ဗိုလ်မှူးကြီးဟောင်း လွန်းတင် ကွယ်လွန်

Monday, October 22, 2012

~



NLD ခေါင်းဆောင်ပိုင်းတွင် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီးဟောင်း ဦးလွန်းတင်သည် ယမန်နေ့က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်တွင် အသက် ၉၁  နှစ်ရှိပြီ ဖြစ်သည်။

 ဦးလွန်းတင်သည်  ဒုတိယကမ္ဘာစစ်အတွင်း ပေါ်ပေါက်လာသော BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ၀င်ရောက်ခဲ့သူ ဖြစ်သည်။
BIA တပ် ရန်ကုန်သို့ ချီတက်ရာတွင် ဦးလွန်းတင်က တပ်စုမှူးတဦးအဖြစ် တာဝန်ယူရသည်။ BIA တပ် ရန်ကုန်မှ မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်ရာတွင် ဦးလွန်းတင်က တပ်ရင်းမှူးတဦး ဖြစ်လာသည်။
BIA  အရာရှိငယ်တဦးဖြစ်သူ ဦးလွန်းတင်က မြန်မာ့တပ်မတော်တွင် တိုင်းမှူးအထိ တာဝန်ထမ်းခဲ့သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တာဝန်ယူရစဉ် ၁၉၆၅ တွင် ပေါ်ပေါက်လာသော သံဃာ့လှုပ်ရှားမှုတခုကို ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းခဲ့ရာ ရလဒ်အဖြစ် တိုင်းမှူး ဗိုလ်မှူးကြီးလွန်းတင် အထိန်းသိမ်းခံလိုက်ရသည်။
စစ်တပ်တာဝန်မှ ရပ်စဲခံရသည့် ဦးလွန်းတင်သည် စက်မှုဝန်ကြီးဌာနသို့ ရောက်ရှိသွားသည်။

လူထုအုံကြွမှုပေါ်ပေါက်သည့် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းလိုက်သော မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင်  ဦးလွန်းတင်သည် ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်လာသည်။ ထိုအဖွဲ့က ပူးပေါင်းတည်ထောင်သော NLD တွင် ဦးလွန်းတင်က ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်လာသည်။
ရလဒ် ချောင်ထိုးခံရသော ၁၉၉၀ ရွေးကောက်ပွဲတွင် မော်လမြိုင်မဲဆန္ဒနယ် -၂ မှ ၀င်ရောက်အရွေးခံရာ အနိုင်ရရှိသည်။

ပြီးခဲ့သည့် ၁၀ နှစ်ကျော်အတွင်း NLD ၏ ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးတွင် ဦးလွန်းတင်လည်း တဦး အပါအ၀င် ဖြစ်ပြီး ကျန်းမာရေးချို့ယွင်းလာသဖြင့် ပါတီ၏လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိဘဲ နေအိမ်တွင် အနားယူခဲ့သည်မှာ  လွန်ခဲ့သည့် ၅ နှစ်ခန့်ကပင်ဖြစ်သည်။

မော်လမြိုင်၊ ကော့နှပ်ရွာဇာတိ ဦးလွန်းတင်သည် ၁၉၂၁ မတ်လတွင် မွေးဖွားသည်။
BIA သို့ ၀င်ရောက်ခြင်းမပြုမီက မြောင်းမြအထက်တန်းကျောင်း၊ ရန်ကုန်ကောလိပ်တို့တွင် ပညာသင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး ၃ နှစ်အကြာတွင် အိမ်ထောင်ပြုခဲ့ကြောင်း၊ သားသမီး ၆ ဦး ထွန်းကားကြောင်း ဦးခင်ကျော်ဟန်ရေးသားပြုစုသော ၁၉၉၀ ရွေးကောက်ပွဲမှတ်တမ်းစာအုပ်တွင် ရေးသားထားသည်။

စစ်တိုင်းမှူးဘ၀ နာမည်ကျော် ရေကြည်အိုင် စစ်ကြောရေးစခန်း အကျဉ်းသားဘ၀သို့ ရောက်ရှိစဉ် သူ၏ ဘ၀အတွေ့အကြုံ အထူးသဖြင့် တပ်တွင်းအတွေ့အကြုံများကို မှတ်တမ်း ရေးသားခဲ့သည်။

တပ်မှ အနားပေးခံရပြီးနောက်ပိုင်းတွင်လည်း မှတ်တမ်းများ ဆက်လက် ရေးသားခဲ့ရာ ထိုမှတ်တမ်းများအနက်မှ တချို့ကို ဧရာဝတီတွင် ဖော်ပြခဲ့သည်။

ကလောင်အမည် ဗိုလ်ဟင်္သာမှာ BIA တွင် ယူခဲ့သောအမည်ဖြစ်ဖွယ်ရှိသည်။ 

 
ရလျှင်ရ မရလျှင်ချ

လျှင်ရ မရလျှင်ချ (အပိုင်း ၂)

ဒီလိုမှန်းသိရင်

ဒီလိုမှန်းသိရင် အပိုင်း (၂)














-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved