အာလူးသုပ်

Monday, October 22, 2012

အာလူးသုတ်ကို မြင်ဖူးနေကျ၊ စားဖူးနေကျပုံစံဖြစ်တဲ့ အာလူးကို ပြုတ်၊ အတုံးလေးတွေ တုံးပြီး ချေ၊ ပုစွန်ခြောက်ထောင်း၊ ကြက်သွန်ဖြူနီ ဆီကျက်၊ ငံပြာရည် စတာတွေနဲ့ သုပ်တာမဟုတ်တဲ့ နည်းလေးတခု မိတ်ဆက်ပေးပါမယ်။
လိုအပ်တာတွေကတော့ ... ၁) အာလူး အနေတော် တလုံး ၂) မုန်လာဥနီ တလုံး ၃) ဂေါ်ဖီထုပ် အနည်းငယ် ၄) ငရုတ်သီးစိမ်း ၅) နံနံပင် ၆) သံပုရာသီး တလုံး ၇) ဆား နဲ့ ကြက်သားမှုန့် ၈) နှမ်းဆီမွှေး ၂ စက်ခန့် ၉ ) နှမ်းလှော် အနည်းငယ် ... တို့ပါ။
ပထမဆုံး အာလူးကို အခွံနွှာပြီး ဟောသလို အမျှင်လေးတွေ ရအောင် ခြစ်ပါမယ်။ ဒီမှာတော့ ယိုးဒယား သင်္ဘောသီးထောင်းအတွက် ခြစ်တံလေးနဲ့ ခြစ်ထားပါတယ်။ အကယ်လို့ ခြစ်တံမရှိဘူးဆိုရင်လည်း အာလူးကို ပါးပါးလေးတွေ အရင်လှီး၊ ပြီးခါမှ အချောင်းလေးတွေ ဖြစ်အောင် ပြန်လှီးဖြတ်လို့ ရပါတယ်။ ပြီးရင်တော့ အစေးဖြူဖြူတွေ စင်သွားအောင် ရေဆေးလိုက်ပါ။ 


 ရေနွေးတည်ထားပါ။ ရေနွေးဆူရင် အစောနက ခြစ်ထားတဲ့ အာလူးမျှင်လေးတွေကို ရေနွေးဆူဆူထဲ ၅ မိနစ် ထည့်စိမ်ထားပါ။ အာလူးမျှင်တွေ နည်းနည်းထူတယ်ဆိုရင်တော့ ၅ မိနစ်လောက် ရေနွေးဆူထဲ ထည့်ပြုတ်ထားလည်း ရပါတယ်။ ပြုတ်ရင် ကျက်ရုံလေးပဲ ပြုတ်ပါ။ ဒီမှာတော့ အာလူးမျှင်လေးတွေက အနေတော်မို့ မပြုတ်တော့ပါဘူး။ ဒီတိုင်း စိမ်ပါတယ်။ ထည့်ပြုတ်လိုက်ရင် အကုန် ပျော့ပြဲကုန်ပြီး ဆတ်တောက်တောက်လေး မဖြစ်မှာစိုးလို့ပါ။
အာလူးမျှင်လေးတွေမှာ အထဲက အဆံဖြူဖြူလေးတွေ မတွေ့တော့ဘူးဆိုရင် အာလူးမျှင်လေးတွေကို ဆယ်ယူပြီး ရေစစ်ထားပါ။
မုန်လာဥနီကိုလည်း အမျှင်လေးတွေ ဖြစ်အောင် ခြစ်ထားပါ။ ဂေါ်ဖီကို ပါးပါးလေးတွေ လှီးထားပါ။ နံနံပင်၊ ငရုတ်သီးစိမ်းတွေ ကိုလည်း နုပ်နုပ်လေးလှီးဖြတ်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အာလူး၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ (ငရုတ်သီးစပ်မှာစိုးရင် ငရုတ်ကောင်းမှုန့်သုံးလို့လည်းရပါတယ်။ မွှေးပြီးတော့ တမျိုး စားကောင်းပါတယ်)၊ သံပုရာသီး ညှစ်ထည့်၊ နှမ်းလှော်၊ နှမ်းဆီမွှေး၊ ဆား၊ ကြက်သားမှုန့်တို့နဲ့ ရောသမမွှေလိုက်ရင် တမူထူးတဲ့ အာလူးသုပ်လေး ရပါပြီ။
အချဉ်၊ အငံ၊ အစပ် အရသာကိုတော့ အိမ်သားများ အကြိုက် ပြင်နော့။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved