ပဒိုဒေးဗစ်ထော ဈာပန

Wednesday, October 17, 2012

~

 


ပြည်တော်မြင့် ~
 
(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

ယခုလ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ မင်္ဂလာစစ်ဆေးရုံကြီးတွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည့် KNU ဗဟိုတရားရေး တာဝန်ခံ ပဒိုဒေးဗစ်ထော၏ ဈာပန အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရုံးချုပ် တည်ရှိရာ သေဘေထာ့တပ်စခန်းတွင် ကျင်းပခဲ့ရာ ပရိသတ်တထောင်ခန့် တက်ရောက်ခဲ့ကြသည်။

KNU ခေါင်းဆောင်များဖြစ်သည့် ပဒိုဘသင်စိန်၊ ပဒိုမန်းရှာလားဖန်းတို့၏ အုတ်ဂူအနီးတွင် ဂူသွင်း မြုပ်နှံခဲ့ကြသည်။

ပဒိုဒေးဗစ်ထော၏ဈာပနသို့ မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ ကရင်အမျိုးသားများ၊ မြန်မာအစိုးရဘက်မှ အရပ်ဘက် စစ်ဘက်မှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 သမတဦး သိန်းစိန်၊  ပြည်ထောင်စု အစိုးရ၀န်ကြီးအချို့နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ကလည်း လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ကြသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် တက်ရောက်လာသည့် KNU အဆင့်မြင့် ခေါင်းဆောင်များက ပဒိုဒေးဗစ်ထော ကွယ်လွန်သွားခြင်းသည် ကရင်အမျိုးသားများနှင့် အဖွဲ့အတွက် ကြီးမားသော ဆုံးရှုံးမှုတရပ် ဖြစ်သည်ဟု ဈာပနတွင် ပြောဆိုခဲ့ကြသည်။


 
ရန်ကုန်အခြေစိုက် သွေးမေတ္တာ(ပရဟိတအသင်း)မှ ဒု ဥက္ကဌ ဦးဝေဠုကျော်နှင့် အဖွဲ့ကလည်း ဈာပနသို့တက်ရောက်ပြီး လွမ်းသူပန်းခွေချ ဂုဏ်ပြုခဲ့သည်။

”ပဒိုဒေးဗစ်ထောမကွယ်လွန်ခင်မှာ သွေးသွင်းဖို့ လိုအပ်တဲ့သွေးကို ကျွန်တော်တို့အဖွဲ့ကနေ ကူညီခွင့်ရခဲ့ပါတယ်။ နောက်ပြီး သူဟာ ငြိမ်းချမ်းရေး ရရှိဘို့အတွက် သက်ဆုံးတိုင် ဆောင်ရွက်သွားတဲ့အတွက် ဒီကိုလာပြီး ဂုဏ်ပြုတာဖြစ်တယ်” ဟု သရုပ်ဆောင် ဝေဠုကျော်က ဧရာဝတီကို ပြောသည်။

ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည့် ပဒိုဒေးဗစ်ထောသည် ဧရာဝတီတိုင်းဟင်္သာတမြို့နယ် သစ်ဖြူချောင်းရွာဇာတိဖြစ်သည်။

 KNU သို့ ၁၉၇၉ ခုနှစ်တွင် ရောက်ခဲ့ပြီး တပ်မဟာ ၇ တွင် တပ်ကြပ်ကြီးအဆင့်မှစတင်ခဲ့ပြီးနောက် တာဝန်အဆင့်ဆင့် ပေးအပ်ခံခဲ့ရကာ ဗဟိုတရားရေးဌာ တာဝန်ခံ အဖြစ် နောက်ဆုံး ဆောင်ရွက်ခဲ့သည်။

အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် ပဒိုဒေးဗစ်ထောတွင် ဇနီးသည် နော်ဂျင်းဂျာ၊ သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရစ်သည်။



































-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved