သမ္မတအနေဖြင့် ဦးသိန်းစိန်ရဲ့ ပထမဆုံး US ခရီး

Thursday, September 13, 2012

သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံက သမ္မတ တဦးအနေနဲ့ ရာစု နှစ် ၅၀ ကာလအတွင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံး သွားပါတော့မယ်။

ဒါဟာ မကြာသေးခင်က အမေရိကန် သမ္မတ အိုဘာမားအစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ်
ပြုပြီး ကန့်သတ် ထားတဲ့ ဗီဇာပိတ်ပင်မှုကိုလည်း ဖယ်ရှားပေးပြီးနောက် အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ ခရီး စဉ် ဖြစ်လာတာပါ။

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို မြန်မာနိုင်ငံက သမ္မတ တဦးအနေနဲ့ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို အခု လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ခရီးစဉ် စတင်မှာ ဖြစ်ပါတယ်။

“သမ္မတကြီးက ကုလသမဂ္ဂနဲ့ အမေရိကန်ကို ၃ ရက်ခရီးထွက်ပါမယ်” လို့ မြန်မာအရာရှိတဦးက AFP ကို ပြောတာပါ။ မြန်မာနိုင်ငံက စက်တင်ဘာ ၂၄ ရက်နေ့မှာ ထွက်ခွာမှာဖြစ်တဲ့အကြောင်း အဆိုပါ အရာရှိက ဆက်ပြောထားပါတယ်။

ဦးသိန်းစိန်ဟာ ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို ၀န်ကြီးချုပ် တဦးအနေနဲ့ တက်ရောက်ခဲ့ဖူး ပါတယ်။

ဒါပေမယ့် အဲဒီအချိန်တုန်းက ကုလ ပရ၀ုဏ်ရဲ့ အပြင်ကို ထွက်လို့ မရခဲ့ပါဘူး။ အမေရိကန် က မြန်မာ
ခေါင်းဆောင်တွေ ကို ဗီဇာ ကန့်သတ်ထားတာကြောင့်လည်းဖြစ်ပါတယ်။

ကုလ ညီလာခံတက် ဖို့ နိုင်ငံခေါင်းဆောင်တိုင်း တက်ခွင့် ရှိပြီး အမေရိကန်က ဗီဇာ ကန့်သတ်ခံထားရ သူတွေဟာ ကုလ ပရ၀ုဏ် အပြင် ကို လွတ်လပ်စွာ ထွက်လို့ မရပါဘူး။ အခုတော့ သမ္မတ အိုဘားမားက ကန့်သတ်ထားတာတွေ ဖယ်ရှား လိုက်ပြီး ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို လွတ်လွတ်လပ်လပ် သွားလာလည်ပတ်နိုင်ပြီ ဖြစ်ပါတယ်။

ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်နဲ့ ရှေ့ဆင့်နောက်ဆင့်ဖြစ်လာတာလည်း စိတ်ဝင်စားစရာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၀၈ ခုနှစ် မေလက အမေရိကန် ကွန်ဂရက်က ချီးမြှင့်ထားတဲ့ အမြင့် ဆုံး ရွှေတံဆိပ်ဆု Congressional Gold Medal ကို လက်ခံယူဖို့ စက်တင်ဘာ ၁၆ ရက်နေ့ကို မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အမေရိကန်ကို ပထမဆုံး သွားမှာ ဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    ဟင် ဦးသိန်းစိန်က ဦးစကိုသွားတော့မယ်???

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved