စွန့်စားပြီး ကျင်းပရတဲ့ ဦးဥတ္တမနေ့ အမှတ်တရနေ့အစီအစဉ်

Monday, September 10, 2012

~




ပြည်တော်မြင့်
~

မနေ့က မဲဆောက်မှာ ပြုလုပ်တဲ့ ဦးဥတ္တမနေ့ အမှတ်တရ အစီအစဉ် (ဓာတ်ပုံများ - ဧရာဝတီ)


ထိုင်းအာဏာပိုင်တွေက မဲဆောက်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လုံးဝ ပြုလုပ်ခွင့် မပေးတဲ့ ကြားထဲကနေ မနေ့က ကျရောက်တဲ့ အာရှနေ၀န်းဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြပါတယ်။

အခမ်းအနားသဘာပတိက “အာရှနေ၀န်းလို့ခေါ်တဲ့ဆရာတော်ဦးဥတ္တမရဲ့ မြန်မာ့လွတ်လပ်ရေးရရှိဘို့အတွက် ပါဝင် အားထုတ်ခဲ့တဲ့သူ့ရဲ့ ကြိုးစား အားထုတ်မှုတွေကို နောက်လူတွေ သိရှိ အတုယူနိုင်ဘို့အတွက် မဲဆောက်မှာ အခက်အခဲတွေ ကြားထဲကနေ ကျင်းပခဲ့တာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်ကို မဲဆောက်မှာအခြေစိုက်တဲ့ ရခိုင်သံဃာ့သမဂ္ဂ (RSU)က ဦးဆောင် ကျင်းပခဲ့တာဖြစ်ပြီး ဒေသတွင်းမှာ ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မဟာမိတ် အဖွဲ့အစည်းက မိတ်ဆွေတွေ တက်ရောက် အားပေးခဲ့ကြတာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ဇူလိုင်လ ၇ နေ့က မဲဆောက်မှာ မြန်မာ့အရေး လှုပ်ရှားတဲ့လူတွေ ပြုလုပ်ခဲ့တဲ့ 7 July အခမ်းအနားကို ပွဲ စတင်ကျင်းပနေချိန်မှာဘဲ ထိုင်းအာဏာပိုင်တွေ ရောက်ရှိလာပြီး အခမ်းအနားကို ဖျက်သိမ်းပေးဘို့ စေခိုင်းခဲ့လို့ ပွဲပျက်ခဲ့ရပါတယ်။

ထိုင်းဘက်ကပြောတာက “ဒီလိုပွဲမျိုး ကျင်းပခြင်းအားဖြင့် ထိုင်းနဲ့မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်နိုင်တဲ့ အတွက် ခွင့်မပြုနိုင်ဘူး” တဲ့။

ဒီပွဲကျင်းပနေတာကို ခွင့်ပြုချက်မပေးဘို့ မြန်မာဘက်ကလည်း ကန့်ကွက်ခဲ့တယ် လို့ သိရပါတယ်။

အဲဒီပွဲကနေစပြီး မဲဆောက်မှာ ဘယ်အဖွဲ့မှ နိုင်ငံရေးလှုပ်ရှားမှု အခမ်းအနားတွေ မလုပ်တော့ဘဲ ရပ်နားခဲ့ရာကနေ ဆရာတော်ဦးဥတ္တမရဲ့ ၇၃ နှစ်မြောက်နေ့ကို ရခိုင်အမျိုးသားတွေက ပြန်လည်ကျင်းပခဲ့တာပါ။

အခမ်းအနားဖြစ် မြောက်ရေးအဖွဲ့ဝင်တဦးက “သူ့အလုပ် သူလုပ်သလို ကျွန်တော်တို့လည်း ကိုယ့်အလုပ် ကိုယ်လုပ်ပါတယ်။ ဒီလိုသာ ဘာမှမလုပ်ဘဲနေမယ် ဆိုရင်တော့ ကျွန်တော်တို့ဘ၀ သေတာနဲ့ အတူတူဘဲ” လို့ ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံ၌ တော်လှန်ရေးမျိုးစေ့ကို ချပေးခဲ့သူ၊ လွပ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့သူ၊ အာရှနေ၀န်းလို့ ဂုဏ်ပြုခေါ်ဆိုခံရသူ ရခိုင်အမျိုးသားဆရာတော် ဦးဥတ္တမကို ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပမြောက်ရွာမှာ ၁၈၇၉ ခုဒီဇင်ဘာလ ၂၈ ရက်နေ့က မွေးဖွားခဲ့ပါတယ်။

မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးသာမက အာရှတိုက်တခုလုံး ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့တယ် လို့ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ ထုတ်ပြန်ကျေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေစဉ် ဆရာတော်ဦးဥတ္တမဟာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ သက်တော် ၆၀၊ ၀ါတော် ၄၁ ၀ါမှာ ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပါတယ်။











~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved