ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

Wednesday, September 19, 2012



မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း ကြောင့် မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ။ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့် ပတ်ဝန်း ကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာပါတယ်။



အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန် လူမျိုးတွေ ကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ထေရ၀ါဒ

ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန် မြောက်ပြီး သောအခါ အရှင်မဟာကဿပ ဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင် ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်း မရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။

အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့် စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ

မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့် အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင် တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ်။

-- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူ တို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ
အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်။ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။

ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။

အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်။

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်း အလွယ် တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။

မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်။

မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင် ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အား ကြီးမားစေ ခဲ့သည်။

အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။

( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )
ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်။

ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင်ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး။

ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး။

ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။
သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ် ပညတ်တော် မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -

၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -

Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊

Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်

(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။

ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊ မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။

ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။

(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး။

(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။
ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။

မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုး လိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။

စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ )

ကိုးကား --

စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula
ဒေါက်တာ ၀ါလ်ပိုလ်လာ ရာဟုလာ ရဲ့ အမြင်များကိုလည်း ဒီနေရာမှာ http://www.kusala.org/udharma3/theramaya.html လေ့လာနိင်ပါသေးတယ်။



8 comments :

  1. Anonymous said... :

    သပိတ်အိုင် ဆရာတော်ကြီး ဟောထားတာနဲ့ ထပ်တူပါပဲ။ ကျေးဇူးတင်ပါတယ်။ ပိုပြီးရှင်းသွားပါတယ်။

  1. Anonymous said... :

    လျှောက်ရေးထားတယ် မဟာယာနကို ဘယ်လောက် လေ့လာဘူးလို့လဲ

  1. Anonymous said... :

    359မဟာယာနနိုင်ငံများမှ ဗုဒ္ဓဘာသာများ အားတက်သရော လာရောက်လှူဒါန်းကြသော အလှူငွေများ၊ ပစ္စည်းများကို ထေရ၀ါဒကိုးကွယ်ရာမှာ ထိပ်တန်းဟုဆိုသော မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနမှ ခိုးကြ၊၀ှက်ကြ၊ အပျောက်ရိုက်ကြနဲ့ တရားကမြတ်ပြီး လူတွေက ယုတ်မာနေပါသည်ဘုရား။
    စင်္ကာပူရွှေဘု၇ားကျောင်းဆရာတော်ဆိုတာ မဟာယာနပါဘုရား။ သူ မြန်မာပြည်ကြွလာလျှင် တောင်းကြ၊ ရမ်းကြ၊ အလှူခံကြနဲ့ ထေရ၀ါဒတို့လုပ်ပုံကား ရှက်စရာကောင်းလှပါသည်။
    သာသနာရေးဌာနက စစ်ဝတ်လဲ အ၇ာရှိများနဲ့၊ ဘုန်းကြီးလူထွက် သာသနာရေးအရာရှိများက မဟာယာနအဖွဲ့တွေထံမှ အလှူငွေတွေလက်ခံ၊ သူတို့ လှူပေးမည်ဆိုပြီး သင်္ကန်းအညံ့စားများကို လှူပြီး ငွေတွေကို နည်းမျိုးစုံနဲ့ ရိတ်ကြပါသည်။
    ကပ်ဘေးအန္တရာယ်ကျရောက်လျှင်လည်း မဟာယာနတို့က အလျင်အမြန် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး ထေရ၀ါဒထိပ်ခေါင် မဟနဆရာတော်ကြီများကား ဘယ်နေရာမှာ အိပ်ပျော်နေမှန်းမသိပါဘုရား။
    မဟာယာနများနဲ့တွေ့တိုင်း သာသနာရေးဝန်ကြီးဌာနမှ စောရသက်ပြင်းများ
    အကြောင်းကို ပြောကြလွန်းလို့ ရှက်လှသဖြင့် ရေးလိုက်ရပါသည်။
    အမှားမြင် အမှန်ပြင်ကြဘို့။ ထေရ၀ါဒကို အိုးမဲ မသုတ်ဘို့ လျှောက်ထားခြင်းပါ အရှင်ဘုရား။

  1. Anonymous said... :

    အရမ်းကျေးဇူးတင်ပါတယ်သိခွင့်ရတဲ့အတွက်

  1. Unknown said... :

    သိချင်တာကို သိစေတဲ့ အတွက် ကျေးဇူးတင်ပါတယ်

  1. Shonin said... :

    သဒ္ဓမ္မပုဏ္ဍရိကသုတ်နဲ့ အရှင်နာဂဇုနဟာ ဘာမှမဆိုင်ပါဘူး။ သဒ္ဓမ္မပုဏ္ဍရိကသုတ်ဟာ တထဂတဂဗ္ဘ (Buddha Nature) အယူအဆရဲ့ အဓိက သုတ္တန်ဖြစ်ပြီး အရှင်နာဂဇုနဟာ မဇ္ဈိမိကဂိုဏ်းဝင်ဖြစ်ပါတယ်။ တထဂတဂဗ္ဘဟာ ယောဂါစာရရဲ့အဆက်အနွယ် ဖြစ်ပါတယ်။

  1. Shonin said... :

    နံပါတ် ၁ စလွဲတာကတော့ မဟာယာနဟာ ဒုတိယသံင်္ဂါယနာကစတဲ့ဆိုတဲ့ အဆိုပါဘဲ။ မဟာယာနအစကို ဘယ်သူမှ တိတိကျကျမထုတ်ဖော်နိုင်သေးသလို ဒုတိယသင်္ဂါယနာဘာကြောင့်တင်ရသလဲဆိုလည်း ဘယ်သူမှသေသေချာချာမပြောနိုင်သေးပါဘူး။ စာထဲက ဒုတိယသင်္ဂါယနာဟာ အဓမ္မ၀တ္ထုဆယ်ပါးကြောင့် တင်ရတယ်လို့ဆိုပါတယ်။ ဒါဟာ ဒီပ၀ံသလာအဆိုဖြစ်တယ်။ ထေရ၀ါဒအစဉ်အလာအရ လက်ခံထားတာဖြစ်တယ်။ ဒီအဆိုမှန်မမှန်သိဖို့ကတော့ မဟာသံဃိက၀ိနည်းမှာ ဒီအချက်တွေပါမပါသွားကြည့်ဖို့ဘဲ။ ဒါပေမယ့် မဟာသံဃိက၀ိနည်းဟာ Taisho ပိဋိကတ်မှာ တရုတ်ဘာသာနဲ့ရှိတယ်။ အင်္ဂလိပ်လို့မပြန်ရသေးဘူး။ ဒီတော့ မူရင်းသွားဖတ်မှဘဲရမယ်။ နောက်ပြီး ဒုတိယသင်္ဂါယနာမှာ မဟာသံဃိကနဲ့ကွဲတဲ့ ဂိုဏ်းကို ထေရ၀ါဒလို့မှတ်ယူဖို့မသင့်ပါဘူး။ စထ၀ီရ၀ါဒလို့ဘဲ ခေါ်သင့်ပါတယ် (စထ၀ီရဟာ သက္ကတဘာသာနဲ့ ထေရကိုခေါ်ခြင်းဖြစ်တယ်။ ဒါပေမယ့် စထ၀ီရ၀ါဒကနေ ထပ်ကွဲတဲ့ ဂိုဏ်းတွေအများကြီးရှိသလို ထေရ၀ါဒရယ်လို့ ပီပီပြင်ပြင်ဖြစ်လာတာဟာ သီရိလင်္ကာရောက်မှ ပေါ်ထွန်းလာတာဖြစ်တယ်။) ဒုတိယသံင်္ဂါယနာအကြောင်း ရှေးအကျဆုံးမှတ်တမ်းဖြစ်တဲ့ မဟာသံဃိကဂိုဏ်းရဲ့ သာရိပုတ္တရာပဋိပက္ခကျမ်းမှာတော့ ၀ိနည်းကို ထပ်မံတင်းကြပ်လိုတဲ့ စထ၀ီရ၀ါဒီတို့နဲ့ ၀ိနည်းကို ရှိဆဲအတိုင်းထားရှိလိုတဲ့ မဟာသံဃိကတို့ကွဲတယ်ဆိုပြီး ရေးသားထားပါတယ်။ ထေရ၀ါဒလိုဘဲ စထ၀ီရအနွယ်ဝင်ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်းအလိုအရကတော့ အရှင်မဟာဒေ၀ရဲ့ ရဟန္တာနဲ့ပတ်သက်ပြီး တင်သွင်းတဲ့အချက်ငါးချက်ကြောင့် လက်မခံသူတွေက စထ၀ီရ၊ လက်ခံသူတွေက မဟာသံဃိကဆိုပြီးကွဲခဲ့တယ်လို့ ဆိုပါတယ်။

    မဟာယာနရဲ့ ရှေ့ဆောင်လမ်းပြမထေရ်တွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ယောဂါစာရအဘိဓမ္မာကို ဖော်ထုတ်ခဲ့သူ အရှင်အသင်္ဂနဲ့ အရှင်ဝသုဗန္ဓုညီနောင် နှစ်ပါးဆိုရင် စထ၀ီရ၀ါဒီအနွယ်ဝင် သဗ္ဗတ္ထိဝါဒဂိုဏ်းဝင်တွေဖြစ်တယ်။ ဒါ့အပြင်ယခုလက်ရှိ မဟာယာနသာသနာမှာ စောင့်ထိန်းနေတဲ့ ၀ိနည်းတွေဟာ ဓမ္မဂုတ္တကနဲ့ မူလသဗ္ဗတ္ထိဝါဒ၀ိနည်းတွေဖြစ်တယ်။ ဒီနှစ်ဂိုဏ်းလုံးဟာလည်း စထ၀ီရ၀ါဒဂိုဏ်းကွဲတွေဖြစ်တယ် (ဓမ္မဂုတ္တကဂိုဏ်းဟာ အသောကမင်းကြီးစေလွှတ်ခဲ့တဲ့ သာသနာပြုမထေရ်တွေထဲက တစ်ပါးကနေ ဆင်းသက်လာတယ်လို့ အဆိုရှိတဲ့ ပညာရှင်တွေရှိတယ်)။ နောက်ပြီးတရုတ်ခရီးသွားရဟန်းတော်တွေ မှတ်တမ်းတွေမှာ မဟာယာနနဲ့ ဟိနယာနအနွယ်ဝင်ရဟန်းတွေ တစ်ကျောင်းတိုက်ထဲမှာ ရောနှောသတင်းသုံးကြကြောင်း၊ အထူးသဖြင့် အရှင်ဖာဟီယန်မှတ်တမ်းမှာဆိုရင် သီရိလင်္ကာမှာ မဟာယာနထေရ၀ါဒီတွေရှိကြောင်း မှတ်တမ်းတွေရှိပါတယ်။ ဒါကြောင့် မဟာယာနဟာ မဟာသံဃိကဂိုဏ်းက ဆင်းသက်လာတယ်ဆိုတဲ့ အဆိုဟာ မသင့်လျှော်ပါ။ နောက် မဟာယာနကိုယ်တော်တွေ အိမ်ထောင်ပြု၊ အရက်သောက်တယ်ဆိုတာ ဘိက္ခူရဟန်းတွေမဟုတ်ကြပါဘူး။ လာမားဆိုရင်လည်း လူလားမား၊ ဂျပန်မှာဆိုရင်လည်း Priest တွေဖြစ်ကြတယ်။ ရဟန်းဘိက္ခူတွေမဟုတ်ကြပါဘူး။ တိဗက်၊ ဘူတန်၊ မွန်ဂိုလီယား အစရှိတဲ့ ၀ိဇရယာနဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေမှာ မူလသဗ္ဗတ္ထိဝါဒ၀ိနည်းကို စောင့်ထိန်းကြပြီး သိက္ခာပုဒ် ၂၅၃ ရှိပါတယ်။ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်တို့မှာတော့ ဓမ္မဂုတ္တက၀ိနည်းကို စောင့်ထိန်းကြပြီး သိက္ခာပုဒ် ၂၅၀ ရှိပါတယ်။ ဂျပန်မှာ ၀ိနည်းရယ်လို့မရှိတော့တာကတော့ ၁၉ ရာစု မေဂျီပြောင်းလဲရေးတွေမှာ မင်းအာဏာနဲ့ အိမ်ထောင်ပြုခွင့်၊ ၀ိနည်းစောင့်ထိန်းရန်မလိုအပ် စသဖြင့် အမိန့်ထုတ်ပြန်ခဲ့လို့ဖြစ်ပါတယ်။

    နောက် သဒ္ဓမ္မပုဏ္ဍရိကသုတ်နဲ့ အရှင်နာဂဇုနဟာ ဘာမှမဆိုင်ပါဘူး။ သဒ္ဓမ္မပုဏ္ဍရိကသုတ်ဟာ တထဂတဂဗ္ဘ (Buddha Nature) အယူအဆရဲ့ အဓိက သုတ္တန်ဖြစ်ပြီး အရှင်နာဂဇုနဟာ မဇ္ဈိမိကဂိုဏ်းဝင်ဖြစ်ပါတယ်။ တထဂတဂဗ္ဘဟာ ယောဂါစာရရဲ့အဆက်အနွယ် ဖြစ်ပါတယ်။

    နောက်ဆုံးတစ်ချက်ကတော့ အစမှာပြောခဲ့တဲ့ ဒုတိယသင်္ဂါယနာမှာ မဟာသံဃိကနဲ့ကွဲတဲ့ ဂိုဏ်းကို ထေရ၀ါဒလို့မှတ်ယူဖို့ မသင့်တာပါဘဲ။ သီရိလင်္ကာမှာ ပါဠိပိဋိကကို လက်ခံခဲ့တဲ့ ဂိုဏ်းသုံးဂိုဏ်းရှိခဲ့တယ်။ မဟာဝိဟာရဂိုဏ်း၊ ဇေတ၀န်ဂိုဏ်းနဲ့ အဘယဂီရိဂိုဏ်းတို့ဖြစ်ကြတယ်။ ဇေတ၀န်နဲ့ အဘယဂီရိဂိုဏ်းတို့ဟာ မဟာယာနသုတ္တန်တွေနဲ့ အဋ္ဌကထာတွေကိုပါ လက်ခံခဲ့ကြတယ်။ မဟာဝိဟာရဂိုဏ်းက လက်မခံခဲ့ပါ။ နောက်ဆုံးမှာ မဟာဝိဟာရဂိုဏ်းဟာ မင်းရဲ့ အားပေးမှုကို ခံရတာကြောင့် ကျန်နှစ်ဂိုဏ်းကို လွှမ်မိုးခဲ့တယ်။ ဒီ မဟာဝိဟာရဂိုဏ်းကနေမှ ထေရ၀ါဒရယ်လို့ ဖြစ်လာဖြစ်တယ်။ ထေရ၀ါဒပိဋိကဟာ စတုတ္ထသံင်္ဂါယနာတင်တဲ့ အချိန်ကစပြီး ယခုအချိန်ထိမပြောင်းမလဲ ရှိတယ်ဆိုရင်တော့ လက်ခံနိုင်ပေမယ့် ဘုရားလက်ထက်တော်က အတိုင်းမပြောင်းမလဲဆိုရင်တော့ စဉ်းစားစရာရှိပါတယ်။ နိကယ်ငါးရပ်ကိုတော့ ယူဆနိုင်ပါတယ် (မဟာယာန ပိဋိကတ်မှာ နိကာယ်တွေကို အဂါမလို့ခေါ်ပါတယ်။ Taisho ပိဋိကတ်မှာ တရုတ်ဘာသာနဲ့ရှိပါတယ်။ ဘာသာပြန်ကြဆဲပါ)။ နောက်ပြီး မိလိန္ဒပဥှာဆိုရင် မူရင်းဟာ သက္ကတဘာသာနဲ့ ရေးခဲ့တဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ ကျမ်းစာဖြစ်တယ်လို့ ပညာရှင်တွေရဲ့ သုံးသပ်မှုတွေရှိပါတယ် (သဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ မိလိန္ဒပဥှာဟာလည်း Taisho ပိဋိကတ်မှာရှိပါတယ်။ ထေရ၀ါဒရဲ့ မိလိန္ဒပဥှာထက် ပိုတိုပါတယ်)။ မိလိန္ဒပဥှာကို မြန်မာ ထေရ၀ါဒ ပိဋိကတ်မှာဘဲ လက်ခံထားပြီး ထိုင်းနဲ့ သီရိလင်္ကာ ပိဋိကတ်တွေမှာ လက်မခံထားပါ။

  1. Unknown said... :

    ကျေးဇူးအထူးတင်ရှိပါသည်။ အပြန်အလှန်ဆွေးနွေးမှုများဖတ်ရသည့်အတွက် အဖိုးမဖြတ်နိုင်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved