~
သန့်စင်ငြိမ်းချမ်း ~
ကူးတို့ဆိပ်မှာ ကျားပိုက်ထောင်ထားလို့ ချောင်းကိုဖြတ်သွားသူတိုင်း ဘုရားတနေရတယ် (ဓာတ်ပုံ - သန့်စင်ငြိမ်းချမ်း)
ကျေးရွာအုပ်ချုပ်ရေးမှူးက အများပိုင်အင်းကို ရောင်းစားလိုက်သည့်အတွက် ဧရာဝတီတိုင်း သာပေါင်းမြို့နယ် သပြေကျွန်းကျေးရွာအုပ်စုရှိ တံငါ အိမ်ထောင်စု ၇၀၀ ကျော် စားဝတ်နေရေး အခက်ကြုံနေရသည်။
“ဒီဒေသက မိုးတွင်းရေတက်ချိန်ဆို ငါးဖမ်း၊ ရေကျချိန် လယ်စိုက်။ အဲဒီ အလုပ် ၂ ခုပဲ ရှိတယ်။ အခုက ငါးမဖမ်းရတော့ ဘာဝင်ငွေမှ မရှိဘူး။ အဲတော့ ဆံပင်တွေ ဖြတ်ရောင်းစားရတယ်။ ပိုက်ဆံကို အတိုးနဲ့ချေးပြီး ၀ယ်ခြမ်းစားသောက် နေရတယ်။ စားဝတ်နေရေး အရမ်း ခက်ခဲနေကြတယ်”ဟု သပြေကျွန်းကျေးရွာမှ အိမ်ထောင်ရှင်အမျိုးသမီးတဦးက ပြောသည်။
သပြေကျွန်းကျေးရွာအုပ်စုတွင် သပြေကျွန်း၊ ခပ်အောင်းချောင်၊ မကျည်းပင်စုအပါအ၀င် ကျေးရွာ (၄) ရွာ ပါဝင်ပြီး အိမ်ခြေပေါင်း ၇၂၁ အိမ်ရှိကာ ရွာ (၄) ရွာစလုံးမှာ စားဝတ်နေရေးအတွက် ခပ်အောင်းချောင်အင်းကို အမှီပြုနေကြရသည်။
၎င်းအင်း၌ ရှာဖွေ စားသောက်ခွင့်ပြုရန် ဒေသခံတံငါသည်များက သာပေါင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့သဖြင့် ဦးဝင်းသန်းက ကျေးရွာ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့်ဇွန်လက စတင်ကာ တစ်နှစ်စာ ငါးဖမ်းခွင့် ပေးခဲ့သည်။
“လွှတ်တော်အမတ် ဦးဝင်းသန်းက အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို ပြောတယ်။ ခင်ဗျား ပြည်သူလူထုနဲ့ အဆင်ပြေအောင် လုပ်နိုင်လားလို့မေးတယ်။ သူလုပ်နိုင်ပါတယ် တဲ့။ အဲဒါနဲ့ ပြည်သူလူထုနဲ့ ပူးတွဲ လုပ်ကိုင်စားသောက်ဖို့ သိန်း ၂၀၀ နဲ့ ဒီအင်းကို ပေးလိုက်တာပါ” ဟု လက်မှတ်ရေးထိုး တောင်းဆိုရာတွင် ပါဝင်ခဲ့သူ သပြေကျွန်းကျေးရွာမှ တံငါသည်တဦးက ပြောသည်။
အဆိုပါအင်းအား ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၆၀ အမြတ်တင်ကာ သိန်း ၂၆၀ ဖြင့် အင်းသူကြီး ဦးကြီးမြင့်ထံ ရောင်းချခဲ့ကြောင်း၊ ဦးကြီးမြင့် စတင်လုပ်ကိုင်ချိန်မှစ၍ ဒေသခံများ ငါဖမ်းခြင်းအား နည်းမျိုးစုံဖြင့် တားမြစ်ခဲ့ကြောင်း တံငါသည်များက ပြောသည်။
“အင်းသူကြီးနဲ့အဖွဲ့က အင်းထဲမှာ ငါးရှာစားတဲ့ရွာသားတွေကို ဓာတ်ပုံတွေရိုက်ပြီး တရားစွဲ၊ ထောင်ချပစ်မယ် ပြောတယ်။ ငါးဖမ်းတာ မိတဲ့လူရဲ့ ငါးဖမ်းပစ္စည်းတွေ သိမ်းတယ်။ အဲလိုတွေ လုပ်နေလို့ ဘယ်သူမှကို ငါး ဆင်းမဖမ်းရဲဘူး။ ငါးမဖမ်းဖြစ်တာ ၂ လ လောက်ရှိပြီ” ဟု ခပ်အောင်းချောင်ကျေးရွာမှ တံငါသည်က ပြောသည်။
အင်းထဲ၌ ပြန်လည်ငါးဖမ်းခွင့်ပေးရန် သပြေကျွန်းကျေးရွာ ရပ်မိရပ်ဖများက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုအား သွားရောက်ပြောဆိုခဲ့သော်လည်း လက်မခံဘဲ “ကြိုက်တဲ့နေရာ တက်တိုင်” ဟု တုန့်ပြန် ပြောဆိုခဲ့ကြောင်း ရွာသားများက ပြောသည်။
ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အင်းသားကြီးတို့၏ လုပ်ရပ်များအား ခပ်အောင်းချောင်နှင့် မကျည်းပင်စုကျေးရွာမှ ရေလုပ်သား ၁၄၀ ကျော်က ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်ထံသို့ ယခုလ ၆ ရက်နေ့တွင် စာရေးတိုင်ကြားခဲ့ကြသည်။
စားဝတ်နေရေးအဆင်ပြေရန်အတွက် ခပ်အောင်းချောင်အင်း၌ ငါးဖမ်းခွင့်ပြန်ရလိုကြောင်းနှင့် ကျေးရွာကူးတို့ဆိပ်တွင် ထောင်ထားသည့် ငါးဖမ်းကျားပိုက်အား ဖြုတ်သိမ်းစေလိုကြောင်း ဒေသခံများက ပြောသည်။
အင်းသားကြီး ဦးကြီးမြင့်နှင့်အဖွဲ့က သပြေကျွန်းနှင့် မကျည်းပင်စုရွာသို့ ကူးသန်း သွားလာနေသည့် ကူးတို့ဆိပ်တည့်တည့်တွင် ကျားပိုက်ထောင်ထားသည်။
ကျားပိုက်ဆိုသည်မှာ အလွန်ခိုင်မာသည့်ကြိုးများဖြင့် ရက်လုပ်ထားသော ငါးဖမ်းပိုက် ဖြစ်ပြီး ရေးစီးနေသည့်ချောင်းအလယ်တွင် ပါးစပ်ဟ၍ ချထားကာ ၀င်လာသမျှငါးများကို ဖမ်းမိစေရန် လုပ်ဆောင်ထားသည်။
ထိုကျားပိုက်ကြောင့် ခရီးသွားတို့ အန္တရာယ်နှင့် ကြုံရနိုင်သည်ဟု ဒေသခံတို့က ဆိုသည်။
“ရွာနှစ်ရွာ ကြားထဲမှာ ဖြစ်နေလို့ ဟိုဖက်ကမ်း ဒီဖက်ကမ်း ကူးလူးသွားလာနေတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ရဟန်း ပြည်သူတွေ လှေမြုပ်တာမျိုး ဖြစ်လာခဲ့ရင် အရမ်း အန္တရာယ်ရှိတယ်။ အရင်တုန်းက လှေမှောက်ပြီး ကျားပိုက်ထဲဝင်သွားလို့ လူသေတာတွေ ဖြစ်ခဲ့ဖူးတယ်။ အဲလို အသက်အန္တရာယ်ဖြစ်နိုင်တဲ့ နေရာက ကျားပိုက်ကို ဖြုတ်စေလိုတယ်” ဟု မကျည်းပင်စုရွာသားတဦးက ပြောသည်။
-
0 comments :
Post a Comment