မကွေးနဲ့စစ်ကိုင်းသားတချို့ ကော့သောင်းမှာ သောင်တင်

Thursday, October 18, 2012

~



ငြိမ်းငြိမ်း ~


ပြည်ပအလုပ်အကိုင်ရရှိရေး စောင့်ဆိုင်းနေသည့် မြန်မာပြည်အထက်ပိုင်းဒေသမှ လူ ၃၀ နီးပါး ကော့သောင်းမြို့တွင် သောင်တင်နေသည်။

ရွှေရည်ဖြိုးအောင် အလုပ်ရှာဖွေရေး ကုမ္ပဏီ ကိုယ်စားလှယ်က သတ်မှတ်ကာလ ၂ လ အတွင်း အလုပ် ရှာဖွေမပေးနိုင်တော့သည့်အပြင် စားရေး သောက်ရေးကိုလည်း  တာဝန်ယူခြင်း မရှိတော့ကြောင်း သိရသည်။

“ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ကုမ္ပဏီက အလုပ်ရှာပေးမယ်၊ ၂ လအတွင်းရအောင် ရှာပေးမယ် ဆိုလို့ ပိုက်ဆံ ၃ သိန်းခွဲပေးပြီး လာခဲ့တယ်” ဟု စစ်ကိုင်းတိုင်းမှ လိုက်ပါလာသော အမျိုးသမီး ၉ ဦးထဲမှ မအေးအေးမြက ဧရာဝတီကို ပြောသည်။

“လစာ ၂ သိန်း ၈သောင်း ၀န်းကျင်ကနေ ၃ သိန်းကျော်အထိ ရနိုင်တဲ့ ပုဇွန်အအေးခန်းလို စက်ရုံမျိုးတွေမှာ အလုပ်ရနိုင်တယ်လို့ သူတို့ပြောတယ်။ လမ်းစရိတ်အတွက် ညီမတို့က ပိုက်ဆံမရှိလို့ အတိုးနဲ့ ချေးပီး လာခဲ့ရတာ။ အခု ဒီရောက်ပြီးမှ အလုပ်က မရေရာတော့ဘူးလို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

“ကျမတို့ကို ဒါရိုက်တာ ဗိုလ်မှူးဝင်းဇော်က ပြောတယ်။ အခုအလုပ်က မရေရာတော့ဘူး။ အဲဒါကြောင့် မင်းတို့သဘောပဲ။ ဆက်စောင့်မလား။ ပြန်မလား။ ဆက်စောင့်မယ်ဆို ကိုယ့်စရိတ်နဲ့ကိုယ်စောင့် တဲ့”

၎င်းတို့်ကို ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အကူညီပေးနေကြောင်း သိရသည်။

ယခင်လကလည်း မကွေးတိုင်း နတ်မောက်မြို့မှ ၂၅ ဦး အုပ်စု ကော့သောင်းတွင် ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။

 









-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved