ဘာကြောင့် ဘန်ကောက်သွားကြသလဲ

Friday, September 28, 2012

~


ပြည်တော်မြင့် ~


  
 ဓာတ်ပုံများ - ဧရာဝတီ 





မဲဆောက်ဒေသရောက် မြန်မာအလုပ်သမားတွေ ဘန်ကောက် အပါအ၀င် တခြားဒေသများကို တရားဝင် သွားရောက်နိုင်တယ်လို့ ဥပဒေက ခွင့်ပြုထားပါတယ်။
ဒါပေမယ့် အာဏာပိုင်တို့ကတော့ ခွင့်မပြုပါဘူး။ ဒီအကြောင်း ပြည်တော်မြင့်က သတင်းပေးပို့ထားပါတယ်။



ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် မရှိသည့်ကိစ္စနှင့် ပတ်သက်၍  အာဏာပိုင်တို့နှင့် ယနေ့ ဆွေးနွေးသော်လည်း ရေရာသည့်အဖြေ မရရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။


“ထိုင်းအာဏာပိုင် အဖွဲ့စုံနဲ့ ဒီနေ့မဲဆောက်မှာဆွေးနွေးပေမယ့် တိုးတက်မှုမရှိခဲ့ဘူး။ အလုပ်သမားတွေဘက်က တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အရေးပါ အရာရောက်တဲ့ အချက်အလက်တွေကို သူတို့ဘက်က မသိမသာနဲ့ ပယ်လိုက်တာတွေ၊  လမ်းကြောင်း လွဲလိုက်တာတွေကို ပညာသားပါပါနဲ့ လုပ်လိုက်တော့ ကျွန်တော်တို့ဘက်က တင်ပြချက်တွေက အရာမရောက်ခဲ့ဘူး” ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။



ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ထိုင်းနိုင်ငံအတွင်း လွပ်လပ်စွာ ခရီးသွားလာခွင့် ရှိသည်။

ထိုင်းနိုင်ငံအလုပ်သမားဥပဒေ



 “သူတို့ဆီက ရှင်းလင်းတဲ့အဖြေတစုံတရာမရရှိခဲ့ပေမဲ့ မြန်မာအလုပ်သမားတွေရဲ့ လိုအပ်ချက် အခက်အခဲတွေနဲ့ ဆန္ဒသဘောထားတွေကို ထိုင်းအာဏာပိုင်တွေဆီမှာ ပွင့်ပွင့်လင်းလင်း တင်ပြ နိုင်ခဲ့တာတွေကိုတော့ သူတို့ သိရှိသွားတဲ့အတွက် တစုံတရာတော့ သက်ရောက်မှုရှိပါတယ်” ဟု ကိုထွေးနိုင်က ဆက်ပြောသည်။ 

 
ဘယ်တုန်းက ပိတ်သလဲ
ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ထိုင်းနိုင်ငံတွင်း လွပ်လပ်စွာ ခရီးသွားလာခြင်း ခွင့်ပြုထားသော်လည်း မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်းရှိ တရာဝင်အလုပ်သမားများ အခြားဒေသများသို့ သွားရောက်ခြင်း မပြုနိုင်ပေ။ ပြီးခဲ့သည့် ဇွန်လလယ်မှ စတင် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ဘာကြောင့် ပိတ်သလဲ
မဲဆောက်ရှိအလုပ်ရုံစက်ရုံများတွင် အလုပ်သမားပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်သည်ဟု ဆိုကာ   ထိုင်းလုပ်ငန်းရှင်များ စုပေါင်းပြီး တာ့ခ်ခရိုင် အာဏာပိုင်တို့ထံ သွားရောက် အရေး ဆိုခဲ့သဖြင့် ထိုသို့ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘာကြောင့် မဲဆောက်ကနေ ထွက်ကြသလဲ
တာ့ခ်ခရိုင် ၉ မြို့နယ်တွင် အလုပ်ရုံစက်ရုံပေါင်း ၄၀၀ ခန့် ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသည့် တနေ့တာလုပ်အားခ ၂၂၆ ဘတ်ပေးသည့် အထည်ချုပ်စက်ရုံများမှာ တော့ဖောင်း စက်ရုံအပါအ၀င် ၂ ရုံသာရှိသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။

“မဲဆောက်က မြန်မာအလုပ်သမားတွေ လုပ်အားခ ပိုမိုရရှိတဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို သွားတာကို မဲဆောက်အထွက် စစ်ဆေးရေးဂိတ်မှာ ဆွဲချခံရတယ်။ သွားခွင့်မပြုဘူး။ မဲဆောက်မှာက အလုပ်သမားတွေရဲ့ တနေ့လုပ်အားခက ဘတ် ၇၀-၈၀ လောက်ပဲ ရကြတယ်။ တာ့ခ်ခရိုင်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တနေ့တာ လုပ်အားခက ၂၂၆ ဘတ်ဖြစ်တယ်” ဟု မြန်မာအလုပ်သမားခေါင်းဆောင် ကိုချိုက ဆွေးနွေးပွဲတွင်  တင်ပြခဲ့သည်။ 
မဲဆောက်ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ခန့်တွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများကို သတ်မှတ် လုပ်အားခ တရက် ၂၂၆ ဘတ် ပေးမည် ဆိုပါက မည်သူမျှ ထိုင်းနိုင်ငံ အတွင်းပိုင်းသို့ သွားရောက်ကြမည် မဟုတ်ကြောင်းလည်း ကိုချိုက ပြောသည်။

မဲဆောက်ဒေသ မြန်မာဘယ်လောက်ရှိသလဲ
မဲဆောက်အပါအ၀င်တာ့ခ်ခရိုင် ၉ မြို့နယ်အတွင်း လက်ရှိမြန်မာအလုပ်သမား ၄ သိန်းခန့်ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည့်အရေအတွက်မှာ ၄ သောင်းကျော်သာရှိ သည်ဟု ထိုင်းအလုပ်သမားရုံး၏ စာရင်းများအရ သိရသည်။ 
မဲဆောက်မြို့နယ်ရှိ အလုပ်ရုံစက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းခွင် များတွင် လုပ်ကိုင်နေသည် မြန်မာအလုပ်သမားအရေအတွက်မှာ ၂ သိန်းခန့် ရှိသည်ဟု မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့များ၏ စာရင်းများတွင် ဖော်ပြထားသည်။

ယနေ့ဆွေးနွေးပွဲ တက်ရောက်သူများ၊ အဖွဲ့များ
လက်ထောက် တာ့ခ်ခရိုင်ဝန်၊
တာ့ခ်ခရိုင် အလုပ်သမားဌာန၊
ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်ရဲတပ်ဖွဲ့၊
ခရိုင်စက်မှုလုပ်ငန်းရှင်များအသင်း၊
တိုင်းရင်းသားများအခွင့်အရေးဆပ်ကော်မတီ
ရှေ့နေများ ကောင်စီ
မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြသည့် NGOများ
မြန်မာအလုပ်သမားခေါင်းဆောင်များ
အလုပ်သမားအရေးလေ့လာသူများ



















-
 

1 comments :

  1. Anonymous said... :

    မဆလ တစ်ပါတီ အာဏာရှင်စနစ်၊ န၀တ နအဖ အကြွင်းမဲ့ သက်ဦးဆံပိုင် စစ်အာဏာရှင်စနစ်ကြီး နစ်ခုနဲ့ နှစ်(၅၀)ခန့်အုပ်ချုပ်လိုက်တဲ့ ဆိုးမွေအဖြစ် ကိုယ့်နိုင်ငံသားတွေ၊ အသိဥာဏ်တွေကို ဈေးပေါပေါနဲ့ အသုံးချ ခိုင်းစေခံရပြီး ကျွန်သာသာ ဘ၀နဲ့ ပေးဆပ်နေ၇ဆဲပါ။
    ပြည်ပက စက်ရုံ၊ အလုပ်ရုံတွေ ပြည်တွင်းကို လာပြီး ရင်းနှီးမြှုတ်နှံမှ ရပ်ဝေးမှာ ကျွန်ခံရတဲ့ဘ၀မှ လွတ်မြောက်မှာပါ။
    ဒါပေမဲ့ နောက်ပြန်ဆွဲသမားတွေက ပြည်ပရင်းနှီးမြှုတ်နှံသူတွေ မလာနိုင်အောင် ကြန့်ကြာအောင် လုပ်နေတာတွေက ကျွန်သက် ကူလီသက်ရှည်အောင် လုပ်ပေးနေသလိုဘဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved