နန်းကြာဖြူ ၊ဘားအံ၊
ငါဟာ ကြင်နာတတ်တဲ့
မိန်းကလေးတစ်ယောက် ဖြစ်ချင်ခဲ့တယ်။
ဒါပေမဲ့ အငြိုးအတေးကြီးပြီး
ရက်စက်တတ်အောင် သူ သင်ပြပေးတယ်။
ပန်းတွေနဲ့ Allergic ဖြစ်တဲ့ ငါ့အတွက်
မွှေးလွန်းလို့ နံတဲ့ပန်းတွေ
မကြာမကြာ သူ ယူလာတယ်။
ကြောင်တွေကို ဘယ်တော့မှ ထပ်မနမ်းရဘူးလို့
အမေက ငါ့ကိုပြောတယ်
သူကတော့ အမြဲပဲ ကြောင်တွေနဲ့ ပလူးပလဲလုပ်တယ်။
မိုးရေစိုရင် ငါဖျားမှာ သိရဲ့သားနဲ့
မိုးသည်းသည်းမှာ လျှောက်ပြေးရတာ
သူ ပျော်မြူးတယ်။
ငါ မခံစားချင်ဘူး အချစ်ဆူးကို ကြောက်ပေမဲ့
မိုက်မိုက်ကန်းကန်း ဗီလိန်မဲန်းကိုမှ
ရူးရူးမိုက်မိုက် သူနှစ်ခြိုက်တယ်။
အေးအေးချမ်းချမ်း ရှေ့ဆက်လှမ်းချင်လည်း
ဗရုတ်သုတ်ခ အတွေးတွေပေး
ငါ့ပန်းတိုင်နဲ့ ဝေးအောင်
အမြဲသာ သူ နှောင့်ယှက်
ငါ့ရှေ့ရေးကို လာလာဖျက်တယ်
သူ့ကို အနိုင်ယူဖို့ ကြိုးစားတိုင်း
အမြဲ ငါပဲ ရှုံးနိမ့်တယ်။
အခါခါ ကျရှုံး ငါ့ကိုယ်ငါ မုန်းလို့
ချုပ်ထိန်းမရတဲ့ ဒေါသတွေက
လက်တွေကို ပန်းအိုးဆီ ပို့လွှတ်တယ်။
ပြီးတော့ ပစ်ပေါက်လိုက်တယ်
ကျယ်လောင်တဲ့ အသံနဲ့အတူ
ငါ့ရှေ့က မှန်ချပ်ကွဲကြေသွားတယ်
ရန်သူ့ပုံရိပ်ဟာလည်း
ပျောက်ကွယ်သွားတော့တယ်။
ဖူးငုံမဂ္ဂဇင်း
0 comments :
Post a Comment