မေဇွန် ကိစ္စ ကြေးမုံဖော်ပြမှု ဒု ၀န်ကြီး ဖြေရှင်းချက်တောင်း

Friday, September 21, 2012

 သရုပ်ဆောင် မေဇွန်၊  ဓာတ်ပုံ-Beautiful model world.com

မကြာသေးမီက လူအများ စိတ်ဝင်စားမှု အရှိဆုံး သတင်းတခုဖြစ်တဲ့ အိမ်ဖော် မိန်းကလေး တဦး သေဆုံး မှု ဖြစ်ရာမှ မူလ က လူသေမှုအဖြစ်ကနေ လူသတ်မှုနဲ့ MRTV4 ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ဖို့ ရွေးချယ်ခံထားရတဲ့ မေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတယောက်ကို ရဲက တရားစွဲဆိုခဲ့တဲ့ ဖြစ်ရပ်ကို သတိထားမိ ကြလိမ့်မယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေးမုံ သတင်းစာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ဆောင်းပါး ရှင် ဒေါက်တာ 
စေတနာရဲ့ ဆောင်း ပါးမှာ ရေးသား ဖော်ပြချက်များဟာ တရားခံဘက်က ဘက်လိုက်ရေးသားမှုအဖြစ် ထင်ရှားတဲ့အတွက် ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီးသစ်ဖြစ်တဲ့ ဦးရဲထွဋ်က တာဝန်သိ စွာဖြင့် ကြေးမုံစာတည်းမှူးချုပ်ကို ရှင်းလင်းချက်ပေးဖို့ ညွှန်ကြားထားမှုကို ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်လာတာ သတိထားမိပါတယ်။ 

 ဒု ၀န်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

“စက်တင်ဘာ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဒေါက်တာစေတနာရဲ့ သမီးငယ်တို့၏ ဓမ္မတာ စိတ်ပြောင်းလဲခြင်းနှင့် ရာဇ၀တ်မှုများ ဆောင်းပါးမှာ ပါဝင်တဲ့ ရေးသားချက်များဟာ လူအများ စိတ်ဝင်စား
နေတဲ့ စမ်းချောင်းဗဟိုလမ်း လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံဘက်က ဘက်လိုက်ရေးသား သလိုဖြစ်နေ 
ကြောင်း၊ တရားခံအပြစ်ပေါ့စေနိုင်မည့်အကြောင်း အရာကို ဇောင်းပေးဖော်ပြထားရာရောက်ကြောင်း စသည်ဖြင့် ပရိသတ်တစ်ဦးက ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်ကနေ တဆင့် ထောက်ပြ တိုင်ကြား ခဲ့ပါတယ်။ 

 အထက်ပါတိုင်ကြားချက်နဲ့ ပတ်သက်ပြီး ပြန်လည်စိစစ်ခဲ့ရာမှာ ဆောင်းပါးပါ ရေးသားချက်အချို့ဟာ တရားရုံးမှ စဉ်းစား ခြင်း မပြုမီ ကြိုတင်လမ်းကြောင်းပေးတဲ့ အရေးအသား မျိုးဖြစ်နေတာကို တွေ့ရှိ ရပါ တယ်။ ဒါ့ကြောင့် မနက်ဖြန်ထုတ် ကြေးမုံသတင်းစာမှာ စာတည်းမှူးချုပ်က ပြန်လည် ရှင်းလင်း တောင်းပန် ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ 

 နောင်အလားတူ အဖြစ်မျိုး ထပ်မံမဖြစ်ပွားဖို့ အတွက်လည်း နိုင်ငံတကာ စာနယ်ဇင်းများမှာ လိုက်နာရတဲ့ Editorial Guidelines များကို လည်း လေ့လာပြီး မိမိတို့ သတင်း စာအလိုက်Editorial Guidelines ပြုစု ထား ဖို့စီစဉ်ဆောင်ရွက်နေ ကြောင်း အသိပေးလိုပါတယ်။ 

ယခုလို နိုင်ငံပိုင်သတင်းစာများကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေချိန်မှာ အတတ်ပညာအရ၊ နည်းပညာ အရ အားနည်း ချက်များကို မလွဲမသွေရင်ဆိုင်နေရပါတယ်။ 

ဒီအားနည်းချက်များကို ပြုပြင်နိုင်ဖို့အတွက် ဆောင်ရွက်ရာမှာ ပြည်သူများထံက အကြံပြုချက်များ၊ ဝေဖန် 
ထောက်ပြချက်များကလည်း အလွန်အရေးပါတယ်လို့ ပြည်ထောင်စုဝန်ကြီးက ခံယူထားပါတယ်။ 

ဒါ့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတဆင့် အကြံပြုချက်များ၊ တိုင်ကြားချက်များကို ၀န်ကြီး ကိုယ်တိုင် အလေးထားဖတ်ရှုပြီး တစ်ဦးချင်းထံပြန်ကြားခြင်း၊ လိုအပ်ပါက အများပြည်သူကို အသိပေး 
ပြန်ကြားခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။ "  ဟု ဒုဝန်ကြီး ဦးရဲထွဋ် က  ဖော်ပြထားပါတယ်။


ဆက်စပ်သတင်း။ 

ဒေါသစိတ်ကြောင့် လူသတ်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ မေဇွန် 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved