သနပ်ပင်မှာ ဘာတွေ ဖြစ်နေသလဲ

Wednesday, October 10, 2012

~

 

 ငြိမ်းငြိမ်း
  
 ပဲခူးတိုင်း သနပ်ပင်မြို့မှာ ဒေသခံတချို့ မြေသိမ်းခံရ၊ ကျူးကျော်သူအဖြစ် စွပ်စွဲခံရတယ်၊ အခုနောက်ဆုံး ခြေချုပ်ချခံနေရပါတယ် တဲ့။

သနပ်ပင်က လယ်သမားတဦးဖြစ်တဲ့ ဦးတင်စိုးက ဧရာဝတီကို အခုလို ပြောပြထားပါတယ်။

ဘယ်အချိန် မြေယာ ဖော်ထုတ်ခဲ့သလဲ

၁၉၉၃-၁၉၉၄ ခုနှစ်က မြို့နယ် မ၀တ ဦးဆင့် (ဗိုလ်ကြီးမျိုးဆင့်) လက်ထက်မှာ မြေအောက်ရတနာ ဖော်ထုတ်ရေး ဆိုပြီး စားကျက်မြေကနေ လယ်ယာမြေ ဖော်ထုတ်ရေး အစည်းဝေးခေါ်တယ်။ လယ်မြေကွက် ၅၂ ကွက် ရိုက်တယ်။ ၀န်ထမ်းသက်သာ ဆိုပြီး ၅၂ ကွက်ရိုက်ပြီး တကွက်ကို ၁၀ ဧက၊ ဈေးနှုန်းက တကွက်ကို ၅ ထောင်ကျပ်နှုန်း မြေစာရင်းဦးစီးက မြေပုံဆွဲတယ်။ ကျနော်တို့ မိသားစုကလည်း ဧက ၄၀ ၀ယ်ထားတယ်။

သိမ်းတော့ "ကျူးကျော်"ဖြစ်တယ်

၃-၄ လကြာတော့ တပ်ကသိမ်းတယ် ဆိုပြီး ကျနော်တို့ မြေပုံထွက်ပြီးမှ တပ်က ပြန်သိမ်းသွားတယ်။ စက်မှုလယ်ယာ ဦးဥာဏ်မြင့်ရဲ့ ဧက ၄၀ ကျော်လည်းပါတယ်။ သူကတော့ ၃ နှစ်လောက်နေတော့ ပြန်လည် ရလိုကြောင်း လုပ်ခဲ့ပေမယ့် အဖြေထွက်မလာဘူး။ ၂၀၀၉ ခုနှစ်မှာ   ဒီလယ်ကို ပြန်ပေးလုပ်ခဲ့တယ်၊

အခုကျတော့ ကျနော့်ကို ဒီလယ်မြေကို ကျူးကျော်တယ်ဆိုပြီး ကျနော်တဲဆောက်တာကို ကျနော့်ကို ခြေချုပ်နဲ့ ကျေးရွာဥက္ကဌ၊ မြို့နယ် မယက ဥက္ကဌနဲ့ ပေါင်းပြီး ခြေချုပ် ထွက်လာတယ်။ တနင်္လာနေ့ကမှ ကျနော်သိရတယ်။ စခန်းမှူးက လာတွေ့ပါဆိုလို့ သွားတွေ့ဖို့ ဖမ်းထဲ့ဖို့ အစီစဉ် ဆွဲထားတယ် ဆိုတာ သိရတာကြောင့် ကျနော် ရှောင်နေရတယ်။

ကိုယ့်ဒေသမှာ ချေချုပ်ကျ

ဒီလယ်မြေကို သူတို့ ပြန်လိုချင်တယ်။ သူတို့ ပြန်ရောင်းစားဖို့ ။ ကျေးရွာဥက္ကဌရဲ့ စာရင်းအရ ၂၉၇.၇ ဧက ကျန်နေသေးတယ်။ အရင် ဧက ၅၀ ကိုလည်း
ဖဲ့ရောင်းပြီးသား၊ ကျန်တာ အခု ဖယ်ခိုင်းနေတာ။ ကျနော်တို့က နာမည်ပေါက်ဖြစ်တယ်။ မြေစာရင်းက ပေးထားတဲ့ မြေပုံလည်း ရှိတယ်။

အခုက ဗိုလ်ကြီးမျိုးဆင့်ရဲ့သမီး ဒေါ်ခင်စံပယ်ဆင့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ခင်မောင်ညွန့်တို့နဲ့ ပေါင်းပြီး လုပ်တာ။ အဲ့ဒီ ခင်မောင်ညွန့်ကို သူက ဆိုင်ကယ်တစီးနဲ့  ဖုန်းတလုံး ၀ယ်ထားပေးတယ်။ ဦးသိန်းဝင်းက ကျနော့်ကို ဖမ်း ဆိုပြီး ပြောလိုက်တာ။ ကျနော် ဘာတခုမှ ရန်လည်း မဖြစ်ဘူး။

ကျနော်တို့ ကျူးကျော်လား၊ မကျူးကျော်လား စစ်ဆေးတာလည်း မရှိ၊ ဓါတ်ပုံရိုက်တာလည်းမရှိဘူး။ သူပိုင် ကိုယ်ပိုင်ရ လိုကြောင်းလည်း တိုင်တန်းထားတာ ရှိတယ်။ စက်တင်ဘာ ၁၈ ရက်နေ့က ကျနော် အပေါ်ကို တိုင်ထားတဲ့စာတွေကလည်း အပေါ်ကလူတွေက မစစ်ဆေးသေးဘူး။

အရင် ၂ နှစ်ကတော့ မတား။ အခု လယ်တဲ တလုံးကို ၃ သောင်းပေးမယ်ဆိုပြီး မော်တော်နဲ့လိုက်ဆော်သြ၊ ကျူးကျော်တယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့မထိုး။ အဲဒါကြောင့် ကျနော့်ကို ခြေချုပ်ထိုးလိုက်တာ။

တခြားလူတွေကတော့ တချို့ ၀န်ထမ်းတွေ ပြောင်းတဲ့လူလည်း ပြောင်း၊ ရှိတဲ့လူလည်းရှိတယ်။ ၁၉ နှစ်လုံးလုံး ပစ်ထားလို့ လယ်ဝင်လုပ်တဲ့ လူတွေကို အခု ခြေချုပ်နဲ့ ဖမ်းထားတယ်။














-


1 comments :

  1. စားကျက်ကို လယ်မြေလုပ်ခွင့် မဝတ အာဏာမရှိပါ။မဝတ နဲ့ မြေစာရင်းကို အရေးယူရပါမည်။ယခုဖေါ်ပြသူက ဧက ၄၀ ဝယ်ထါးခွခွင့်ရတယ် ဆိုတော့ မဝတ နဲ့ နီးစပ် သူဖြစ်ပါလိမ့်မည်။
    နွားစာခိုးစါးကြရင်း အဝေမတည့်လို့ပေါ်တဲ့ပြသနာပါဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved