ဥပသကာတစ်ယောက်ရဲ့ စိတ်ဓါတ်

Saturday, September 29, 2012


 အိပ်မက်မကောင်းတာကတော့အမှန် ဒီရက်ပိုင်းအတွင်း ထမင်းလုံးတစ္ဆေခြောက်ခြင်းလည်းမဟုတ်၊ အိပ်မက်ဆိုးများ နှစ်ကြိမ် သုံးကြိမ်ခန့် မက်နေမိသည်။ မည်သူတွေမှန်း မသိသောသူများ၏ ဝိုင်းဝန်း ချုပ်ကိုင်မှုကြောင့် ရုန်းထွက်၍မရသော ကျွန်တော်၊ ရှိသမျှ အားအင်တို့ဖြင့် ရုန်းထွက် လိုက်သောအခါ   မောပန်းနွမ်းနယ်မှုတို့ဖြင့် အိပ်မက်ဆိုးမှ နိုးထလာမိတဲ့ ကျွန်တော်၊ ချစ်စရာခွေးငယ်လေးအား ညင်သာစွာ ပွတ်သပ်မိစဉ် ကျွန်တော်၏ လက်အား သူ၏ အစွယ်ဖွေးဖွေးတို့ဖြင့် ငုံခဲခြင်းကိုခံရကာ ဆွဲခါလှုပ်ရမ်း၍   ခွေးငယ်လေး၏ အစွယ်ဖွေးဖွေးတို့မှ လွတ်မြောက်သွားသောအခါ အစွယ်၏ ကိုက်ခဲမှုဒဏ်ရာကြောင့် နာကျင်စွာ အိပ်မက်ဆိုးမှ လန့်နိုးမိခြင်းတို့ကို ယခု ပြည်ပနိုင်ငံတွင် ၂ ကြိမ်၊ ၃ ကြိမ်ခန့် အိပ်မက်ဆိုးများ မက်ခြင်းကို ကြုံတွေ့ခဲ့ရသည်။

 အိပ်မက်နှင့်ပတ်သက်၍ အချို့သောသူများသည် အိပ်မက်ဆိုးမက်ပါက အတိတ်နိမိတ်မကောင်း ခြင်း၊ ထို့ကြောင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန် လိုခြင်းတို့ကို ပြောကြား ကြသော်လည်း အချို့သော သူများသည် အိပ်မက်ကို ပြောင်းပြန်ကောက် ယူရကြောင်း တို့ကိုလည်း   ပြောကြပြန်သည်။ ဤသည်တို့မှာ အယူစွဲများပင်ဖြစ်သည်ဟု ကျွန်တော်ထင်မှတ်သည်။ 

ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် စတင်လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့စဉ်ကတည်းက ယခုအချိန်ထိ ကောင်းမှုကုသိုလ်တို့ကိုလက်တွေ့ နေ့စဉ်လုပ်ကိုင်ခဲ့ခြင်း၊ တရားဘာဝနာကိုလည်း ပွားများကာ သတိတရား၊ အသိတရားတို့ဖြင့် မိမိကိုယ် မိမိ အတတ်နိုင်ဆုံး ထိန်းကြောင်းနေသူ တစ်ဦးလည်းဖြစ်သည်။ 

ထို့ကြောင့် အိပ်မက်နှင့်ပတ်သတ်၍ မည်သို့ပင် တိုက်ရိုက်မှန်ကန်သည်ဖြစ်စေ၊ သွယ်ဝိုက်၍   ပြောင်းပြန် ယူရသည်ဖြစ်စေ၊ ရင်ဆိုင်ရန် အသင့်အနေအထား ရှိခဲ့သည်။ 

အိပ်မက်ဆိုးတိုင်း လက်တွေ့တွင်ဆိုးမည်လား... အိပ်မက်ကောင်းတိုင်း လက်တွေ့တွင်ရော   ကောင်းမည်လား...။  ကောင်းပြီ...။ ကျွန်တော်ယခု အိပ်မက်ဆိုးများမက်နေသည်။ 

သို့သော်ပြင်ပတွင်ကား ယခု အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ US. Capitol အတွင်းသို့ရောက်သောအခါ လွှတ်တော်အမတ်များ၊ အမေရိကန်နိုင်ငံခေါင်းဆောင်များ၊ မြန်မာဘုန်းတော်ကြီးများ၊ မြန်မာပြည်သူ လူထုများ၊ အမေရိကန်နိုင်ငံရှိ NGO များ၊ လူထုခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ မြန်မာ့ ဒီမိုကရေစီအရေးကို တဖက် တလမ်းမှ စွမ်းဆောင်ခဲ့ကြသော မြန်မာပြည်တွင်းရှိ ရှမ်းတိုင်းရင်းသား   ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နယ်စပ် ဒေသတွင် တိုင်းရင်းသားပြည်သူ ဒုက္ခသည်များအား ကူညီဖေးမကာ ကျန်းမာရေးအား စောင့်ရှောက်ပေး နေသော ဒေါက်တာ ဒေါ်စင်သီယာမောင်၊ အမေရိကန်နိုင်ငံတွင်    နေထိုင်လျှက် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ကူညီပေးခဲ့သော ကိုအောင်ဒင်၊ မြန်မာပြည်တွင်း ဒီမိုက ရေစီရရှိရေးအတွက် အင်တိုက်အားတိုက် ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ပွဲတက်ရောက်ခြင်းမရှိခဲ့) တို့နှင့်အတူ NED (National Endowment for Democracy) မှ ပေးအပ်သောဆုအား တက်ရောက် ရယူခဲ့ရသည်။ 

ထို့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား အမေရိကန်နိုင်ငံမှ ချီးမြှင့်သော Congressional Gold Medal ဆုပေးပွဲ အခမ်းအနားသို့ လည်း Hillary Clinton အပါအဝင် အမေရိကန်နိုင်ငံရှိ အစိုးရ အရာရှိကြီးများနှင့်တကွ မြန်မာပြည်သူ လူထု တို့နှင့်အတူ မြန်မာနိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ သမ္မတအကြံပေးတို့နှင့်အတူ ထိုပွဲအား ကျွန်တော်ပါတက်ရောက်ခွင့် ရရှိခဲ့သေးသည်။ 

ထိုခရီးစဉ်တစ်လျှောက်တွင်လည်း မြန်မာနိုင်ငံအား စစ်မှန် သော ဒီမိုကရေစီရရှိရေးအတွက် ပံ့ပိုးကူညီကြ   သော အမေရိကန်နိုင်ငံအစိုးရ အရာရှိများ၊ လွှတ်တော် အရာရှိများ၊ အမေရိကန်နိုင်ငံ NGO အဖွဲ့အစည်း များနှင့်ပါ တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။ 

 ထိုသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဖြစ်သူ ဦးအောင်မင်းသည် ယခင် အတိုက်အခံ ခေါင်းဆောင်တစ်ဦး   ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ဂုဏ်ပြုသည့်ပွဲအား တက်ရာက်ခြင်းသည် မင်္ဂလာရှိသော လုပ်ရပ် တစ်ခုဖြစ်သည့်အပြင် လွန်ခဲ့သော နှစ်ရက်ခန့်က အမေရိကန်နိုင်ငံ သို့ရောက် ရှိလာသော   မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည်လည်း   မြန်မာ့ ဒီမိုကရေစီ   ခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးစွာ တွေ့ဆုံ ဆွေးနွေးမှုများကို နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ပြန်သည်။ 

ဤအကြောင်းအရာနှင့် ပတ်သတ်၍ အသံလွှင့်ငှာနတစ်ခုဖြစ်သော VOA မှ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအား မေးမြန်းထားရာတွင် ဝန်ကြီးဦးစိုးသိန်းမှ "နယူးရောက်မှာ အတူတူရောက်နေကြတဲ့ ကျွန်တော်တို့ဘက်ကလည်း နိုင်ငံတော် သမ္မတကြီး၊ ဟိုဘက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမကြီးနှင့်တူတူရှိတော့ အမကြီးက လာပြီးတော့  နှုတ်ဆက် တာပေါ့ဗျာ၊ တွေ့တယ်၊ စကားလေးဘာလေး ပြောတယ်။ 

ရန်ကုန်မှာလိုပဲ၊ နေပြည်တော်မှာလိုပဲ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြတယ်လေ။ တွေ့ဆုံကြတယ်၊ ဒီသဘောပါ၊ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရရာက အခုတော့ အတူတကွ လုပ်ဖော်ကိုင်ဖက် တွေအဖြစ် တွေ့ဆုံဆွေးနွေး တိုင်ပင်ခဲ့သည်။

 ပြည်သူတွေ တိုးတက်ဖို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန်ပေါ့ဗျာ၊ ဒီအတွက် နှစ်ယောက်ရဲ့ အားက  နည်းတဲ့ အားလားဗျာ" ဟူ၍ ပွင့်လင်းစွာဖြင့် ပြောကြားခဲ့သည်ကိုလည်း မင်္ဂလာရှိစွာ ကြားသိခဲ့ရပြန်သည်။ 

 ၂၆.၉.၂ဝ၁၂ ရက်နေ့တွင်လည်း ရန်ကုန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သမ္မတကြီး ဦးသိန်းစိန်   နေအိမ်မှ အသင်းသို့ အလှူငွေလာရောက်လှူဒါန်းလိုကြောင်း အကြောင်းကြားခဲ့ကာ ပကာသန ဟိတ်ဟန် မရှိဘဲ ရိုးသားပွင့်လင်းစွာဖြင့် အလှူငွေ (၁ဝ) သိန်း လာရောက်လှူဒါန်းခဲ့သည်။ 

ယင်းအလှူ လှူဒါန်းခြင်းအား သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုတို့မှ လှူဒါန်း   ခြင်းဖြစ်ကြောင်း ကိုယ်စားလာရောက်လှူဒါန်းသူ ဦးနွယ်ဦး မှ ပြောကြားခဲ့သည်။ အသင်း၏ လုပ်ငန်းရပ် များအား အသင်း၏ အုပ်ချုပ်ရေးမှူးနှင့် လုပ်အားပေးများတို့မှ လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် အလှူရှင် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းကိုပြုလုပ်ပြီး သာမန်မော်တော်ယာဉ် လေးဖြင့် ပြန်လည် ထွက်ခွာ သွား ကြောင်းကိုလည်း သိရှိခဲ့ ရသည်။

 ထို့ကြောင့် အိပ်မက်ဆိုးလျှင် လက်တွေ့တွင်ဆိုးသည်လား…၊၊ အိပ်မက်ကောင်းလျှင် လက်တွေ့ တွင်ကောင်းသည်လား…။ အိပ်မက်ကိုပြောင်းပြန်ယူရသည်လား…။ အိပ်မက်ကိုတည့်(ဒဲ့)ယူရသည်လား… ဆိုသည့် အကြောင်းအချက်များသည် လားလားမျှ မသက်ဆိုင်တော့ကြောင်း ကျွန်တော်သိရှိခဲ့ရသည်။ 

အယူသီးမှုတစ်ခုကို ကျွန်တော်သည် လက်တွေ့တွင် ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်သည်။ ယခင် အချိန်ကာလများတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်သူသဖွယ် သဘောထားခဲ့သူများ၊ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ပေးဆပ်နေမှုများအား သံသယစိတ်ဖြင့် အမြဲစောင့်ကြည့် သတိပေး တားမြစ်ခြင်းကို ခံခဲ့ရမှုများ၊ ထို့နောက် ကျွန်တော် ကျော်သူအား အနုပညာလုပ်ငန်းများကို ပိတ်ဆို့တားမြစ်မှုများကို လုပ်ခဲ့သည့်အပြင် လူမှုရေးလုပ်ငန်းများကိုလည်း နိုင်ငံရေး အရိပ်အာဝါသ လွှမ်းခြုံထားသည်ဟု စွပ်စွဲခေါ်ယူ မေးမြန်းခဲ့မှုများ စသည့် အထင်အမြင် လွဲမှားခဲ့မှုများကို ခဝါချကာ ယခု ကဲ့သို့ ဒီမိုကရေစီ နိုင်ငံ ထူထောင်မှုတွင် တစ်ဦးကို တစ်ဦး လက်တွဲ ဖေးမ ကူညီ အသိအမှတ်ပြုခြင်းတို့နှင့် အတူ အများပြည်သူတို့အား ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကုသိုလ်ရေး လုပ်ငန်းများအား အသိအမှတ်ပြုကာ လာရောက်လှူဒါန်းခဲ့သော သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်ကြီးများနှင့် ဝန်ကြီးများ၊ နိုင်ငံခေါင်းဆောင် များ ၏ ယခုလုပ်ဆောင်ချက်များအား မင်္ဂလာတရားနှင့်အညီ မြန်မာပြည်သား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ ဗုဒ္ဓတပည့် ဥပါသကာတစ်ယောက်ရဲ့ စိတ်ဓာတ်ဟူသော ခံယူချက်ဖြင့် မှတ်တမ်းကဗျည်းတင် လိုက်ရပါတော့သည်။

 ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် ကျွန်တော်သည် အရာရာကို သည်းခံခွင့်လွှတ်တတ်သည့် စိတ်ဓာတ် အမြင်ကို ခံယူကျင့်သုံးသည်။ သည်းခံခွင့်လွှတ်ခြင်း စိတ်ဓာတ် ကိုယ်ကျင့်သိက္ခာ မြင့်မားရေးစိတ်ဓာတ် အထူးသဖြင့် နူးညံ့သိမ်မွေ့မှု၊ လူသားခြင်းစာနာထောက်ထားမှု၊ မေတ္တာ ဘာဝနာ ပွားများမှုတို့ဖြင့် ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်ပါသည်။

 (ဦးသန့် - ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်)

 ကျော်သူ 




1 comments :

  1. Anonymous said... :

    ဦး သိန်း စိန် ရဲ့ ဝန် ကြီး အ ဖွဲ့ ဟာ အ မေ ရိ ကန် နဲ့ စီး ပွါး ရေး နဲ့ ကုန် သွယ် ရေး ဆွေး နွေး ဖို့ အ မေ ရိ ကန် နိုင် ငံ ကို သွား ခဲ့ ပေ မဲ့ Asian Society နဲ့ တွေ့ ဆုံ ပွဲ မှာ ကုန် သွယ် ရေး ဝန် ကြီး ကို ပ ညာ အ ရည် အ ချင်း မ မှီ လို့ သ မ တ က ဆွေး နွေး ပွဲ မ တက် ခိုင်း ပါ ဘူး ။ ဝန် ကြီး ဦး ဝင်း မြင့် တော် တော် ရှက် သွား တယ် လို့ ကြား သိ ရ ပါ တယ် ။ သူ ဟာ ရွေး ကောက် ပွဲ ဝင် ချိန် က စ ပြီး အိမ် မှာ ဘာ သာ စ ကား ကို ကြိုး စား လေ့ လာ ခဲ့ တယ် လို့ ဆို တယ် ။ ပြီး တော့ သူ့ ရင် ထဲ က ခံ စား ချက် ကို အ ခု လို ပြော ပါ တယ် " ကျွန် တော့ ကို အ ရည် အ ချင်း မ မှီ ဘူး လို့ ဒေါ် အောင် ဆန်း စု ကြည် က ပြော ရင် ခံ သာ ပါ တယ် ဗျာ " တဲ့ ။ ဆက် ပြီး တော့ " ဘာ မ ဟုတ် တဲ့ စစ် ဗိုလ် လူ ထွက် က " ဆို ပြီး ဆို့နစ် စွာ နဲ့ မျက် ရည် ကျ ခဲ့ တယ် လို့ အ တိ အ ကျ ကြား သိ ရ ပါ တယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved