~
ပြည်တော်မြင့် ~
မြ၀တီမြို့ပြင်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးနေ့ မြင်ကွင်း (ဓာတ်ပုံများ - ဧရာဝတီ)
မြ၀တီမြို့နယ် ချောင်းဆုံရွာတွင် ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အစီအစဉ်ကို ရန်ကုန်မြို့နှင့် မတူခြားနားစွာ ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာ့တပ်မတော် အရာရှိတချို့၊ ကရင်ပြည်နယ် အခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ ဒေသခံများ တက်ရောက်ကြသည်။
ဤဒေသတွင် ပထမဆုံးအကြိမ် ကျင်းပသော ငြိမ်းချမ်းရေးနေ့ အခမ်းအနား ဖြစ်ပြီး ပရိသတ် ၂၀၀ ကျော် တက်ရောက်ကြောင်း တွေ့ရသည်။
ဒေသအခြေစိုက် မြန်မာ့တပ်မတော်အရာရှိတဦးဖြစ်သည့် ဗိုလ်အေးမင်းအောင်က “ငြိမ်းချမ်းမှ အေးချမ်းမယ်။ ငြိမ်းချမ်းရေးကို တဦးတယောက်ထဲလုပ်လို့မရဘူး။ လူတိုင်းမှာတာဝန်ရှိတယ်။ တိုင်းပြည်တိုးတက်ဖို့ ငြိမ်းချမ်းရေး မဖြစ်မနေ မလိုအပ်တယ်” ဟု နံနက် ၁၀ နာရီတွင် ကျင်းပသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
KNLA ခေါ် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် မှ ဗိုလ်ကွယ်မှူးက ကရင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံတွင် အရေးတကြီး လိုအပ်နေသည့်အရာမှာ ငြိမ်းချမ်းရေးဖြစ်ကြောင်းကို မိမိတို့နှင့် ဖြစ်ပွားနေသည့် နှစ် ၆၀ ကျော် ကရင့်တော်လှန်ရေးက သက်သေဖြစ်သည်ဟု ဆိုသည်။
ချောင်းဆုံရွာမှ မူလတန်းပြဆရာမတဦးက “ကရင်ပြည်နယ်မှာ ငြိမ်းချမ်းမှုမရှိခဲ့တဲ့အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အဘက်ဘက်က နောက်ကျခဲ့ရတဲ့ အတွက် သက်ဆိုင်သူအားလုံး ငြိမ်းချမ်းရေးကို အမြန် တည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အခမ်းအနားတွင် ငြိမ်းချမ်းရေးချိုးငှက်များ လွှတ်ပေးခြင်းနှင့် ဖယောင်းတိုင်မီးများထွန်းကာ တက်ရောက်လာသူများက မိမိတို့ ကိုးကွယ်ရာဘာသာများအလိုက် ငြိမ်းချမ်းရေးရရှိရန် ဆုတောင်းခဲ့ကြသည်။
ကလို့ထူးဘော DKBA မှ ဗိုလ်မှူးဆန်းအောင်
ကလို့ထူးဘော DKBA တပ်ဖွဲ့မှ ဗိုလ်မှူးဆန်းအောင်က “မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဘို့ အတွက် နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအ၀င် ပြည်သူလူထုတွေမှာပါ တာဝန်ရှိတယ်။ အစိုးရဘက်ကတော့ ပိုပြီး ပွင့်လင်းဘို့လိုတယ်” ဟု သတင်းထောက်များကို ပြောသည်။
ငြိမ်းချမ်းရေးလိုလားသူများ ဦးဆောင်ကာ ယနေ့ပြုလုပ်သည့် အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုမြအေးနှင့် ကိုဂျင်မီတို့ တက်ရောက်ရန် စီစဉ်ထားသော်လည်း အချိန်မီ လာရောက်နိုင်ခြင်းမရှိခဲ့ဟု ကျင်းပရေးကော်မတီက ပြောသည်။
ချောင်းဆုံရွာအနီးတွင် ကရင်နယ်ခြားစောင့်တပ်၊ KNU နှင့် မြန်မာစစ်တပ်များ စခန်းထိုင် တည်ရှိနေကြောင်း၊ အေးချမ်းတည်ငြိမ်သည့် အရပ်ဒေသ တခုဟု ဆို၍မရသေးကြောင်း၊ ဒေသ အတွက် အရေးတကြီးလိုအပ်နေသည့် အရာမှာ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရေးပင် ဖြစ်ကြောင်း အသက် ၇၀ အရွယ် ဒေသခံ ရွာသားတဦးက ပြောသည်။
0 comments :
Post a Comment