မင်းသား ဟယ်ရီကို တာလီဘန်တွေ ပစ်မှတ်ထား တိုက်ခိုက်နေ

Monday, September 17, 2012


ဓာတ်ပုံ-The sun
ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ ဟယ်လီကော်ပတာ ( ရဟတ်ယာဉ်) မောင်းသူ အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာကို တာလီဘန်တွေက သူ့ကို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။
သူ့ကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ကြွေးကြော်ထားပြီး စက်တင်ဘာ ၁၅ ရက်နေ့ ညက တိုက်ခိုက်မှု လုပ်ခဲ့တာပါ။

ဆက်တိုက်ဆိုသလို မင်းသား ဟယ်ရီအခြေဆိုက်တဲ့ စစ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ပြီး မဟာမိတ် တပ်သား ၂ ဦး ကျ ဆုံး သွားခဲ့ပေမယ့် ဟယ်ရီကတော့ သူ့ရဲ့ မစ်ရှင် ( တာဝန်ထမ်းဆောင်မှု) သက်တမ်းကို မရပ်နားဘူးလို့ ဆိုပါတယ်။

တကယ်တော့ ဟယ်ရီဟာ လွန်ခဲ့တဲ့ တနေ့ကမှ အသက် ၂၈ နှစ်ထဲကို ရောက်လာတာပါ။ သူကတော့ အကြမ်းဖက်သမား တွေကို ကြောက်ပြီး ထွက်ပြေးမှာ မဟုတ်ဘူးလို့ သန္တိဌာန် ချထားခဲ့တယ်လို့ဆိုပါတယ်။

အစောပိုင်း သတင်းတွေမှာ ဟယ်ရီဟာ အာဖဂန်မှာ တာဝန်ထမ်းဆောင်တာကို အချိန်စောပြီး ပြန်နိုင်တယ် လို့ ရေးသားထားခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

“ ငါတို့ မင်းသား ဟယ်ရီ စခန်းချတဲ့ နေရာကို တိုက်ခိုက်ခဲ့တယ်။ ငါတို့ရဲ့ ဒေါသကို သူတို့ သိနိုင်ပါတယ်” လို့ တာလီဘန်တွေက ကြေညာခဲ့ပါတယ်။

မကြာသေးမီက အစ္စလာမ်ဘာသာရေးကို ထိပါးစော်ကားတယ်ဆိုပြီး မွတ်ဆလင်ကမ္ဘာက ဒေါသထွက်စေခဲ့တဲ့ ဗီဒီယို ဇာတ်လမ်း ထွက်ပေါ်လာပြီးမှာ တာလီဘန်တွေက တိုက်ခိုက်မှုတွေကို ပိုမြှင့်လာတာပါ။

ဟယ်ရီရဲ့ တပ်စခန်းက ဗိုလ်မှူးချုပ် Gunter Katz က တော့ အခုလို တာလီဘန်တွေရဲ့ ခြိမ်းခြောက်ပြောဆိုမှုကို “ဒီဟာက အခု ဒီမှာ စစ်ပွဲတွေမှာ အရေးနိမ့်နေတဲ့ တာလီဘန်တွေအနေနဲ့ ၀ါဒဖြန့်တဲ့ အလုပ်လုပ်တာ ရှင်းနေ တာဘဲ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့သောကြာနေ့ကတော့ မော်တာတွေ၊ ဒုံကျဉ်တွေနဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်ပြီးချိန်မှာ
တော့ သောင်းကျန်းသူ ၁၈ ဦးကို အသေရရှိပြီး၊ ဒဏ်ရာရနေတဲ့ တယောက်ကိုတော့ စစ်သုံးပန်းအဖြစ် အာဖဂန် မဟာမိတ်တပ်တွေက ဖမ်းခဲ့ပါတယ်တဲ့။

မင်းသား ဟယ်ရီ အခြေစိုက်တဲ့ စခန်းနဲ့ ၁ မိုင်လောက်ဝေးတဲ့ အမေရိကန် ဌာနတခု အခြေစိုက်တဲ့နေရာကို ဘန်တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့တုန်းက အမေရိကန် မရိန်းတပ်သား ၂ ဦး ကျဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာ ရခဲ့ရပါတယ်။ ဒီအပြင် အမေရိကန် ဟယ်လီကော်ပတာ ၅ စင်း ဖျက်ဆီးခံခဲ့ရပြီး အခြားယာဉ် အမျိုးအစား ၃ စင်းလည်း ပျက်ဆီးခဲ့ပါတယ်။

ဟယ်ရီကတော့ တာဝန်ထမ်းဆောင်ရာ စခန်းကို လွန်ခဲ့တဲ့ ၉ ရက်က စတင်ရောက်ခဲ့တာပါ။ သူဟာ ၄ လ ကြာ အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ် တွဲဖက် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်မှာလည်းဖြစ်ပါတယ်။

ဘောစနီးယား စစ်ပြန်ဟောင်းလည်းဖြစ် ယခု ပါလီမန်အမတ်တဦးဖြစ်သူ Bob Stewart က တာလီဘန်တွေ နဲ့ပတ်သက်ပြီး ပြောရာမှာတော့ သူတို့ဟာ ငရဲပြည်ကို သက်ဆင်းကြရမယ်ဆိုပါတယ်။

“ဟယ်ရီကလည်း အဲဒီကို သွားချင်တယ်။ ကျနော်တို့ စစ်သားတွေကလည်း သူ့ကို အဲဒီမှာ ရှိစေချင်တယ်။ သူ နေသင့် ပါတယ်” လို့ သူက ဆက်ပြောထားတာပါ။


မင်းသား ဟယ်ရီနဲ့ပတ်သက်တဲ့ သတင်းရုပ်မြင်သံကြားကိုလည်း အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved