ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းလာတဲ့ Lenovo ဟန်းဆက်

Monday, September 17, 2012



~


ရွက်စိမ်း ~

Lenovo စမတ်ဖုန်း

မြန်မာပြည်ရဲ့ လက်ကိုင်ဖုန်း(ဟန်းဆက်) ဈေးကွက်မှာ အရောင်းအသွက်ဆုံးဖြစ်နေတာတဲ့ ဖုန်းအမျိုးအစားတခုကတော့ Lenovo ဖြစ်တယ် လို့ သိရပါတယ်။

ဈေးနှုန်း သင့်တင့်တယ်၊ အရည်အသွေး ကောင်းတယ် ဆိုတဲ့ အချက်တွေကြောင့် ရေပန်းစားနေတာပါလို့  KMD ကုမ္ပဏီရဲ့ ထုတ်လုပ်ရေးမန်နေဂျာ ဖြစ်သူ ကိုရဲဝင်းနိုင်က ပြောပါတယ်။

“ဟန်းဆက်တွေက ပြည်တွင်းကို ရောက်လာတာ နှစ်လလောက် ရှိသွားပြီ။
သူ့ ရဲ့ Brand အရည်အသွေးကို လူတွေက ယုံကြည်ပြီးသား ဆိုတော့ ရောင်းအားကတော့ ကောင်းပါတယ်။
အခု ဆိုရင်တောင် ပစ္စည်း ပြတ်လပ်လို့ ပြည်ပကနေ ထပ်မှာယူထားပါတယ်” လို့ ၄င်းက ပြောပါတယ်။
Lenovo က မြန်မာပြည်မှာ အထင်ကရ တံဆိပ် မဟုတ်ပါဘူး။
သို့သော်လည်း လက်ပ်တော့နဲ့ ကွန်ပြူတာ ပစ္စည်းတွေမှာ နာမည်က အရင်ကတည်းက ရှိပြီးသားလို့
ကိုရဲဝင်းနိုင်က ပြောပါတယ်။

သူပြောသလိုပါပဲ - အင်တာနက်မှာ
Lenovo ဆိုတဲ့ စကားလုံးရိုက်နှိပ်ပြီး ရှာဖွေလိုက်ရင် ကွန်ပြူတာပုံတွေချည်း ပေါ်လာတာ တွေ့ရမှာပါ။

Lenovo စမတ်ဖုန်းက မြန်မာ ဈေးကွက်တွင်း စတင်ဝင်ရောက်လာတာ မကြာသေးပါ။ ဒါကြောင့် ဖုန်းနဲ့ ဖုန်းအပိုပစ္စည်းဆိုင်တွေမှာ ရောင်းချတာတော့ သိပ်မတွေ့ရသေးဘူးလို့ ကိုရဲဝင်းနိုင်က ပြောပါတယ်။

ဝင်ရောက်လာတဲ့ Lenovo တံဆိပ် ဟန်းဆက်တွေကတော့ GSM /WCDMA တို့ ဖြစ်ကြပါတယ်။
အသုံးပြုနေရင်း အပူချိန်တွေ အရမ်း တက်လာတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ရောင်းအား ကောင်းတဲ့ အမျိုးအစားတွေကတော့ ဆင်းကတ် နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ Lenovo A790e ဟန်းဆက်ဖြစ်ပါတယ်။
ဈေးနှုန်းကတော့ ကျပ် ၇၉,၀၀၀ ပါ။
နောက်တစ်မျိုးကတော့ စီဒီအမ်အေ 800 ဟန်းဆက် ဖြစ်တဲ့ Lenovo A 60+ ဖြစ်ပါတယ်။ ၁၀၉,၀၀၀ နဲ့ ရောင်းနေတာပါ။

Lenovo တံဆိပ် ဟန်းဆက်တွေကို စကာင်္ပူနိုင်ငံက တင်သွင်းတာလို့ သိရပါတယ်။
အရည်အသွေးကောင်းပြီး သင့်တင့်တဲ့ ဈေးနှုန်းရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဟန်းဆက်ဈေးကွက်မှာ အခုထက်ပိုပြီး လူကြိုက်များမယ့် တံဆိပ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဟန်းဆက် အရောင်းဆိုင်တချို့က ပြောပါတယ်။

ဆိုင်တွေရဲ့ ခန့်မှန်းချက် မှန်ကန်ဖွယ်ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး
ဟန်းဆက်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ ဒီတံဆိပ်က အရောင်းသွက်ဒုတိယလိုက်နေပါပြီ။

ကဲ - လက်ကိုင်ဖုန်းကတော့ ဈေးနှုန်း သင့်လျော်ပေမယ့် ဖုန်းထဲ မထည့်မဖြစ် ထည့်ရတဲ့ ဆင်မ်ကတ် (sim card) ကတော့ ဈေးနှုန်း မိုးပေါ်ကနေ မဆင်းသေးပါဘူး။ "ငါးထောင်တန်ဆင်မ်ကတ်" ဆိုတဲ့ အသံတွေလည်း ခုတလော တိတ်ဆိတ်နေတာ တွေ့ရပါတယ်။


~

3 comments :

  1. lovecircle said... :

    အခုဆက်သွယ်ရေးဝန်ကြီး အနားယူပြီးမှ ၅၀၀၀ တန်SIM ထွက်မှာပါ။သူအနားမယူမချင်းပြည်သူတွေကိုငွေ ၅၀၀၀. နဲ့ SIM ကတ်မရောင်းနိုင်ပါဘူးတဲ့ခင်ဗျာ၊ဒု ၀န်ကြီးဖြစ်လာ တဲ့ဦးသောင်းတင်ကိုလည်းစောင့်ကြည့်ရအုံးမယ်။သူပြော တဲ့အတိုင်းဖြစ်လာမလားဆိုတာကို၊ဒါပေမဲ့ ဒုဝန်ကြီးက. ၃ ဦးဖြစ်နေတော့ ၀န်ကြီးပြီးရင် ဘယ်သူလုပ်ပိုင်ခွင့်အရှိဆုံး လဲ? အဲဒါ သိချင်ပါတယ်။

  1. Anonymous said... :

    စင်္ကာပူyက သွင်း တယ်ဆိုပြီးလျှောက်ပြောနေတာ။ တရုတ်ဆိုရင် မ၀ယ်မှာစိုးလို့ ။ စင်္ကာပူမှာ Lenovo Handset ကြားတောင် မကြားဖူးဘူး

  1. Anonymous said... :

    computer မှာ lenovo က နာမည်ရှိတယ်ဟုတ်လား အညံ့ဆုံးဆိုတဲ့နေရာမှာ နာမည်ရှိနေတာဆိုရင်တော့ ဟုတ်တယ်လေ။ သူ့motherboard က သူများတွေထက် နှစ်သောင်းလောက် ဈေးချိုတယ်။
    amd cpu သုံးထားတယ် အဲ့အတွက်ဈေးချိုတယ်။ပစ္စည်းညံ့တယ်လေ။ amd cpu က ကြာကြာသုံးလို့မှမရတာ cpu fan က တစ်သက်မတ်တည်းလည်နေတာ intel လို အတိုးအလျော့မပါဘူး။
    ပြီးတော့ lenovo board က ညံ့တယ်။ ဘာသွားကောင်းနေတာလဲ ဘာတွေရောင်းရတာလဲ ဟွာဝှေးကိုဘယ်လိုလုပ်မှီမှာလဲ ဘာမှလည်းမသိဘဲနဲ့ ဘာတွေလျှောက်ပြောနေတာလဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved