ဒေါ်ခင်ဆွေဦးရဲ့ “နှင်းဆီကမွှေး” မိတ်ဆက်ပွဲ ကျင်းပ

Wednesday, October 17, 2012


 ဓာတ်ပုံ-ဂျေပိုင်(ဧရာဝတီ)~

 အေးချမ်းမြေ့ ~

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ၁၉၇၀ ဝန်းကျင်လောက်က ရေးသား ထုတ်ဝေခဲ့တဲ့ နှင်းဆီကမွှေး ဝတ္ထုစာအုပ်ကို အစိုးရ အဆက်ဆက်က ထုတ်ဝေခွင့် ပိတ်ပင်ခဲ့ပေမယ့် အခု ပြန်လည် ထုတ်ဝေခွင့်ရခဲ့ပါပြီ။ ဒီစာအုပ်ဟာ ကျောင်းသားသမဂ္ဂ နောက်ခံ ဝတ္ထုဖြစ်ပြီး စာအုပ်မိတ်ဆက်ပွဲအဖြစ် ရန်ကုန် ဗိုလ်အောင်ကျော်လမ်း က Home Media မှာ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ ကျင်းပခဲ့ပါတယ်။ 



ဒီပွဲကို စာရေးဆရာ၊ ဆရာမများစွာနဲ့ မီဒီယာသမားတွေ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား  
ခေါင်းဆောင် ကိုမင်းကိုနိုင်လည်း တက်ရောက်ခဲ့ပါတယ်။

စာအုပ်မိတ်ဆက်ပွဲမှာ စာရေးဆရာမ မိချမ်းဝေက အဖွင့်စကားပြောကြားရာမှာ အခု အသက် ၇၀ ရှိပြီဖြစ်တဲ့ သူ့ရဲ့ အစ်ကိုကြီး ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်း ဦးကြည်ညွန့်အကြောင်း   ပြောပြခဲ့ပါတယ်။ 

အဲဒီနောက်မှာ ကိုမင်းကိုနိုင်ကလည်း ဒီစာအုပ်နဲ့ ပတ်သက်လို့ စကားအနည်းငယ် ပြောခဲ့ပါတယ်။ သူက ဝလုံးရေးတတ်စ ကလေးတယောက်က PhD ဘွဲ့ရ တယောက်ကို ဝေဖန်သလို ဖြစ်နေမှာစိုးလို့ ဒီ စာအုပ် ကောင်းခြင်း၊ ဆိုးခြင်းကို မဝေဖန်တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ အတွေ့အကြုံ မျိုးစုံရှိတဲ့သူတွေ ထောင့်ပေါင်းစုံကနေ ရေးစေချင်ကြောင်း တိုက်တွန်းပါတယ်။

နောက်ပြီး မှတ်မှတ်ရရ ဒေါ်ခင်ဆွေဦးရဲ့ ဝတ္ထုကို ၁၉၇၀ ကျော်ကာလက ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ “မောင့်အချစ် သီရိ” ဇာတ်ကား အကြောင်းလည်း ကိုမင်းကိုနိုင်က ပြောပါတယ်။ 

“ဒီဇာတ်ကားမှာ ကျောင်းသားခေါင်းဆောင်က မိန့်ခွန်းပြောတဲ့ အခန်းကို နည်းနည်းပဲ ထည့်သွင်းဖော်ပြခဲ့ ရတဲ့အတွက် ကြည့်တဲ့ ပရိသတ်တွေက မင်းသားရဲ့ လမ်းသရဲဆန်ဆန် သရုပ်ဆောင်မှုကိုပဲ အမှတ်ရ လိုက်တဲ့ အချက်က စိတ်မကောင်း စရာပါ” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။ “နှင်းဆီကမွှေး” စာအုပ် တန်ဖိုး က ကျပ် ၂၄၀၀ ဖြစ်ပြီး ဆရာမကြီးကိုယ်တိုင် ဒီနေ့မှာ လက်မှတ်ရေးထိုး  ရောင်းချပေးနေတာ ဖြစ်ပါတယ်။ 



ဒီနေ့ စာအုပ်မိတ်ဆက်ပွဲမှာ ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ဝတ္ထု (ဒုတိယအကြိမ်) ကိုလည်း  
ရောင်းချနေတာ တွေ့ရပါတယ်။ ဒေါ်ခင်ဆွေဦးဟာ စာရေးဆရာကြီး မဟာဆွေရဲ့ မွေးချင်း သမီးနှစ် ဦးအနက် သမီးကြီးဖြစ်ပါတယ်။ 

သူ့ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်တဲ့ “ဒို့တိုင်းဌာနီ” စာအုပ်ကို ၁၉၆၁ ခုနှစ်က ဖြန့်ချိခဲ့ပြီး အခုဆိုရင် လုံးချင်းဝတ္ထုပေါင်း ၆၆ အုပ်၊ ဝတ္ထုတို ပေါင်းချုပ် ၉ အုပ်၊ ရသဆောင်းပါး ၅ အုပ်နဲ့ စာပေဆွေးနွေးပွဲ ၁ အုပ် ရေးသားဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

စာရေးဆရာမ ဂျူးက အဆုံးသတ် အမှာစကား ပြောရာမှာ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးရဲ့ ဝတ္ထု ဇာတ်ကောင် အမျိုးသားတွေဟာ သူ့အတွက် စံပြတွေဖြစ်တယ် ဆိုတဲ့အကြောင်း ပြောကြား သွားပါတယ်။




စာနယ်ဇင်း ပန်းချီ ပြပွဲ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved