို့တွင်း လမ်းလျှောက်သွားတဲ့အခါများမှာလဲ ဗီယက်နမ်အမျိုးသမီးများ ဒီအင်္ကျီမျိုးဝတ်ကြတာကို တွေ့ရပါတယ်။ လမ်းပေါ်မှာ စက်ဘီးဖြစ်ဖြစ် မော်တော်ဆိုင်ကယ်ဖြစ်ဖြစ်စီးပြီး သွားနေကြတာကို တွေ့ရပါတယ်။ ဈေးထဲမှာတွေ့ရင်တော့ အနီးကပ်လေ့လာလို့ ရပါတယ်။ သူတို့တစ်တွေက ကျောင်းသူများလို အဖြူရောင်ဝတ် ကြတာမဟုတ်ပါဘူး။ အရောင်စိုစိုတောက်တောက် ဝတ်ကြတဲ့အပြင် ရင်ဘတ်အရှေ့ခြမ်းမှာ ဒီဇိုင်းလေးတွေ အမျိုးမျိုးထိုးထားတာကို ဝတ်ကြပါသေးတယ်။ ဝတ်ထားသူတိုင်းကတော့ သွယ်သွယ်လျလျလေးတွေချည်းပါပဲ။

             ဒီဗီယက်နမ်အမျိုးသမီးတွေ ဝတ်ထားတာက ကြည့်လို့ကောင်းတာကြောင့် အခါအခွင့်သင့်တဲ့အခါမှာ ကျွန်မရဲ့ထုံးစံအတိုင်း ယူနီဆက်ရုံးရှိ စာရေးမလေးတွေကို အင်္ကျီအကြောင်းမေးမိပါတယ်။

ဓာတ်ပုံ - http://iuvietnam.blogspot.com

                  ကျွန်မတွေ့နေတာက သူတို့ရဲ့ ကမ္ဘာသိလူကြိုက်များတဲ့ Ào Dài လို့ခေါ်တဲ့ ဗီယက်နမ်အမျိုးသားဝတ်စုံ Vietnamese National Dress လို့ ရှင်းပြပါတယ်။ ဒီအင်္ကျီက အင်္ကျီရှည်ဖြစ်ပြီး ခါးနားမှစပြီး တစ်ဘက်တစ် ချက်အောက်အထိခွဲထားပါတယ်။ အင်္ကျီက လက်ရှည်ဖြစ်ပြီး လည်ပင်းကတော့အဝိုင်း ဒါမှမဟုတ် V Shape ပုံသဏ္ဌန်ပါ။ ကော်လာကတော့ အထောင်ပဲဝတ်တာ များကြတယ် တဲ့။

                  Ào Dài က တရုတ်အမျိုးသမီး များဝတ်ကြတဲ့ Qipao နဲ့ခပ်ဆင်ဆင်တူတာဆိုပဲ။ ၁၈ ရာစုလောက်က ဗီယက်နမ်နန်းတွင်းမှာ စဝတ်လာကြပြီး ဝတ်ထားသူကိုကြည့်ရတာ နွဲ့နွဲ့နှောင်းနှောင်း သေသေသပ်သပ်ရှိတဲ့ အပြင်ဝတ်ဆင်ရတာလွယ်ကူပြီး သက်သက်သာသာရှိတာကြောင့် ပေါ်ပြူလာဖြစ်လာတာတဲ့လေ။

                ဒီ Ào Dài ကို အထက်တန်း ကျောင်းတော်တော်များများနဲ့ တချို့ကောလိပ်ကျောင်းတွေမှာ ဝတ်ဆင်ဖို့ ပြဋ္ဌာန်းထားကြောင်း ပြောပါတယ်။ ဒါကြောင့်လဲ ကျွန်မ မနက် ရုံးလာတဲ့အခါမှာ မိန်းကလေးတွေ Ào Dài ဆင်တူဝတ်ပြီး စက်ဘီးနဲ့ကျောင်းတက်သွားတာကို တွေ့ခဲ့ရတာပါ။

                 ဒီအင်္ကျီက ဗီယက်နမ်ရဲ့ ထင်ရှားတဲ့ သင်္ကေတဖြစ်နေတာကြောင့် Tour Guide များ၊ ဟိုတယ် Rece-ptionist များ၊ တချို့ရုံးဝန်ထမ်းများ၊ စာရေးစာချီများကလဲ ဝတ်ကြပါတယ်။

             စာရေးမလေးတွေ အပြောအရ နန်းတွင်းမှစလာတဲ့ ဝတ်စုံဆိုတော့ ကျွန်မစိတ်ဝင်စားမိသွားပါတယ်။ အခါအခွင့်ရရင်တော့ ဗီယက်နမ်မှာ နေတုန်းကတော့ Ào Dài တစ်ထည် လောက်ဝယ်ဦးမယ်လို့ စိတ်ကူးမိပါတယ်။

         ကျွန်မ ဗီယက်နမ်နိုင်ငံမှာရှိနေစဉ် ဗီယက်နမ်အလယ်ပိုင်းနဲ့ တောင်ပိုင်းခရီးစဉ်တွေကို ကျန်းမာရေးဝန်ကြီးဌာန မိခင်နဲ့ကလေးတာဝန်ခံ အမျိုးသမီးဆရာဝန်နဲ့အတူ သွားကြရပါတယ်။ ကျွန်မတို့တာဝန်နဲ့ ဗီယက်နမ်အလယ်ပိုင်းရှိ ဟွေမြို့-Hue ကိုလဲ ရောက်သွားခဲ့ပါတယ်။

                ဟွေမြို့က နောက်ဆုံးဘုရင် နန်းစိုက်သွားတဲ့မြို့လို့ ကျွန်မနဲ့ အတူသွားရတဲ့ အမျိုးသမီးဆရာဝန် ကပြောတော့ ကျွန်မတို့ရဲ့ နောက်ဆုံးဘုရင်နန်းစိုက်သွားတဲ့ မန္တလေးမြို့ကိုသတိရသွားပါတယ်။ သူက ဆက်ပြီး ဟွေမြို့မှာ ရှေးဘုရင်လက်ထက်က နန်းတွင်းကို ဆက်ရတဲ့ ရွှေချည်ငွေချည်ထိုး ရက်ထည်တွေကလဲ အထူးနာမည်ကြီးကြောင်း ပြောပြန်ပါတယ်။ ဒီတော့ ကျွန်မ မန္တလေး ရက်ထည် ချိတ်ထမီတွေကို မြင်ယောင်လာပြန်ပါတော့တယ်။

               သူ့အပြောအရ တခြားမြို့နယ်တွေမှာလဲ ရှိပေမယ့် မိရိုးဖလာရှေးနန်းဆက်ကတည်းက သင်ယူထားတဲ့ပညာနဲ့ လက်ရာက ဟွေမြို့မှာပဲရှိကြောင်း။ ဟွေမြို့ကထွက်တဲ့ လက်ရာက အလှဆုံး အကောင်းဆုံးလို့ ဆိုပါတယ်။ ကျွန်မတို့ရဲ့မန္တလေး လွန်းတစ်ရာချိတ် မြန်မာပြည်မှာ နာမည်ကြီးသလိုဖြစ်မှာပါ။

              ကျွန်မကို ဟွေမြို့ရောက်တုန်း ရက်ထည်များသွားကြည့်ချင်လား။ ဆိုင်ကောင်းကောင်းရှိကြောင်း ပြောပါတယ်။ ကျွန်မလဲ ရောက်တုန်းပေါက်တုန်း သူတို့လက်ရာလေးတွေ ကြည့်ချင်တာနဲ့ ကျွန်မတို့နှစ်ယောက် မြို့ခံဆရာဝန်မလေးကိုခေါ်ပြီး မြို့တွင်းရှိအထည်ဆိုင်တစ်ဆိုင်ကို သွားလိုက်ကြပါတယ်။

              ဆိုင်က လူနေအိမ်ခြေရပ်ကွက်ရှိ အိမ်ဆိုင်လေးပါ။ အိမ်ရှေ့အခန်းမှာ အထည်များကို ခင်းကျင်းပြသထားပြီး နောက်ဘက်မှာနေကြတယ်လို့ ထင်ပါတယ်။

        ဆိုင်အဝင်ဝမှာ ကျွန်မစိတ်ဝင်စားနေတဲ့ Ào Dài ဝတ်စုံကို Dummy အရုပ်မှာ ဝတ်ဆင်ပေးထားပါတယ်။ အင်္ကျီအရောင်ကတောက်နေပြီး အင်္ကျီရှေ့ဘက်ခြမ်းမှာ ရွှေချည်ငွေချည်နဲ့ Sequenceများရောယှက်ပြီး နဂါး ရုပ်ပုံ ဖော်ထိုးထားတာက ကြွကြွရွရွနဲ့ အသက်ဝင်လွန်းလှပါတယ်။

           ပါလာတဲ့ ဆရာဝန်မလေးက ''ဒီဆိုင်ကကျွန်မတို့မြို့မှာနာမည်ကြီးပါတယ်။ ရှေးယခင်က မင်းဆက်တွေလို ဆက်လာခဲ့ရတဲ့ မျိုးရိုးကလာကြသူတွေပါ။ တစ်ဆင့်တစ်ဆင့် ဒီပညာကို သင်ယူထိန်းသိမ်းခဲ့ကြရတယ်။ ဒီဆိုင်က အထည်တွေက အနုစိပ်ပြီး လက်ရာသိပ်မြောက်တယ်။ ကျွန်မတို့ ပွဲထိုင်သွားစရာရှိရင် ဒီဆိုင်မှာလာဝယ်ကြရတယ်'' လို့ရှင်းပြပါတယ်။

              ဆရာဝန်မလေးကဆက်ပြီး သူ တို့ Ào Dài ဝတ်ကြရင် အတွင်းခံဘော်လီ ခံဝတ်တတ်ကြောင်း ပြောတော့ ကျွန်မစိတ်ဝင်စားသွားပါတယ်။ ကျွန်မတို့ဆီမှာတောင် ဘော်လီဝတ်သူနည်းနေပါပြီ။

                သူ့အပြောအရတော့ သူတို့ရဲ့ အတွင်းခံဘော်လီက ရိုးရိုးရှင်းရှင်းလေးပါ။

              ရင်ခံလိုချုပ်ပြီး ကုပ်မှာကြိုးနဲ့တစ်ခါ၊ ခါးမှာနောက်တစ်ကြိုး ချည်ထားပါတယ်။ ကုပ်မှာချည်ထားတဲ့ကြိုးက ကော်လာထောင်ရှိနေတာကြောင့် ကြိုးကိုမမြင်ရပါဘူး။

             ခါးအောက်မှာ နောက်ကြိုးတစ်ကြိုးက ချည်ထားရတော့ ကျော ပြင်ကြီးပြောင်နေမှာကို တွေးမိပြီး မေးကြည့်တော့ ''ကျောပြင်ပြောင်နေတာက ဒီ Ào Dài ဝတ်တာမှာ အသား''လို့ ဖြေပါတယ်။

               ကျောပြင်ပြောင်နေတယ်ဆိုရာမှာ အသားပေါ်နေတာမျိုးမဟုတ်ဘဲ အပေါ်ကဝတ်ထားတဲ့ Ào Dài ပိုးစ ပါးပါးလေးရဲ့ အောက်မှာ ကျောပြင်ရဲ့အလှကို ဦးစားပေးတာဖြစ်မှာပါ။

             ဆရာဝန်မလေးအပြောအရ တချို့ကတော့ ဒီလိုအတွင်းခံဘော်လီမျိုး မဝတ်ကြတာလဲ ရှိပါသေးတယ်တဲ့။ ပုံသဏ္ဌာန်က တရုတ်ရှေးကားတွေမှာ အမျိုးသမီးများဝတ်ကြတဲ့ အတွင်းခံဘော်လီမျိုးနဲ့ဆင်ဆင်တူနေတာပါ။

     ဝတ်ဆင်ကြတဲ့ အမျိုးသမီးများရဲ့ ဂုဏ်ဒြပ်နဲ့လိုက်ပြီး ဝတ်ကြတဲ့ အရောင်အသားတွေကလဲကွဲပြား သေးတယ်လို့ပြောပြပါတယ်။ အရင်တုန်းက သာမန်ရိုးရိုး အမျိုးသမီးများက ချည်အဖြူအမည်းသာ နေ့စဉ်ဝတ်ကြရပြီး မင်္ဂလာဆောင်မှ အနီသို့မဟုတ် ပန်းရောင်ဝတ်ကြတယ် တဲ့။ လူကုံထံများကတော့ ပိုးစအရောင်နုနုများ ဝတ်ကြပြီး ဘုရင်မျိုးနွယ်များက ပိုးဖဲအရောင်စိုစို ဝတ်တတ်ကြတာကို သူဖတ်ဖူးကြောင်း ဆက်ပြောပါတယ်။

         ရှေးခေတ်ကဆိုရင် အိတ်သေးသေးထည့်ချုပ်ပြီး ရေမွှေးသို့မဟုတ် အမွှေးနံ့သာဆွတ်ထားတဲ့ ပိတ်စကို အိတ်ထဲထည့်ကြတယ်တဲ့။ သူပြောတော့ ကျွန်မအဘွားလေး ဘော်လီအိတ်ထဲ လက်ကိုင်ပဝါထည့်သုံးခဲ့တာကို ပြန်မြင်ယောင်မိသွားပါတယ်။

               ဆရာဝန်မလေး ပြောပြတာကို နားထောင်ပြီး ဆိုင်ထဲမှာ လိုက်ကြည့်တော့လဲ သူပြောသလိုပဲ လက်ရာတွေက နုပြီးရွရွလေးလှနေတာပါ။ ကျွန်မလဲ ရောက်တုန်း ပေါက်တုန်း Ào Dài တစ်ထည်ချုပ်ဖို့ ထိုးထားတဲ့အစတွေမှာ စိတ်ကြိုက်လိုက်ရှာရပါတယ်။

             ကျွန်မနဲ့အတူလာခဲ့တဲ့ ဟိုင်နွမ်းက အမျိုးသမီး ဆရာဝန်လဲ ရွေးလိုက် မးလိုက်နဲ့ အလုပ်ရှုပ်နေတာပါပဲ။ ကျွန်မလဲ စိတ်ကြိုက် အစတွေ့တော့ သူ့နားကပ်သွားပြီး ကျွန်မရွေးထားတဲ့ အစ ဈေးကိုမေးခိုင်းလိုက်ပါတယ်။

               သူက ကျွန်မရွေးထားတဲ့ အစ ကိုကြည့်ပြီး ''ဒေါက်တာခင် ဘာချုပ်မှာလဲ''လို့ မေးပါတယ်။

              ကျွန်မက ''ဒေါက်တာတို့ဝတ်ကြတဲ့ Ào Dài ချုပ်မလို့လေ။ ဒီအစ တစ်စဆိုရင် Ào Dài တစ်ထည်ချုပ်ရတယ်ဆို'' လို့ ပြန်မေးလိုက်ပါ တယ်။

              သူက ကျွန်မကို သေသေချာချာ ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ''ဒေါက်တာခင်ရဲ့ ကိုယ်လုံးနဲ့ ဒီ Ào Dài ဝတ်စုံနဲ့က မလိုက်ဖက်ဘူး'' တဲ့လေ။

             သူဗြောင်ပြောချလိုက်တာကို ကျွန်မအံ့သြသွားပါတယ်။ သူက သူတို့ရဲ့ အင်္ကျီက ခန္ဓာကိုယ်ပိန်ပိန် သွယ်သွယ်ဝတ်မှ အဆင်ပြေမှာဖြစ်ကြောင်း၊ ကျွန်မလို တင်ကားရင်ကြီး သူတွေဝတ်ရင် အင်္ကျီကတုပ်ပြီး ကြည့်မကောင်းဘူးလို့ ရှင်းပြရှာပါတယ်။ သူပြောတာလဲ ဟုတ်ပါတယ်။ သူတို့အမျိုးသမီးတွေက ပိန်ပိန်ပါးပါးသွယ်သွယ်လေးတွေပါ။  ကျွန်မသာဝတ်လိုက်ရင် မုန့်ဖက်ထုပ် လိုဖြစ်နေမှာကို မြင်ယောင်မိသွားပါတယ်။

            သူက ကျွန်မကိုပြောပြီး အားနာသွားတယ်ထင်ပါရဲ့။ ''ဒေါက်တာခင် ရွေးထားတဲ့ဒီဇိုင်းကလှတယ်။ Ào Dài မချုပ်လဲ အမှတ်တရဝယ်သွားပါ။ နောက်တစ်ခုခုတော့ ချုပ်လို့ရမှာပါ''လို့ပြောပါတယ်။ အဲဒီနေ့က သူကတော့ အစတွေ တော်တော်များများ ဝယ်ဖြစ်ပါတယ်။

               ညဘက်ထမင်းစားသောက်ကြရင်း သူက''ဒေါက်တာခင် ဗီယက် နမ်ဝတ်စုံဝတ်ချင်ရင် ကျွန်မတို့ဟို ချီမင်းမြို့ရောက်မှ ကျွန်မလိုက်ပြ ပါ့မယ်။ ကျွန်မတို့ရဲ့ တောင်ပိုင်းဝတ် စုံမှ ဒေါက်တာ ဝတ်လို့အဆင်ပြေ မှာပါ''လို့ ပြောပါတယ်။

         ဘယ်လိုဝတ်စုံပါလိမ့်။ ဘာပဲဖြစ်ဖြစ် ဗီယက်နမ်ဝတ်စုံတစ်မျိုးမျိုး ရရင်တော်ပါပြီ။ အမှတ်တရ တစ်ထည်လောက်တော့ဝယ်ကို ဝယ်မယ်လို့ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။

        ကျွန်မတို့ အလုပ်တာဝန်ခရီးစဉ်က ဟိုချီမင်းမြို့မှာ ပြီးဆုံးပါတယ်။  အမျိုးသမီး ဆရာဝန်လဲ သူ့ကတိအတိုင်း ကျွန်မကို အထည်ဆိုင်ခေါ်သွားခဲ့ပါတယ်။ ဆိုင်ထဲမှာ  ညဝတ်အင်္ကျီ Pajamaလို ဘောင်းဘီရှည်ပွပွနဲ့ အင်္ကျီပွပွ အရွယ်အမျိုးမျိုး အရောင်အမျိုးမျိုး ခင်းကျင်းပြသထားပါတယ်။ ချုပ်ပြီးသားတွေရှိသလို မချုပ်ရသေးတဲ့အစ အတွဲလိုက်လဲ ရှိပါတယ်။

          ကျွန်မက ဗီယက်နမ်ဝတ်စုံ ကြည့်ချင်နေတာ ဘာကြောင့် ဒီညဝတ်အင်္ကျီဆိုင်ကို ခေါ်လာပါလိမ့်။ ကျွန်မစဉ်းစားလို့ မရပါဘူး။ ကျွန်မ တွေးနေတာကို ရိပ်မိတယ်ထင်ပါရဲ့။ ''ဒေါက်တာခင် ဒါကကျွန်မတို့ရဲ့ Ao canh့ ဝတ်စုံပါ။ ကျွန်မတို့မြောက် ပိုင်းက Ao canh့ ခေါ်ကြပြီး တောင်ပိုင်းကတော့ ဒီဝတ်စုံကို Ao ba ba လို့ခေါ်ကြတယ်။ ဒါက Pajama Like costume ပါ။ ဒေါက်တာခင်က ဒါမျိုးဝတ်မှဖြစ်မှာပါ။ Ào Dài ကတော့ မသင့်တော်ဘူးလို့ ပြောနေပါတော့တယ်။ ကျွန်မလဲ ရောက်လက်စနဲ့ Ao canh ဝတ်စုံသုံးထည် ဝယ်လိုက်ပါတယ်။

        သူပြောတာ ဟုတ်ပေမယ့် ကျွန်မက သူတို့လိုလှချင်တာဆို တော့ Ào Dài ဝတ်စုံကို ဝတ်ချင်မိသွားတာပါ။ နောက်ဆုံးတော့ Ào Dài ချုပ်ဖို့ နဂါးရုပ်လုံးကြွထိုးထားတဲ့ ရွှေချည်ထိုးပိတ်စ ခပ်အိအိလေးကို ဝယ်ဖြစ်အောင် ဝယ်လာခဲ့ပြီး ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်တဲ့ မြန်မာဝတ်စုံ ချုပ်လိုက်ရပါတော့တယ်။ သူတို့ ဝတ်စုံလို ရွှေနဂါးရုပ်ကို ရှေ့မှာထားရတာဆိုတော့လဲ အစဉ်ပြေမယ့် စကပ်ထဘီအဖြစ် အသွင်ကူးပြောင်း သွားရပါတော့တယ်။


ဈေးကွက်ဂျာနယ်တွင် ဖော်ပြထားသော ဆောင်းပါးဖြစ်သည်။
http://www.zaygwet.com/diary.php?id=38
---

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved