ရွှေဝါရောင်သပိတ်လှန်ပွဲ နှစ်မကုန်ခင် ကျင်းပမယ်

Friday, September 21, 2012



ကိုညို ~

၁၉၉၀ နဲ့ ၂၀၀၇နှစ်တွေက စစ်အစိုးရအပေါ် သံဃာတော်တွေ စုပေါင်းပြီး ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် ဆင်နွှဲခဲ့တာကို ယခုနှစ်အတွင်း ပတ္တုက္ကုဇ္ဇနကမ္မ၀ါဖတ်ပြီး သပိတ်လှန်ဘို့ ယခင်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရဟန်းတွေ စီစဉ်ဆောင်ရွက်နေတဲ့အကြောင်း သတင်းရရှိပါတယ်။

“အရင်တုံးက လက်နက်ကိုင်တဲ့ စစ်အစိုးရဆိုတာ အခု မရှိတော့ဘူး၊ ၂၀၀၇ တုံးက သပိတ်မှောက် ကံဆောင်မှုဟာ အဲဒီတုံးကစစ်အစိုးရနဲ့သာ သက်ဆိုင်ပြီး၊  ဒီကနေ့ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်မှုမရှိတော့ဘူး” လို့ ရွှေဝါရောင် သံဃာ့ကံဆောင်သပိတ်မှာ ဦးဆောင် ပါဝင်လို့ ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက် ဆရာတော်ဦးပဏ္ဍ၀ံသက မိန့်ကြားခဲ့ပါတယ်။

“အဲဒီတုံးက ကံဆောင် သမုတ်ခဲ့တဲ့ သံဃာတော်တွေကနေ၊  ပတ္တနိက္ကုဇ္ဇနလို့ ခေါ်တဲ့ သပိတ်လှန်ခြင်း ကမ္မ၀ါနဲ့ ပြန်လည်ဆင်နွှဲဘို့ကို၊ ရွှေဝါရောင်(၅)နှစ်မြောက် နှစ်ပတ်လည်မှာ ဆွေးနွေးခဲ့တာပါ” လို့ မိန့်ပါတယ်။

တိုင်းပြည်မှာ၂၀၀၇ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် အပြီး ယနေ့အထိ မကြုံစဖူး ရေဘေး၊ လေဘေး၊ နဲ့ မိုးခေါင်ရေရှားပြဿနာတွေ ကြုံနေရတာကို ဗုဒ္ဓဘာသာ မြန်မာလူမျိုး အတော်များများက ၂၀၀၇ သံဃာတော်တွေရဲ့ ကံဆောင်သပိတ်ရဲ့ အကျိုးဆက်လား ဆိုတဲ့ ပြောဆိုချက်တချို့ကို အလေးအနက် သုံးသပ် ဆင်ခြင်ခဲ့ကြောင်းလည်း သိရပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး(၅)နှစ်ပြည့် အခမ်းအနားအပြီး နောက်တနေ့ ဗုဒ္ဓဟူးနေ့က တနိုင်ငံလုံးသံဃာတော်တွေကို ဆက်သွယ် အကြောင်းကြားခဲ့ပြီး၊
လတ်တလော ၀ါတွင်းကာလဖြစ်နေလို့ သံဃာတော်တွေ ခရီးမသွားနိုင် တာကြောင့် လာမဲ့ အောက်တိုဘာလ တတိယအပတ်မှာ တနိုင်ငံလုံးက သံဃာ အချင်းချင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်လိမ့်မယ်လို့ ယူဆရတဲ့အကြောင်းလည်း ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

“ပတ္တုက္ကုဇ္ဇနကမ္မ၀ါရွတ်ပြီး သပိတ်လှန်တာကို မြန်နိုင်သမျှမြန်အောင်လုပ်ကြမယ်၊ ဒီနှစ်ထဲမှာဘဲ ဖြစ်အောင်လုပ်ကြမှာပါ၊  ဒီ ပတ္တနိက္ကုဇ္ဇနကံဆောင်တာကိုလည်း နိုင်ငံတော် သံဃာ နာယက ညွှန်ကြားချက်တွေနဲ့ရော၊ အစိုးရ အမိန့်ကြော်ငြာစာတွေ၊ ပြန်တမ်းတွေ၊ အမိန့်တွေနဲ့ ဘယ်လောက် ထုတ်ပြန်ပစေ မပျက်ပြယ်သွားဘူး၊ အစိုးရအာဏာစက်နဲ့လည်း လုပ်မရဘူး၊ ဒါက ဘုရားရှင် နှုတ်ခပတ်တော်လာ ပန္နတ္တိ၀ိစ္စလို့ ခေါ်တဲ့ ဘုရားရှင်ရဲ့ ဥပဒေဖြစ်တယ်။
ဘုရားရှင်တော်ရဲ့ ဥပဒေဖြစ်တာကြောင့် ဘုရားရှင်ရဲ့ လုပ်ထုံးနည်းဥပဒေလာအတိုင်းဘဲ ပတ္တုက္ကုဇ္ဇနကမ္မ၀ါကို ထပ်မံ ဖတ်ရမယ်” လို့ဆရာတော် ဦးပဏ္ဍ၀ံသ ကမိန့်ကြားခဲ့ပါတယ်။

ပြည်တွင်း သံဃာအများစုနဲ့ ဆွေးနွေးညှိနှိုင်းနေသလို ကံဆောင်သပိတ် ၂ ရပ်လုံးမှာ ပါဝင်ခဲ့တဲ့ ပြည်ပရောက် သံဃာတော်တွေကိုလည်း အကြောင်းကြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
လတ်တလောကာလမှာတော့ လက်ရှိအစိုးရအာဏာပိုင်တွေကို အသိပေး၊ အကြောင်းကြားတာ၊ ညှိနှိုင်းတာမျိုး မရှိသေးပေမဲ့ သူတို့အားကိုးယုံကြည်တဲ့ မဟနအဖွဲ့ (မြန်မာနိုင်ငံ သံဃာ့မဟာနာယကအဖွဲ့)က ကြားခံ ဆွေးနွေးပေးရင် ၀မ်းမြောက်ဝမ်းသာကြိုဆိုမဲ့အကြောင်းလည်း ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

“မဟနအဖွဲ့ကလည်း အရင် နအဖ စစ်အစိုးရလက်ထက် ဖွဲ့ခဲ့ပြီး သံဃာထု အများစုကို ကိုယ်စားပြုတာတော့ မဟုတ်ဘူး၊ ထေရ၀ါဒသာသနာမှာ သံဃာ့အား ဘုရားတောင် လွန်ဆန်လို့ မရဆိုတဲ့အဆိုလည်း ရှိတာကိုး၊ ဒီမိုကရေစီခေတ်မှာ သံဃာအများစုဆန္ဒအတိုင်း ဖြစ်သင့်တာပေါ့၊ မဟနဆရာတော်ကြီးတွေ၊ ပါဝင် ဆောင်ရွက်ပေးရင်လည်း ကောင်းတာပေါ့” လို့ ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

တကယ်လို့ ပတ္တုက္ကုဇ္ဇနကမ္မ၀ါကိုရွတ်ဖတ်မဲ့ အစီအမံ အထမြောက်လာရင် ဒုတိယအကြိမ်မြောက် ကမ္မ၀ါဖတ်ခြင်း ဖြစ်ပါလိမ့်မယ်။

၁၉၉၀တုံးကမန္တလေးစိန်ပန်းရပ်က သံဃာတော်တွေ ဆွမ်းခံကြွနေတဲ့အချိန်မှာ လုံထိမ်းတွေနဲ့ စစ်တပ်က ၀င်ရောက်ပစ်ခတ်လို့၊ သံဃာတော်တချို့ သေနတ်ထိမှန် ဒါဏ်ရာရတာ၊ ပျံလွန် တော်မူတာတွေ ဖြစ်ခဲ့ဘူးတယ်၊ ဒါကြောင့် ပထမအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကြီးဖြစ်ခဲ့ပါတယ်။

အဲဒီတုံးက နိုင်ငံတော် သံဃာ့မဟာနာယက အဖွှဲ့နဲ့ အဲဒီကာလ ဗိုလ်ချုပ်စောမောင် ဦးစီးတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အစိုးရကနေ ကာယကံရှင် သံဃာတော်တွေ သဘောထားမယူဘဲ၊ ပတ္တုက္ကုဇ္ဇနကမ္မ၀ါ ရွတ်ခဲ့ကြပါတယ်။

အဲဒီတုန်းက ကံဆောင်ခဲ့တာဟာ ဒီနေ့ထိ ပျက်ပြယ်မှု မရှိသေးဘူးလို့လည်း ဆရာတော်ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

“ပတ္တနိက္ကုဇ္ဇနကမ္မ၀ါ ဖတ်ပြီးရင်၊ ဒီသပိတ်ကို ပြန်လှန်ဘို့၊ ပြန်နှုတ်မယ် ဆိုရင်၊  ပတ္တုက္ကုဇ္ဇနဆိုတဲ့ ကမ္မ၀ါစာ ပြန်ရွတ်ဖတ်ရတယ်။ အဲလိုဖတ်မှသာလျှင် ပတ္တနိက္ကုဇ္ဇနဆိုတဲ့ သပိတ်မှောက်ခြင်းကံက ပျက်ပြယ်တယ်၊  အဲဒီတုံးက ဆရာတော် တပါးပါး၊ အသက်အရွယ်ကြီးလို့ဖြစ်စေ၊ နာမကျမ်းလို့ဖြစ်စေ မကြွရောက်နိုင်တောင်၊ သူ့ရဲ့ နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ ဆန္ဒပေးလို့ရှိရင် ကံမြောက်ပါတယ်။ အနည်းဆုံး(၄)ပါးပါဝင်ရမှာပါ” လို့ ဆရာတော်ကမိန့်ပါတယ်။

သံဃာ့ကိစ္စသံဃာတွေ ဆောင်ရွက်ရမှာ အစိုးရအာဏာပိုင်တွေ ခွင့်ပြု၊ မပြု ဆိုတာ ထည့်စဉ်းစားရမဲ့အထိ အရေးမကြီးဘူးလို့လည်း ဆရာတော်က ဆိုပါတယ်။

“အစိုးရတို့ဘာတို့ဆိုတာ ဥပဿဝက အဆင့်လောက်ပဲ ရှိပါတယ်၊ ဒီကိစ္စတွေဟာ ဘုရားဟော၊ ဥပဒေတွေသာ ဖြစ်တယ်၊ အစိုးရအခြေခံဥပဒေနဲ့ မဆိုင်ဘူး၊ ပါလည်း မပါဘူး၊ ဒါကြောင့် သူတို့ဆီက သဘောထား မလိုပါဘူး။ ကံဆောင်သပိတ်မှောက်ထားတဲ့ သံဃာအများစုဟာ အာဏာပိုင်တွေဆီကဒီနေ့ထိ ပစ္စည်း ၄ ပါးကို လက်မခံသေးပါဘူး” လို့ သက်တော် ၅၆ နှစ် ၀ါတော် ၃၆ ၀ါ ရှိတဲ့ ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်သွားခဲ့ပါတယ်။




-

2 comments :

  1. ဘုန်းကြီးရဟန်းတွေ နိုင်ငံရေး လူမှုရေး ကိစ္စတွေမလုပ်ကြပါနဲ့တော့။ဘုရားမကြိုက် ဝိနည်းနဲ့မညီတဲ့အလုပ်တွေပါ။စစ်သားကိုစစ်သားအလုပ်ပဲလုပ်စေချင်ရင် ရဟန်းကလည်ရဟန်းအလုပ်ပဲလုပ်ကြပါ။စစ်သားတွေနိုင်ငံရေးဝင်လုပ်ရင်တိုင်းပြည်ပဲပျက်မှာပါ။ရဟန်းတွေနိုင်ငံရေးဝင်လုပ်ရင်တော့တိုင်းပြည်ရော သာသနာပါပျက်စီးပါလိမ့်မယ်။ဘုရားသာသနာဟာ သာသနာတွင်းသားရဟန်းတွေကြောင့်ပဲ ပျက်စီးမှာပါလို့ ဘုရားဟောခဲ့တာ မမေ့ကြပါနဲ့။ဘုရားလက်ထက်တော်က နိုင်ငံရေးနဲ့ဘာသာရေး ရောမိလို့ အများစုပေါင်းအုပ်ချုပ်တဲ့ဒီမိုကရေစီဆန်တဲ့ တိုင်းပြည်တပြည်ပျက်စီးခဲ့ရပြီးပြီ။

  1. Anonymous said... :

    မတရားမှုများသည် အဓမ္မဖြစ်သည်။ သံဃာများနိုင်ငံရေး မလုပ်ရန်တားမြစ်သူများသည် အာဏာရှင်အသိုင်းအ၀ိုင်းမှ ပြောနေသည်ကို များသောအားဖြင့်တွေ့ရသည်။
    သူတို့သည် အဓမ္မမှုများဖြစ်သော အနိုင်ကျင့်မှု၊ ဖိနှိပ်မှုများကို ကျူးလွန်ကြသည်။အဓမ္မမှုများကို အကြမ်းမဖက်သော နည်းဖြင့် ဆန့်ကျင်ခြင်းသည် မည်သည့်တရားဒေသနာနှင့်မျှ ဆန့်ကျင်ခြင်း မရှိပါ။
    စစ်အစိုးရကို သပိတ်မှောက်ခြင်းကို အကြေင်းတရား မရှိဘဲ ပြုသည်မဟုတ်။ကျဆုံးသွားသော ပြည်သူများကို ရည်မှန်းပြီး ဆွမ်းလောင်းလှူသည်ကို သေနတ်ဖြင့်ပစ်ခတ်ဖြိုခွဲ၊ ဆွမ်းသပိတ်များကို စစ်ဘိနပ်နဲ့ကန်ကျောက်သော စစ်သားများကို သပိတ်မှောက်ကံဆောင်ခြင်းသည် ၀ိနည်းတရားတော်မှာ အတိအကျပါသည်။ သာသနာကွယ်ခြင်းနှင့် မည်သို့မျှ မပတ်သက်ပါ။
    သာသနာကို အာဏာတည်မြဲရေးအတွက် အဓမ္မ၀ါဒီအစိုးရများက အသုံးချခြင်းကြောင့်သာ သာသနာပျက်စီးနိုင်သည်။
    သံဃာနိုင်ငံရေးလုပ်ခြင်းသည် အာဏာကုလားထိုင်းပေါ် ရာသက်ပန်ထိုင်ပြီး ဗိုလ်ကျစိုးမိုးရန် မဟုတ်။ မတရားမှုကို အကြမ်းမဖက်ဆန့်ကျင်ခြင်းသာဖြစ်သည်။
    စစ်တပ်နိုင်ငံရေး လုပ်ခြင်းကား စစ်အာဏာရှင်လူတန်းစားကို ထူထောင်ပြီး ပြည်သူကို စစ်ကျွန်ဇာတ်ပြုရန်ဖြစ်သည်။ မတူတာကို အကြောင်းမပြသင့်ပါ။
    ဘုရားလက်ထက်က နိုင်ငံရေးနဲ့ဘာသာရေး ရောမိလို့ ဒီမိုကရေစီဆန်တဲ့နိုင်ငံပျက်စီးတယ်ဆိုရင် ဘယ်နိုင်ငံလဲ။ ဘယ်လိုပျက်စီးသလဲ၊ တင်ပြစေချင်သည်။ ပိဋကတ်သုံးပုံမှာ မတွေ့ဘူးလို့ မေးခြင်းပါ။ သေချာခိုင်လုံစွာ ရှင်းပြပါက မှတ်သားလိုပါသည်။ ဖြေကြားပေးပါ။
    ဖြီးဖြန်းချလို့ ရသောခေတ်မဟုတ်သည်ကို သတိချပ်စေလိုပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved