~
သန်းထွန်း(စကု) ~
"ကွက်စိပ်ဆိုတာ စင်ပေါ်ကနေဟောတဲ့ စာဟောနှုတ်ပညာဟု ဒက်ခနဲဖြေနိုင်မည့်သူ အတော်နည်းပါးပါလိမ့်မည်"
ကွက်စိပ်ဆိုတာ ဘာလဲမေး လျှင် မြေတိုင်းပညာရှင်က ကွန်ပါကို ထောင်ပြကာ ဒါနဲ့တိုင်းတဲ့ဟာပေါ့ ဟု ပြောသလို ရက်ကန်းသမားက အတိုင် အဖောက်ချည်ကို အကွက် သေးသေးနဲ့ ရက်တာပေါ့ဟု ပြောပါလိမ့်မည်။ သူ့ရှုထောင့်ကသူကြည့်လျှင် မမှားကြပါ။ ဒါပေမယ့် ကွက်စိပ်ဆိုတာ စင်ပေါ်ကနေဟောတဲ့ စာဟောနှုတ်ပညာဟု ဒက်ခနဲဖြေနိုင်မည့်သူ အတော်နည်းပါးပါလိမ့်မည်။ ဘာကြောင့်လဲဆိုလျှင် ကွက်စိပ်သည် လူထုနှင့် ဆယ်စုနှစ်လေး၊ ငါးကြိမ်မက အလှမ်းကွာခဲ့ သောကြောင့်ဖြစ်ပါသည်။ အသက် ၅ဝ ကျော် လူကြီးပိုင်းကို မေးလျှင် အတော်များများ ခေါင်းခါကြပါလိမ့်မည်။
ကျွန်တော်တို့ ကလေးအရွယ်က ကားလမ်းလယ်ခေါင်မှာ လေးချောင်းထောက်ကုတင်ပေါ်မှာ ခေါင်း အုံးနှစ်လုံးဆင့်၊ မှီအုံး၊ ထွေးခံ၊ အောက်လင်းဓာတ်မီးအိမ်အောက်မှာ ဆရာတစ်ဦး စာဟောခဲ့တာကို ခပ်ရေးရေး၊ ခပ်မှေးမှေး သတိရနေပါ သေးသည်။ ဆရာမောင်ထင်၏ ဆောင်းပါးတစ်ပုဒ်တွင် သူ့ဇာတိ လပွတ္တာမြို့၌ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလများတွင် ကွက်စိပ် ဆရာများ ဟောသည်ကို နာခဲ့ရကြောင်း။ အသက်နည်းနည်းကြီးလာသည့်အချိန်တွင် ဥပကနှင့် ဆာဝါဟောစာကို ရွတ်ရင်း ငယ်ငယ်က ကွက်စိပ်ကို လွမ်းသလိုလို ရှိလာကြောင်း ရေးသားချက်ကို ဖတ်ရဖူးပါသည်။
ရတနာပုံခေတ် နှောင်းပိုင်းတွင် စိန်၊ ဗေ၊ ရီ၊ ကြွယ်၊ ကြော့၊ ဘယ်တော့မှ မမုန်းနိုင်ဟူသော စကားစဉ် ရှိခဲ့ပါသည်။ ဇာတ်သဘင်တွင် ဦးဘိုး စိန်၊ ဆိုင်းပညာတွင် ဦးဗေဒါ၊ ကွက်စိပ်ဟောရာတွင် ဆရာရီ၊ ရုပ်သေးပညာတွင် ဦးကြွယ်ကြီးနှင့် ဦးဘကျော့တို့အားပရိသတ်က စွဲလမ်းခဲ့သည်ကို သင်္ကေတပြုမှတ်သား ထားခြင်းဖြစ်ပါသည်။ ကွက်စိပ်စာဟောပညာသည် ရတနာပုံခေတ်ကတည်းက ရှိခဲ့သော ရိုးရာနှုတ်မှုပညာဖြစ်ပါသည်။ အချို့ဆရာများက သာချင်းများသည် ကွက်စိပ်၏ ရှေ့ပြေးဟု ယူဆခြင်းများလည်း ရှိပါ သည်။
ကွက်စိပ်၏ မူလသည် ဟောစာ ဟုယူဆသည်များလည်း ရှိပါသည်။ ရှေးခေတ်က ဘုန်းတော်ကြီးကျောင်း များတွင် ဆရာတော် ဘုန်းတော်ကြီးများက ဇာတက အသွားများ ဟောကြားသည်ကို အမှတ်အသားကောင်းသူ၊ အပြောကောင်းသူများက တစ်ဆင့် ဖောက်သည်ချ၍ ပြန်ပြောရာက စသည်ဟု ဆိုပါသည်။ ဘုန်းတော်ကြီးက ယပ်တောင်လေနှင့် ခပ်လေးလေး ခပ်မှန်မှန် ဟောကြားသည်ကို လူပုဂ္ဂိုလ်အချင်းချင်း သံနေသံထား၊ အဖြတ်အတောက် အနိမ့် အမြင့်နှင့် ပြန်ပြောရာက အစပြုသည်။ လူ ကြိုက်များလာပြီး နောက်ပိုင်း စင်ပေါ်တက်ဟောရာက ဟောစာမှသည် စာဟောဟုပြောင်းလဲခေါ်ခြင်း ဖြစ်မည်ဟု ခန့်မှန်းသုံးသပ်ရပါ သည်။ စာဟော အပြောကောင်း သူနှင့်ကြုံကြိုက်ပါက ရိုးရိုးစင်းစင်း ဇာတ်သွားပင်လျှင် လွမ်းစရာဖြစ်လာပါသည်။ ဆရာကြီးရွှေပြည် ဦးဘတင်၊ ဦးဇင်း ဦးစန္ဒိမာဘဝက ဝေဿန္တရာဇာတ်ကို ဟောရာတွင် အဟောအပြော ပိုင်လှသဖြင့် တရားနာသူတိုင်း ငိုကြရကြောင်း ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)က အမှတ်တရ ပုဂ္ဂိုလ်များစာအုပ်တွင် ရေးသားခဲ့ဖူးပါသည်။
ကွက်စိပ်စာဟောပညာသည် ရတနာပုံခေတ်တွင် ရှိခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် ပညာနန္ဒ ဆိုသော ကွက်စိပ်ဆရာကြီးရှိခဲ့ဖူးသကဲ့သို့ သီပေါမင်းလက်ထက်တွင် ဆရာဥ ရှိခဲ့သည်။ ဆရာဥနှင့်ခေတ်ပြိုင်မှာ ဆရာကျီးဖြစ်သည်။ ပထမပိုင်းတွင် ဆိုင်းမပါဘဲ အလွတ်ဟောခဲ့သော်လည်း နောက်ပိုင်းတွင် အဆို၊ အငိုပညာများကို ဆိုင်းပညာဖြင့် ပံ့ပိုးမှု ယူခဲ့ကြောင်းသိရပါသည်။ ဦးဘိုးစိန်နှင့်ခေတ်ပြိုင် ကွက်စိပ်ဆရာ ဆရာဥ၏ တပည့်မှာ ဆရာရီဖြစ်ပါသည်။ ဆရာရီ၏တပည့်မှာ ခေတ္တရာစိန်ဖြစ် သည်။ ခေတ္တရာစိန်ကန်တော့ခန်း၌ နဂရာပြည်ကြီးက အဘဆရာရီကြီးအားလည်းကောင်း၊ သောတရှင်တို့ ၏ မေတ္တာမမှိန်တဲ့ ကျွန်တော် ခေတ္တရာစိန်သည် ဟု ထည့်သွင်း ပြောကြားသွားသည်ကို မှတ်မိနေပါသည်။ ဆရာဥသည် မင်းကုသကွက်စိပ်နှင့်ပတ်သက်၍ ဆရာဥက ကွက်စိပ်ဆိုတာ နား၏တန်ဆာကိုးဗျ။ ကြားသည့်အခါ ရမ္မက်စွဲ၊ တစ်ချက်တည်း ဘဝင်တွေ့၊ အစဉ် အရွေ့မပျက်ဘဲ၊ အသရေတက်၍ နားဝင်သာအောင်၊ လင်္ကာဝယ် ကာရန်စွက်၊ ဆရာအန် အသွက်သွက် လက်ခြေဟန်တို့ဖြင့် ပြက်ရယ်ရန် ပြောပြပါတော့မယ် ဟု မင်းကုသ ကွက်စိပ်နိဒါန်းတွင် ဖွင့်ပြခဲ့သည်။
ဆရာဥသည် ကွက်စိပ် ဟောရာ တွင် လက်တန်းဟောခြင်း မဟုတ်ဘဲ ဟောပြောသည့် အကြောင်းအရာနှင့် ပတ်သက်၍ ကိုယ်တိုင် စနစ် တကျ ရေးသားပြီးမှ ကျက်မှတ် ဟောပြောသည်ဟု ဆိုပါသည်။ ဆရာဥ၏ ကွက်စိပ်ဟောပုံကို ဇာတ်ဆရာ ဦးဖိုးစိန်က သဘောကျသဖြင့် ကြိုက် ဈေးဖြင့် ဇာတ်ထဲလိုက်ရန် ခေါ်ခဲ့ သည်။ ဆရာဥက ပညာမာနဖြင့် ငါက ပိုက်ဆံရတိုင်းလုပ်တဲ့လူ မဟုတ်ဘူးပြောသဖြင့် ဆရာဥထံ ချဉ်းကပ်၍ ပညာယူလိုကြောင်းပြောခဲ့သည်ဟု မှတ်သားဖူးပါသည်။ ဆရာဥသည် မင်းကုသ ကွက်စိပ်တွင် ပရိသတ်ကိုမိတ်ဆက်ဂါရဝပြုရာ၌ အောက်ပါအတိုင်း ပြောခဲ့သည်ကို တွေ့ရသည်။
ပရိသတ်များစွာ မှတ်သားနာစေဖို့ မြတ်ဘုရားဘဂဝါသုတ်ဓမ္မခန်ကို အဟုတ်အမှန် ကဗျာဝစနတို့နဲ့ ဆရာက ထင်စွာပြပါ့မယ်။ ပညာရလိုသဖြင့် တစ်နယ်တစ်ရပ် ခရီးက ငယ်လတ်အကြီး ကြွလာသမျှတို့ကို သ, ဂါရဝ ရိုသေစွာဖြင့် ထိုနေရာက အဆင်မသင့်တော့၊ ပလ္လင်အမြင့်က အားနာစရာဖြစ်သော်လည်း၊ တရား ဘာဝနာလှစ်ရမှာမို့ တစ်နေ့တစ်ရက်၊ တစ်နာရီ ကြီးသမျှ မိတ်သဟာ အပေါင်းတို့ကို အနိဋ္ဌာရှောင်းလို့မို့၊ အဝေရာဖြစ်ကြပါစေလို့ စေတနာအစစ်နဲ့ ဂါရဝဆက်သွယ်ပေါင်းပြီး၊ လက်ဆယ်ချောင်း ဦးထိပ်တင်၊ မြူးစိတ်ရွှင် ပဏာမနဲ့ စာသဖို့ အကြောင်းခံပြီး၊ တောင်းပန်လိုက်ပါ၏။ စာနာသူ သဘာကြွပါတဲ့၊ ကလျာဏ မိတ်ဆွေအပေါင်း သူတော်ကောင်း အပေါင်းတို့ခင်ဗျား။
ဆရာဥတို့ခေတ်တွင် ကွက်စိပ် အပြိုင်ဟောပွဲတွေ ရှိခဲ့သည်။ ဆရာဥသည် သူနှင့်ခေတ်ပြိုင် ဆရာကျီးနှင့် ပြိုင်ကြရာတွင် ဆရာဥ အရေးနိမ့်ခဲ့လေသည်။ ဆရာကျီးက ကြက်ဥကို ကျီးဖောက်သလို ဖြစ်ကြောင်း ခပ်နှိမ်နှိမ် ကလိလိုက်လေသည်။ ဆရာဥကလည်း ရွှေကြက်ဥ ထီးနန်းကြိုက်၊ ကျီးကန်းမိုက်၊ ဖောက်ခွာ အစချီပြီး မစင်လူးထားသောဝက်ကို ခြင်္သေ့က အရှုံးပေးသည့် နည်းလမ်းအတိုင်း မတူမတန်၍ အလျှော့ပေးခြင်းဖြစ်ကြောင်း ပြန်ပက်ခဲ့ဖူးလေသည်။
နောက်ဆရာတစ်ဦးမှာ ဦးဖူးခေါင်ဖြစ်သည်။ ဦးဖူးခေါင်သည် ဒုဋ္ဌ ဂါမဏိကွက်စိပ်၊ ခန္ဓပူရကွက်စိပ်တို့ ကို ရေးသားခဲ့ပါသည်။ ကွက်စိပ်ဆရာကြီး ဦးဖူးခေါင်နှင့် ပတ်သက်၍ ဆရာကြီးဆင်ဖြူကျွန်းအောင်သိန်းက ရနံ့သစ်မဂ္ဂဇင်းတွင် ရေးသားခဲ့ဖူးပါသည်။ ဦးဖူးခေါင်၏ ဇာတိနှင့် ပတ်သက်ပြီး ဝန်းသိုနယ် ဖလဲတန်းဟု ဖော်ပြထားသည်။ ကျွန်တော်သည် ဝန်းသိုတွင် ငါးနှစ်မျှ တာဝန်ထမ်း ဆောင်ခဲ့ဖူးသော်လည်း ဦးဖူးခေါင်နှင့် ပတ်သက်၍ ထူးထူးခြားခြား ပြောပြနိုင်သူ မတွေ့ခဲ့ရပေ။
"ယခုအခါတွင် ကွက်စိပ်ပညာကို ဆိုကရေးတီး ပြိုင်ပွဲများတွင် ဘာသာရပ်တစ်ခု အနေဖြင့် ပွဲထုတ်လာသဖြင့် ပညာရှင်ကြီးများ ကိုယ်စား ဝမ်းမြောက်ခဲ့ရပါသည်"
အလျဉ်းသင့်သဖြင့် ဦးဖူးခေါင် ရေးသားခဲ့သည့် ဘုန်းကြီးပင့် စာတစ်စောင်ကို တင်ပြလိုပါသည်။ ဘုန်းကြီးပင့်စာကို လူတိုင်း မရေးတတ်ကြပါ။ အတွေ့အကြုံရှိသည့် စာတတ်ပေတတ် လူပုဂ္ဂိုလ်များကို ချဉ်းကပ်၍ အကူအညီတောင်းလေ့ ရှိကြသည်။ ဆရာကြီးဦးဖူးခေါင်တွင် ဦးဆင့်၊ ဇနီး ဒေါ်ဖွားခြုံနှင့် ဦးစောဟု လူအမည်တွင်နေသော သူငယ်ချင်း သုံးယောက်ရှိသည်။ ဦးဆင့်မှာ အိပ်ပျော်လျှင် အလွန်ဟောက်တတ်သဖြင့် သူငယ်ချင်းများက ဟောက်ဆင့်ဟု ကင်ပွန်းတပ်ထားကြသည်။ တစ်နေ့တွင် ဦးဆင့်က သူ့အိမ်တွင် အလှူရှိသဖြင့် ဘုန်းကြီးစောအား ပင့်လိုကြောင်း ဦးဖူးခေါင်အား ပင့်စာရေးခိုင်းသည်။ ဦးဖူးခေါင်ရေးပေးလိုက်သည့် ဘုန်းကြီးပင့်စာမှာ အောက်ပါ အတိုင်းဖြစ်သည်။
တပည့် ငဟောက်ဆင့် လျှောက် ဝံ့ပါသည်။ သလုံးသားချောချောနှင့် ဘုန်းဘုရားစောဘုရား။ သုံးပါးသော သရဏဂုံ၊ ငါးစုံသောသီလ၊ ဖွားခြုံရော တည်ရအောင်၊ မနသီကာရ မနောစွဲပြီး၊ ငှက်ပျောပွဲကြီးပါ အလှူခံရအောင်၊ သုံးထပ်ကျောင်းအထက်ဘုံက ဇရက်ခုံကြွတော်မူပါဘုရား။
ဦးဖူးခေါင်ရေးပေးလိုက်သည့် ဘုန်းကြီးပင့်စာကို ဦးဆင့်က မဖတ်ဘဲ ဘုန်းကြီးစောလက်သို့ ဆက်ကပ် လိုက်သည်။ ဘုန်းကြီးစောက ပင့်စာကို ဖတ်ကြည့်ပြီးရယ်မောကာ ဟိုကောင် ဖူးခေါင်လက်ချက် မဟုတ်လားဟု မိန့်ကြားဖူးကြောင်း မှတ်သားမိပါသည်။
နောက်ပိုင်းကာလများတွင် ကွက်စိပ်ပညာတဖြည်းဖြည်း တိမ်ကောလာမှုနှင့်ပတ်သက်၍ မျိုးဆက်မပြတ်ရေးအတွက် ထိန်းသိမ်းသင့် ကြောင်း ၂ဝဝ၂ ခုနှစ်က မိုးဂျာနယ်တွင် ကျွန်တော် တင်ပြရေးသားခဲ့ဖူးပါသည်။ ထိုစဉ်က မြန်မာ့အသံက ဒဂုံဆရာညွန့်(တွံတေး)၏ ဗုဒ္ဓဝင် ကွက်စိပ်၊ ဒဂုံဆရာကျား( တောင်တွင်းကြီး)တို့၏ ကွက်စိပ်များကို တစ်ခါတရံ ထုတ်လွှင့်ပေးခဲ့ပါသည်။ ၁၉၆၅ ခုနှစ်ခန့်က နေပြည်တော် ဆရာစံက ဥတ္တရသာမဏော ကွက်စိပ်ဓာတ်ပြား ရောင်းတမ်းထုတ်ဝေခဲ့ပါသည်။ ၁၉၆ဝ ခုနှစ် ပတ်ဝန်းကျင်တွင် ဗိုလ်သခင်ဆရာ ကွက်စိပ်ကို ရှုမဝမဂ္ဂဇင်းတွင် လစဉ်ရေးသားခဲ့ပြီး စုပေါင်း ထုတ်ဝေခဲ့သည်။ ဗိုလ်သခင်ဆရာ၏ ကွက်စိပ်မှာ ကာလပေါ် ကွက်စိပ်ဖြစ်သဖြင့် ရှေးခေတ် ကွက်စိပ်များကဲ့သို့ ခံ့ခံ့ညားညား မဟုတ်ဘဲ ဟာသဆန်ဆန် သွက်သွက်လက်လက် ရေးသားတင်ပြထာ;ခြင်းဖြစ်လေသည်။
ယခုအခါတွင် ကွက်စိပ်ပညာကို ဆိုကရေးတီး ပြိုင်ပွဲများတွင် ဘာသာရပ်တစ်ခု အနေဖြင့် ပွဲထုတ်လာသဖြင့် ပညာရှင်ကြီးများ ကိုယ်စား ဝမ်းမြောက်ခဲ့ရပါသည်။ ၂ဝဝ၈ ခုနှစ်မှ စတင်ခဲ့ရာ ဦးသန်းစိန်(စစ် ကိုင်း)၊ ဦးမြအေး(ဧရာဝတီ)၊ ဦးမင်း ညွန့်(ပဲခူး) တို့ ဆုအသီးသီးရရှိခဲ့ သည်။ ၂ဝဝ၉ ခုနှစ်တွင် ဦးသန်းစိန် သည်အကဲဖြတ်ပညာရှင်အနေဖြင့် စစ်ကိုင်းတိုင်း ကိုယ်စားပြု၍ ပါလာခဲ့သည်။ ဦးမြအေးနှင့် ဦးမင်းစိုးတို့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဦးမင်းစိုး ရွှေတံဆိပ်ရခဲ့သည်။ ၂ဝဝ၉ ခုနှစ်တွင် ပထမတန်းနှင့် ဒုတိယတန်းဟူ၍ နှစ်မျိုးခွဲခြားခဲ့ပြီး ပထမတန်းတွင် တေမိယ ဇာတ်တော်နှင့် ဒုတိယတန်းတွင် သောတ္ထိသေန သမ္ဘူလဇာတ်ကို ပြဋ္ဌာန်းခဲ့သည်။
ပြီးခဲ့သည့် ဆိုကရေးတီး ပြိုင် ပွဲတွင် ပထမအဆင့်တွင် ၁၆ ဦး၊ ဒုတိယအဆင့်တွင် ၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ယှဉ်ပြိုင်သူအားလုံးပင် သူ့နည်းသူ့ဟန်နှင့် သူ ကြိုးစား ဟောပြော တင်ဆက်ကြသည်ကို တွေ့ရသည်။ ယှဉ်ပြိုင်သူများထဲတွင် ဘိသိက်ဆရာ အများဆုံးပါသည်။ ဦးမင်းညွန့်ကဲ့သို့သော မင်းသားကြီးများလည်း ပါဝင်ပြီး အချို့မှာ ဝါသနာရှင်များဖြစ်ကြသည်။ အပြောသန်သူက အပြော၊ အဆိုအငို အားသန်သူက အဆိုအငို၊ ကိုယ်စွမ်းအားရှိသလို ပြောကြသည်။ အချို့ကွက်စိပ် ဆရာများ ပံ့ပိုးဆိုင်းနှင့် အပေးအယူ မျှတမှု မရှိဘဲ ကွာဟနေသည်ကိုလည်း တွေ့ရသည်။ ဇာတ်အိမ်တည်ဆောက်ရာမှာပင် အချို့က ဘုရင်နန်းထိုင်သည့်အခန်းနှင့် စသလို ထီးဖြူစောင့် နတ်သမီးအခန်းက စသူလည်းရှိကြသည်။ သုနန္ဒာရထားထိန်းထောင့်ကနေ ဟောပြောသူလည်းတွေ့ရသည်။ ဇာတ်လမ်း ဇာတ်အိမ် ထိခိုက်မှာစိုးလို့လား မသိ၊ ဟာသထည့်သူ အတော် နည်းပါးသည်။
စင်ပေါ်သို့ ကွက်စိပ်ပြန်ရောက်လာသည်မှာ မကြာသေးပါ။ ကွက်စိပ်၏ သမားစဉ်သိသူ အတော်နည်းပါးသွားပါပြီ။ ဇာတ်စာ၊ ဇာတ်စကား လေပြေဆိုင်းဆင့်တွေ ရေးတတ်သူ စာရေးဆရာ အတော်နည်းပါးနေသည်ကို တွေ့ရသည်။ ကွက်စိပ်ဒိုင် အကဲဖြတ်အဖွဲ့ထဲမှာပင် ကွက်စိပ်ဆရာစစ်စစ် ဆို၍ မန်းဧရာ ဒဂုန်ဆရာထွန်း တစ်ယောက်ကိုသာ တွေ့ရသည်။ ကျန်အဖွဲ့ဝင်များမှာ သဘင်ပညာရှင်၊ ဆိုင်းပညာရှင်နှင့် စာရေး ဆရာ အချို့ ပါသည်။ ကွက်စိပ်ကို အကဲဖြတ်သည့် အချက်များထဲတွင် ဇာတ်လမ်းအလိုက် စာပေအဖွဲ့အနွဲ့ ပြောင်မြောက်ခြင်း၊ ဇာတ်ရုပ်သဏ္ဌာန်ကို ပီပြင်အောင် သရုပ်ဖော် ပြောနိုင်ခြင်း၊ ဆိုငိုပြောဇာတ်ပညာ ပြောင်မြောက်၍ အချိတ်အဆက် မိမိ တင်ဆက်နိုင်ခြင်း၊ မိမိတင်ဆက်သော ဇာတ်ထုပ်၏ အနှစ်သာရနှင့် ဦးတည်ချက်ကို ဖော်ဆောင်နိုင်ခြင်း စသည့် အင်္ဂါရပ်များပါဝင်သည်။ ယဉ်ကျေးမှု ဌာနက ဦးစီးလျက် ကွက်စိပ် နှင့် ပတ်သက်ပြီး ဇာတ်ညွှန်း၊ စာသား အဆိုအငို၊ အပြော၊ ဇာတ်ပို့ စသည် များကို ဆွေးနွေးပွဲတစ်ခု ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်လျှင် ပို၍ အဆင် ပြေမလားဟု စဉ်းစားမိပါသည်။
နောက်တစ်ချက်မှာ စင်ပေါ်ကကွက်စိပ် လူထုကြားထဲသို့ ပြန်ဆင်းလာပြီး ရှေးကလို ဖျော်ဖြေတင်ဆက်ပေးမည်ဆိုလျှင် မျိုးဆက်သစ်တို့အတွက် အာရုံကျက်စားရာ နေရာ သစ်တစ်ခုခုများ ရနိုင်ကောင်းရဲ့ဟုလည်း တောင့်တနေမိပါသည်။
ရည်ညွှန်း
၁။ မောင်ချစ်တီး အိုးစည်နှင့် စာပေဂီတ ဆောင်းပါးများ(သန်းထွန်း-စကု)
၂။ သဘင်ပညာရှင်ကြီး ဦးရွှေနန်းတင် ၏ပြောပြချက်များ။
ဈေးကွက်ဂျာနယ်မှ ဆောင်းပါးကို ကူးယူ ဖော်ပြသည်။
http://www.zaygwet.com/literature.php?id=17
-
0 comments :
Post a Comment