လွှတ်မပေးဘူး

Wednesday, October 3, 2012

 -



ရာဇ၀တ်မှုကျူးလွန်သူတွေကို လွှတ်မပေးဘူးလို့ ဦးသိန်းစိန်က ပြောလိုက်တယ်။ လွှတ်မပေးဘူးလို့သာ ဆိုတယ် - ရာနဲ့ချီ၊ ထောင်နဲ့ချီ လွတ်ငြိမ်းသက်သာခွင့်ပေးနေတဲ့ထဲမှာ နိုင်ငံရေးသမားက အနည်းစု၊ ရာဇ၀တ်မှု ကျူးလွန်သူတွေက အများစုပါနေတာပဲမဟုတ်လား။

တောင်းဆိုတာ လွယ်သလား
နိုင်ငံရေးအကျဉ်းသားလွတ်ပေး၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေညာပေး ဆိုပြီး တောင်းဆိုကြတာက လွယ်မယ်လို့ ယူဆရပါတယ်။ သို့သော်လည်း ...

အဓိကပါတီကြီး NLD က ဒီအကြောင်းအရာကို ကြေညာချက်တို့ဘာတို့ထုတ်ပြီး ဖိအားမပေးတာ ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မပြောသလောက်ပါပဲ။

ဘာကြောင့် မပြောကြ မတောင်းဆိုကြတာလဲ။
 တောင်းဆိုရတာ မလွယ်လို့ ဖြစ်ပါလိမ့်မယ်။
မြန်မာပြည်မှာ ပြဿနာတွေက များလွန်းတော့ အကြောင်းအရာတခုတည်းကို ထပ်ခါထပ်ခါ မပြောချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်နေကြတဲ့အတွက် လွတ်လာတော့မှပဲ ကြိုဆိုတော့မယ်ဆိုပြီး ငြိမ်နေတာလည်း ဖြစ်နိုင်တယ်။
အော်ချက် မထုတ်တော့ (ရွှေဘ လက်သီးမထိုးတော့) အားမရကြဘူး၊ Nang Seng  ဆိုတဲ့ ကချင်တိုင်းရင်းသူတယောက်ကတော့  ဒေါ်အောင်ဆန်းစုကြည် ငါတို့ကို သစ္စာဖောက်ပြီလို့ခံစားရတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ http://www.huffingtonpost.co.uk/nang-seng/i-feel-betrayed-by-aung-s_b_1924918.html?utm_hp_ref=fb&src=sp&comm_ref=false မှာ ဆောင်းပါး ရေးထားတယ်။

သူ့ဆောင်းပါးကို မှတ်ချက်ပေးသူတွေထဲက တယောက်ကတော့ ဒေါ်စုနဲ့ တခြား ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ အထိန်းသိမ်းခံနေရချိန်မှာ တိုင်းရင်းသားအဖွဲ့တွေဟာ ဗိုလ်ခင်ညွန့်နဲ့ လက်ဆွဲနှုတ်ဆက်နေကြတယ် လို့ ထောက်ပြတယ်။ ပြဿနာဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မနေနဲ့၊ စစ်တပ်ကို အပြစ်တင် လို့ myintwinthein ဆိုသူက မှတ်ချက်ပြုပါတယ်။

ဘယ်သူ့ကို အပြစ်တင်မလဲ
 ရာဇ၀တ်မှုကျူးလွန်သူတွေကို လွှတ်မပေးဘူးလို့ ဦးသိန်းစိန်က ပြောလိုက်တယ်။
ထောင်ထဲကနိုင်ငံရေးသမားတွေက ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ဘူးလို့ အတိုက်အခံတွေက ပြန်ပြောကြတယ်။ ပြောတာလည်း ပြောတာပါပဲ၊ သူတို့လက်ခုပ်ထဲကရေလို ဖြစ်နေတော့ သူတို့လွှတ်မှ လွတ်လာမယ်မဟုတ်လား။

လွတ်မလာသေးတော့ ဘယ်သူ့ကို အပြစ်တင်မလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မလား။
ဗိုလ်သန်းရွှေလက်ထက် တရားရုံးများရဲ့ စီရင်ချက်တွေကို အတည်ယူပုံရတဲ့ ဦးသိန်းစိန်ကို အပြစ်တင်မလား။

ဦးသိန်းစိန်ကလည်း မလွှတ်ပေးဘူးသာ ပြောနေတာပါ၊ တချိန်ချိန်  အကြောင်းအရာတခုခုနဲ့ တိုက်ဆိုင်လာရင် လွှတ်ပေးမှာ အသေအချာပါပဲ။ ဟိုတလောက ကုလသမဂ္ဂမှာ မိန့်ခွန်းသွားမပြောခင် နိုင်ငံရေးအကျဉ်းသား ၉၀ ၀န်းကျင် လွှတ်ပေးခဲ့ပါသေးတယ်။

အခု အကုန်လွတ်မလာသေးတော့လည်း စိတ်ပျက်စရာ မလိုပါဘူး။ ၂၀၁၀ အလွန် "အရပ်သား"အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံး လွတ်လာလိမ့်မယ်လို့ မယုံခဲ့ဘူးမဟုတ်လား။ အခု ထင်တဲ့အတိုင်း ဖြစ်လာတယ်လို့သာ သဘောထားရမှာ ဖြစ်ပါတယ်။












 -

3 comments :

  1. Anonymous said... :

    နိုင်ငံရေးအကျဉ်းသားဆိုတာရုပ်သေးသိန်းစိန်အစိုးရအဖို့တော့
    ပြန်ပေးဆွဲထားတာပါပဲ
    သူတို့တခုခုအပေးအယူလုပ်ဖို့အတွက်နဲနဲလောက်ပဲတဖြေးဖြေး
    လွှတ်ပေးတဲ့နည်းကိုအရင်စစ်အစိုးရအတိုင်းမျက်နှာပြောင်တိုက်
    လုပ်နေတာဘယ်တော့မှမပြောင်းပါဘူး
    FortWayneအခြေစိုက်KoKoOoပြောသလိုပြောရမယ်ဆိုရင်
    အပြာင်းအလဲဆိုတာတကယ်တော့ပြန်ပေးဆွဲသလို
    ပိတ်ဆို့မှူတွေနဲ့နိုင်ငံရေးအကျဉ်းသားနဲ့လဲလှယ်ရေးပဲဖြစ်တယ်
    တကယ်တမ်းကြံ့ဖွတ်အစိုးရရဲ့အပြောင်းအလဲဆိုတာမရှိပါဘူး
    နိင်ငံနဲ့ပြည်သူကိုမလှိမ့်တပတ်လုပ်၍အာဏာကိုတော့ဘယ်တော့မှ
    အပေးအယူမလုပ်ဘူးဆိုတာသိဖို့လိုလိမ့်မယ်
    အခုလိုအပေါ်ယံအပြောင်းအလဲလုပ်တယ်ဆိုတာလဲ
    အာရပ်နိုင်ငံတွေလိုအုံကြွပေါက်ကွဲမှူဖြစ်ခဲ့ရင်စစ်အုပ်စုတဖွဲ့လုံး
    အိုးစားကွဲ၊အသက်မပြောက်ရေးအတွက်လက်ဥိးမှူယူပြိး
    ကလိမ်ကျခြင်းဖြစ်တယ်ဆိုတာနားလည်ထားကြပါ။

  1. Anonymous said... :

    ဒေါ်စုက အစိုးရနဲ့ ဆက်ဆံရေးပျက်မှာစိုးလို့ မပြောတာနေမှာပါ။ ဦးသိန်းစိန်အစိုးရကလဲ တချို့နေရာတွေမှာ ခေါက်ရိုးမပြေသေးဘူး။
    ဘယ်သူမှမတောင်းဆိုတဲ့ ရာဇဝတ်မှုအကျဉ်းသားကြတော့လွှတ်ပေးများလွှတ်ပေးနေတယ်။ ရာဂဏန်းသာ ကျန်တဲ့ နိုင်ငံရေးသမားတွေကိုလွှတ်လိုက်ပါတော့လား။
    တွန့်ကနန်းဆိတ်ကနန်းလုပ်နေတာ။
    လူတွေ ဝိုင်းထောက်ခံတုန်းလုပ်လိုက်ပါလား။
    ကချင်မှာ ပြည်တွင်းစစ်ဖြစ်နေတာလဲ စစ်တပ်ကြီးပဲ အလွန်မဟုတ်ပါဘူး။
    ကချင်ကိုက တရုတ်က လက်နက်တွေနဲ့ တိုက်နေတာ။
    တရုတ်အားကိုးပြီးလုပ်နေတာ။
    ရိုးသားရင် ပွင့်ပွင့်လင်းလင်းဖြစ်စေချင်ပါတယ်
    ကချင်ပြည်သူတွေ ကိုငဲ့သင့်ပါတယ်။
    သူများတွေ တိုက်ကြခိုက်ကြတုန်းက ဗိုလ်ညွန့်နဲ့ပေါင်းပြီး သစ်ခုတ်၊ ကျောက်တူးပြီးတော့ ခုအားလုံး ငြိမ်းချမ်းရေးလုပ်တော့မှာ တဖွဲ့ထဲ တိုက်နေတာ မရိုးသားဘူးထင်တယ်။ တရွားလုံးနဲ့တယောက်ဆို ပုံမှန်အားဖြင့် အဲလူဟာ something wrong နေတယ်။
    တရုတ်ကလဲ မြစ်ဆုံဆည်မဖြစ်တော့ အစိုးရဘက်သိပ်မပါတော့ဘူး။
    မီးစတဖက်ရေမုတ်တဖက်လုပ်နေတယ်။
    လက်ပံတောင်း ကြေးနီကိစ္စမှာလဲ လျော်ကြေးပေးတာတို့ သဘာဝဝန်းကျင် ကို မထိခိုက်အောင်စွန့်ပြစ်မြေတွေပုံတာတို့လုပ်သင့်ပါတယ်
    သမ္မတလဲ အဲကိစ္စဖြေကြားသွားတာ အားမရပါဘူး။
    ကျနော်တို့ နိုင်ငံဒီမိုကရေစီထူထောင်တာ နိုင်းငံခြားသားတွေ ငွေလာယူဖို့မဟုတ်ဘူး
    ပြည်သူတွေ ရသင့်ရထိုက်တာရဖို့ ကြီးပွားတိုးတက်ဖို့ပါ။


  1. ဟုတ်လဲဟုတ်ပါတယ် KIA ခေါင်းဆောင်ပိုင်းအချို့ဟာ ကျောက်စိမ်းတွင်းတွေ ဖင်ခုထိုင်ပြီး ဒီလိုအပြောင်အလဲ ဖြစ်လာတော့ နေရာမဖယ်ပေးချင်တာလဲ ဖြစ်မှာပါ။ သူတို့ အနောက်မှာ တရုတ်ကြီးရှိနေတယ်ဆိုတာကိုတော့ ကျနော်သံသယဖြစ်မိတယ်။ တရုတ်ရဲ့ စီးပွားရေးချယ်လှယ်မှုတွေ နဲ့ မသင့်မသင့်ဖြစ်ပြီး ထိပ်တိုက် ပထိပခက်တွေ အများဆုံးဖြစ်ရတာ KIA ပါ။ တရုတ်ဆိုတဲ့ လူမျိုးက ပိုက်ဆံရလို့က သူတို့ကို ပြန်တိုက်ခိုက်နေတဲ့ လူကိုတောင် လက်နက်ရောင်းပေးတတ်တာပဲ။ ဟိုတခါ ကိုးကန်းနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ မိတဲ့ ကိုးကန့်လက်နက်စက်ရုံဆိုတာ သူတို့ကိုတိုင်လာပြီးတည်ဆောက်ပေးထာတာဗျ။ အဲဒီ လောက်ကိုင် လက်နက်စက်ရုံကထွက်တဲ့ ak47 သေနတ်တွေကို တရုတ်လူမျိုးတွေ နဲ့ ပထိပခက်ဖြစ်နေတဲ့ ပြည်နယ်တခုက မူစလင်တွေလက်ထဲ ဒီသေနတ်တွေရောင်းနေမှန်းသိမှပဲ မြန်မာစစ်အစိုးရကို မီးစိမ်းပြလို့ ကိုးကန့်ကို ခြေမှုန်းခိုင်းလိုက်တယ်လို စစ်သတင်းရပ်ကွက်တခုကသိရတယ်။အဲဒီအချိန် ကိုးကန့်ကို စစ်တပ်က BGF လုပ်ဖို့ဖိအားပေးနေတဲ့ အချိန်ပါ။ ကချင်စစ်သားတွေ ဆိုတာကလဲ ဟိုးဦးနေ၀င်းလက်ထပ်မတိုင်မီကတဲ့က မြန်မာစစ်တပ်ထဲမှာ ကချင်လူမျိုးတွေ တပ်ရင်းနဲ့ကိုရှိခဲ့ တာဝန်ထမ်းခဲ့ကျတာပါ။ကရင်လူမျိုးခေါင်းဆောင် စောဗဦးကြီး အင်းစိန်ကို သိမ်းပြီးလို့ ရန်ကုန်မြို့ တ၀က်နီးနီးကို သိမ်းပိုက်ထားချိန်မှာ အင်းစိန်ကို အနိုင်ပြန်တိုက်ယူနိုင်ခဲ့တာ ကချင်လူမျိုး တပ်မတော်သားတွေကို အလုံးအရင်းအသုံးပြုခဲ့ကျတာပါ။ ကချင်စစ်ဗိုလ် စစ်သားတွေ အများကြီး အင်းစိန်တိုက်ပွဲမှာကျဆုံးခဲ့ရတယ်။ ရောင်စုံတောင်းကျန်တဲ့ခေတ်ကပေါ့။ အဲဒီအချိန်KIAဆိုတာမရှိသေးဘူး။ နောက်ပိုင်းစစ်တပ်ထဲမှာ ကချင်လူမျိုးဆိုရင် ရာထူးမတက်ဘူး ခွဲခြားဆက်ဆံခံရတယ် ပြီးတော့ ကချင်လူမျိုးများ အဓိကကိုးကွယ်တဲ့ ဘာသာကလဲ ခရစ်ယာန်ဘာသာဖြစ်နေတယ်။ တပ်ထဲမှာခရစ်ကိုးကွယ်တဲ့ သူဆိုရင် ရာထူးလဲမတက်ဘူး တခြား စစ်ဗိုလ်တွေလို တန်းတူ အခွင့်အရးမရဘူး ပိုပြီးအပြစ်ရှာ အပြစ်ပေးခံရတယ်။ ဒီလိုမညီမျှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကချင် စစ်ဗိုလ်စစ်သားများ တောခို လက်နက်ကိုင်ပြီး KIA ဆိုတာဖြစ်လာတော့တာပဲ။ KIA ကို စတင်တည်ထောင်ခဲ့တာ မြန်မာစစ်တပ်ထဲက တိုက်ပွဲ အတွေ့အကြုံအလွန်ရှိတဲ့ ကချင်စစ်ဗိုလ်များက စတင်တည်ထောင်ခဲ့တာပါ။ အဲဒီအချိန်ကစလို့ ကချင်များလဲ စစ်အစိုးရဘာပြောပြော လုံးဝကို အယုံအကြည်မ၇ှိတော့တာ အခုအချိန်ထိပါပဲ။ ပြောင်းလဲပြီဆိုတာကို သူတို့ မျက်ဝါးထင်ထင်မတွေ့ရသေးပါဘူး နိုင်ငံရေးပြောင်းလဲမှုလုံးဝမရှိသေးဘူးလို့ပဲ သူတို့သိထားတယ်။ ဘာမှမပြောင်းလဲပဲနဲ့တော့ သူတို့သေနတ်တွေကို လွဲလွဲအပ်လိုက်ဖို့သတ္တိမရှိကျပုံပေါ်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved