ဖထီး စောဒေးဗစ်ထော အမှတ်တရ

Monday, October 15, 2012


~



လှမောင်ရွှေ ~


 

၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ (၁၄)ရက်နေ့ ည ၁၀ နာရီ ၃၇ မိနစ်မှာ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အတွင်းရေးမှူး ၊ KNU CEC ဖထီး စောဒေးဗစ်ထော ကွယ်လွန်သွားခဲ့ပါပြီ။ KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်နှစ်ပြည့်ခါနီးမှာ ဖြစ်ပါတယ်။
သူနဲ့ ၀န်ကြီးဦးအောင်မင်း စတွေ့တဲ့ ၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာ (၁၉)ရက်နေ့ ၊ ထိုင်းနိုင်ငံ Chiang Rai မှာ ကတည်းက သူ့ရဲ့ငြိမ်းချမ်းရေးလိုလားမှု ၊ ပါးနပ်လိမ္မာမှု ၊ အမြင်ကျယ်မှု ၊ ခေါင်းဆောင်မှုစွမ်းရည် နှင့် ကရင်လူမျိုးတွေနဲ့ တိုင်းရင်းသားတွေ အားလုံးအပေါ်မှာ ထားတဲ့စေတနာကို တအံတသြ ၊ တလေးတစား နားထောင်ခွင့် ၊ သင်ယူခွင့် ရခဲ့ပါတယ်။
နောက်တနေ့မှာလည်း ၀န်ကြီးနဲ့ သူတို့ ဆက်လက်ဆွေးနွေးခဲ့ပါတယ်။

ဖထီး ဒေးဗစ်ထော မပါခဲ့ရင် အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ဘို့ အင်မတန်မှ ခက်ပါလိမ့်မယ်။ ကြာပါလိမ့်မယ်။ KNU နဲ့ အစိုးရ ၆၂ နှစ်ကြာ တိုက်ခိုက်မှုတွေအပြီး ပထမဆုံးဆွေးနွေးပွဲမှာ ဖထီးဒေးဗစ်ထောဟာ တခြမ်းတည်းရှိတဲ့ အဆုတ်အတွက် ပါလာတဲ့ အောက်စီဂျင်ဘူးကို မကြာခဏရှူရင်း ငြိမ်းချမ်းရေးအတွက်ပြင်းပြတဲ့ဆန္ဒနဲ့ အခက်အခဲပေါင်းများစွာကို ဗိုလ်ချုပ်ကြီးမူတူးဆေးဖောနဲ့ လက်တွဲကာ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၁)ရက်နေ့မှာ သမိုင်းဝင် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာပါတဲ့ လူတွေအားလုံး အံ့သြ၀မ်းသာပြီး တချို့လဲ မျက်ရည်ကျခဲ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်လေးနာရီအကြာမှာ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အများလွှတ်တဲ့အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

KNU - အစိုးရ အပစ်အခတ်ရပ်စဲမှုဟာ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး အပေါ်မှာ သက်ရောက်မှုရှိခဲ့ပြီး ဒီကနေ့အားလုံးမြင်နေရတဲ့ အခြေအနေကိုရောက်ခဲ့ပါတယ်။ ဖထီးဒေးဗစ်ထောမရှိတော့ပေမယ့် မပြီးသေးတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကျန်သူများက ဆက်ပြီး တာဝန်ယူကြရပါလိမ့်ဦးမယ်။

မနေ့က မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ ဖထီးဒေးဗစ်ထောကို အထူးကြပ်မတ်ကုသပေးနေတဲ့ ဆရာဝန်ဗိုလ်မှူးကြီးပြောစကားကို ပြန်မျှဝေလိုပါတယ်။
“အရင်တုန်းက တရက်ထဲမှာ မိုင်းထိတဲ့ တပ်မတော်သား ၂၀ ကျော်အထိ ခြေပြတ် လက်ပြတ် လုပ်ခဲ့ရဘူးတယ်။ အခု အဲဒီလို case တွေ မရှိသလောက်ဖြစ်လို့ ကျောင်းသားတွေကို ဗီဒီယိုပြပြီး သင်နေရတယ်” လို့ပါ။
စစ်ပွဲတွေကြောင့် နှစ်ဖက်စလုံးရဲ့ ဆုံးရှုံးမှုကို တွေးဆမိပါတယ်။ ကရင်ပဲဖြစ်ဖြစ် မြန်မာပဲဖြစ်ဖြစ် အားလုံးကျနော်တို့ နိုင်ငံသားတွေပါပဲ။
ဖထီးဒေးဗစ်ထောလို လူမျိုးတွေ ကျနော်တို့ နိုင်ငံမှာ အများကြီးလိုအပ်ပါတယ်။ သူတို့လို လူမျိုးတွေများမှ နှစ်ဖက်လက်ခံနိုင်တဲ့ ညှိနှိုင်းမှုတွေကို မြန်မြန်လုပ်နိုင်ပြီး ၊ အားလုံးလိုချင်တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မြန်မြန်ရောက်နိုင်မှာပါ။ ၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလက ကျနော့်လုပ်ဖော်ကိုင်ဖက် Dr. နေ၀င်းမောင် ဆုံးပြီးနောက်မှာ ကျနော့်အတွက် ဖထီးဒေးဗစ်ထောက ဒီနှစ်ထဲမှာ ဒုတိယမြောက်ဆုံးရှုံးမှုပါပဲ။ ပြည်ထောင်စုကြီးအတွက်လည်း ဒီလိုဖြစ်မယ်ထင်ပါတယ်။

ကျနော့်မိတ်ဆွေ ချင်းအမျိုးသားပညာရှင်တစ်ဦးဖြစ်တဲ့ ဆလိုင်းငွန်ကျုံးလျန်(ခေါ်)Dr.Andrew ရဲ့ ၀မ်းနည်းစကားနဲ့ အဆုံးသတ်ပါရစေ။

“လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက သူရဲ့သွန်သင်မှု ၊ နားလည်စာနာမှုနဲ့ ကျနော် ဒီလိုဖြစ်လာခဲ့တာ။ သူမရှိခဲ့ရင် ကျနော် Peace ကိစ္စတွေမှာ ၀င်ပါမိမှာ မဟုတ်ဘူး။ ကရင်တွေအတွက် ချင်းတွေအတွက်တင်မဟုတ်ဘူး ၊ သန်း ၆၀ အတွက် သိပ်ပြီး ၀မ်းနည်းမိပါတယ်။”

ဖထီးဒေးဗစ်ထော ကောင်းရာသုဂတိရောက်ပါစေ။

ဦးလှမောင်ရွှေ ရဲ့ ဖေ့စ်ဘုတ်ကနေ ကူးယူဖော်ပြပါတယ်။













-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved