ပိုကြန့်ကြာလာနိုင်တဲ့ ဇေကမ္ဘာနဲ့ဦးနေမျိုးဝေတို့အမှု

Saturday, September 22, 2012

~


မိုင်အဲမလီ ~

 
( ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

ဇေကမ္ဘာကုမ္ပဏီအပေါ် အသရေညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးနေမျိုးဝေရဲ့ အမှုမှာ တရားလိုဘက်ရှေ့နေများက ရက်ချိန်းကို ရွှေ့ဆိုင်းနေတာကြောင့် ပိုမိုကြန့်ကြာလာနိုင်တယ်လို့  သူ့ရဲ့ ရှေ့နေ ဒေါ်စန္ဒာဦးက ပြောပြပါတယ်။

 ဧရာဝတီရုပ်သံမှာ ဖော်ပြခဲ့တဲ့ ရွှေနံ့သာ လယ်သမားအရေးမှာ  ဦးနေမျိုးဝေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီက စွဲဆိုထားတာပါ။

အဲဒါကတော့ ရုပ်သံထဲမှာ လယ်သူမကြီး ဒေါ်အုန်းမြင့်ရဲ့တဲကို လက်ညှိုးပြီး ဦးနေမျိုးဝေ ထောက်ပြပြောဆိုချက်တွေ ဖြစ်ပါတယ် တဲ့။

တတိယကြိမ်မြောက် ဒီရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်တွေကို တင်ပြခဲ့ပါတယ်။

 လာမယ့် သြဂုတ်လ ၄ရက်နေ့မှာတော့ ဇေကမ္ဘာဘက်က တင်ပြခဲ့တဲ့ အစည်းအဝေး မှတ်တမ်း စာရွက်စာတမ်းတွေကို  လက်ခံသင့် မခံသင့် တရားရုံးက  ဆုံးဖြတ်ပေးမှာပါ။

ဒီမှတ်တမ်း စာရွက်စာတမ်းတွေမှာ ကွဲပြားမှုတွေ ရှိနေတာကြောင့်  ရှေ့နေ ဒေါ်စန္ဒာဦးက ကန့်ကွက်ထားပါတယ်။

ရုံးချိန်းကို ၁၀နာရီလို့ သတ်မှတ်ထားပေမယ့် ဇေကမ္ဘာကုမ္ပဏီဘက်က မန်နေဂျာ ဦးမြင့်ဇော်က ၁၁နာရီကျော်မှ ရောက်လာတာပါ။

မန်နေဂျာ ဦးမြင့်ဇော်ဟာ မီဒီယာတွေကို ရှောင်တိမ်းနေပုံရပြီး မေးမြန်းချက်တွေလည်း လက်မခံပါဘူး ။

ရုံးချိန်းတွေ တပါတ်ပြီး တပါတ်ချိန်းဆိုနေတာကြောင့် အလုပ်ကိစ္စတွေနဲ့ ခရီးသွားလာရေးကို ရုံးချိန်းနဲ့ လွဲအောင် စီစဉ်နေရလို့ အခက်အခဲရှိနေတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။










~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved