KNU နဲ့ အစိုးရ ဆက်ရန်ရှိသေးသည်

Wednesday, September 5, 2012



~



ပြည်တော်မြင့် ~


အစိုးရနဲ့ ဘားအံမှာ ဆွေးနွေးခဲ့တဲ့ KNU အဖွဲ့ ဒီကနေ့ မြ၀တီကို ပြန်ရောက်လာပါပြီ (ဓာတ်ပုံများ - ဧရာဝတီ)

နှစ်ဘက်တပ် အပြောင်းအရွှေ့နေရာချထားရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရရှိခဲ့တဲ့အတွက် ထပ်မံပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျရင် အသေးစိပ်ပြန်ညှိနှိုင်းကြဖို့  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ KNU က အထွေထွေ အတွင်းရေးမှူးနော်စီဖိုးရာစိန်ဦးဆောင်တဲ့ အဖွဲ့တို့ မနေ့က ဘားအံမြို့မှာ သဘောတူညီခဲ့ကြပါတယ်။

ဒီလ ၄ - ၅ ရက်နေ့တွေက ဘားအံမှာလုပ်ခဲ့တဲ့ နှစ်ဘက်အကြား ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာ နှစ်ဘက် လိုက်နာရမယ့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး သဘော တူညီချက်အချို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပေမဲ့ KNU ဘက်ကနှစ်ဘက်တပ်များ နေရာချထားရေးနဲ့ပတ်သက်ပြီး မြေပုံအညွှန်းတွေနဲ့တကွ တင်ပြချက်တွေကိုတော့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးပွဲမှာ အဖြေမပေးနိုင်ပါဘူး။
ကာကွယ်ရေး ဦးစီးချုပ်ဆီကို ထပ်မံ တင်ပြရမှာဖြစ်တဲ့အတွက် လာမယ့် တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကျရင် ထပ်မံဆွေးနွေးဖို့ ပြောကြားခဲ့ပါတယ်။

မနေ့ကကျင်းပပြီးစီးခဲ့တဲ့
နှစ်ရက်တာ ဆွေးနွေးပွဲအတွင်း KNU ဘက်က တောင်းဆိုချက်မှာ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ခရိုင် ၇ ခု ရဲ့ နယ်စပ်တွေမှာ မြန်မာအစိုးရတပ်တွေရဲ့ တပ်တည်နေရာနဲ့ တပ်အပြောင်းအရွှေ့လုပ် ရမယ့် အကြောင်းအရာတွေကို ဆွေးနွေးပွဲမှာပါတဲ့ ကရင်တပ်မှူး ၃ ဦးက အဓိက ဆွေးနွေးခဲ့တာပါ။
ဒီတောင်းဆိုချက်တွေကို မြန်မာကိုယ်စားလှယ်အဖွဲ့က သဘောတွေ့ပုံ မရပေမဲ့ မူအားဖြင့်တော့ သဘောတူခဲ့တယ်လို့ ဆွေးနွေးပွဲလေ့လာသူတဦးက ပြောပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တဦးပြောတာကတော့ ငြိမ်းချမ်းရေးကိစ္စကို ကုလားအုပ်ပုံပြင်နဲ့ ဥပမာပေးသွားပါတယ်။ တဲထဲကိုခေါင်းအရင်ဝင်ပြီးမှ တဖြည်းဖြည်းနဲ့ ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး ၀င်လို့ရမှာဖြစ်တယ် ဆိုတဲ့အကြောင်းကို ထည့်ပြောသွားတယ် လို့ လေ့လာသူတဦးက ပြောပါတယ်။

ဒါပေမဲ့ ကရင်ခေါင်းဆောင်တွေကတော့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိတဲ့ အထိ ကြိုးပမ်းသွားမယ်လို့ ပြည်တွင်းက မြန်မာမီဒီယာသမားတွေကို မနေ့က ဘားအံမှာပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ၁၀ နာရီမှာတော့ KNU ကိုယ်စားလှယ်အဖွဲ့ ဘားအံကနေတဆင့် မြ၀တီမြို့ကို ပြန်လည် ရောက်ရှိ လာကြပါပြီ။ သူတို့ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း လာပြန်ပို့တာလို့ သိရပါတယ်။ နောက်တကြိမ် ဆွေးနွေးပွဲကို ဒီနှစ်မကုန်ခင် ထပ်မံပြုလုပ်ကြဖို့ နှစ်ဘက် သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။









~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved