နိုင်ငံရေးအကျဉ်းသားများနေ့

Friday, October 12, 2012

~


နန်းဆိုင်နွမ် ~

 
http://4.bp.blogspot.com/_na70Aw8gBm4/TLqAUSoCDuI/AAAAAAAAHcQ/secMEnvSBao/s1600/twa5.jpg 
ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ထောင်တွင်း သေဆုံးသွားသည့်နေ့ဖြစ်သော အောက်တိုဘာ ၁၆ ရက် ကို  နိုင်ငံရေးအကျဉ်းသားများနေ့ သတ်မှတ်ကြရန် လှုံ့ဆော်မည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဘက်တဦးက ဧရာဝတီကို ပြောသည်။

“ကိုသက်ဝင်းအောင်က ကျွန်တော်တို့ရဲ့ ရဲဘော်လည်းဖြစ်၊    မတရားမှုကို တော်လှန်ခဲ့တဲ့သူတွေဆိုတော့ သူကျဆုံးတဲ့နေ့ကို တောင်းဆိုသွားမှာပါ။ ကျန်တဲ့သူတွေအနေနဲ့လည်း အခြားပုဂ္ဂိုလ်တွေ ရှိရင် တင်ပြသွားနိုင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားနေ့ကိုတော့ သတ်မှတ်ဖို့ လုပ်ဆောင်စေချင်ပါတယ်” ဟု ကိုဘိုဘိုက ထပ်လောင်းပြောသည်။

ယင်းကဲ့သို့ ပြုလုပ်ရခြင်းသည် ၈၈ အကသ အဖွဲ့ဟောင်းများ ပြန်လည် ဖွဲ့စည်းခြင်းမဟုတ်ကြောင်း ကိုသက်ဝင်းအောင် ကျရှုံးမှုနှင့် ပါဝင်မှုကိုလည်း ကျောင်းသားလူငယ်များကို သိလိုစိတ်ဖြစ်အောင်လည်း ပွဲလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“ရခိုင်တွေဘက်ကနေ့ ဆရာတော်ဦးဥတ္တမ ဖမ်းဆီးခံရတဲ့နေ့၊ ပြီးတော့ ပထမဆုံး ကြိုးပေးခံရတဲ့ ဆလိုင်းတင်မောင်ဦးကိုလည်း အဆို တင်သွင်းလာရင်လည်း ကျွန်တော်တို့ ထောက်ခံသွားမှာပါ။ အမျိုးသားနေ့လို ရက်မျိုး ဖြစ်လာစေချင်တယ်” ဟု ကိုဘိုဘိုက ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများနေ့  သတ်မှတ်ရန်အတွက် အားလုံး၏ သဘောတူညီချက်သည် အလွန် အရေးကြီးကြောင်း ကိုသက်ဝင်းအောင်၏ အစ်ကိုဖြစ်သူက ပြောသည်။

“သူတို့ကတော့ သက်ဝင်းအောင် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ ဆိုတော့ သက်ဝင်းအောင်ကျဆုံးတဲ့နေ့ကို နိုင်ငံရေး အကျဉ်းသားများနေ့လို့ သတ်မှတ်ချင်ကြတယ်လေ။ ကျွန်တော်ကတော့ အားလုံးကို ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်တဲ့သူတွေကို လုပ်ရင် ပိုကောင်းပါတယ်။ ဘယ်နေ့ ဘယ်လို သတ်မှတ်မယ် ဆိုတာကိုတော့ မသိသေးပါဘူး” ဟု ကိုသက်ဝင်းအောင်၏ အစ်ကိုဖြစ်သူ ကိုပြုံးချိုက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ကိုသက်ဝင်းအောင်သည် ၁၉၇၁ခုနစ် သြဂုတ် ၂၇ရက်တွင် မွေးဖွားခဲ့သည်။


 ဓာတ်ပုံ- အံ့ဘွယ်ကျော် (၈၈)

 ၁၉၈၈ ခုနှစ် တာမွေမြို့နယ် အ.ထ.က (၅)  န၀မတန်းတက်ရောက်စဉ် ဒီမိုကရေစီ လှုပ်ရှားမှုများတွင် စတင်ပါဝင်ခဲ့သည်။

ရှစ်လေးလုံးတွင် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကာလတွင် ဒေသဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဦးဆောင်ဖွဲ့စည်းလှုပ်ရှားခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံ ပညာကျောင်းသား များသမဂ (ရန်ကုန် ခရိုင်) တွင် လှုပ်ရှားခဲ့သည်။

၁၉၉၀ပြည့်နှစ်အောက်တိုဘာ မှ ၁၉၉၁ ခုနစ် ဧပြီလအထိ ပထမအကြိမ် ထိန်းသိမ်းခံရသည်။

၁၉၉၆ခုနစ် ဒီဇင်ဘာလ ရန်ကုန်မြို့ ကျောင်းသားများ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။

၁၉၉၇ခုနှစ်တွင် ပြည်ပသို့ ထွက်ခွာသွားပြီး ၁၉၉၈ ခုနစ် သြဂုတ်တွင် ပြည်တွင်း၌ ဆက်လက်လှုပ်ရှားရန် ပြန်လာခဲ့သည်။ ၁၉၉၈ ခုနစ်စက်တင်ဘာတွင် ကျောင်းသားလှုပ်ရှားမှုဦးဆောင်သူဖြစ်လာပြီး အထိန်းသိမ်းခံရသည်။

၁၉၉၉ခုနစ်တွင် အစိုးရက သူ့ကို ပုဒ်မ(၅)ည နှင့် အခြားပုဒ်မ မျိုးစုံထပ်ကာ ထောင်ဒဏ်(၅၂)နှစ် ချမှတ်လိုက်သည်။

ကိုသက်ဝင်အောင်သည် မန္တလေးထောင်သို့ အရောက်တွင် နောက်ထပ် (၇)နှစ် တိုးခံရပြီး ကလေးမြို့ အကျဉ်းထောင်သို့ အပြောင်းခံရသည်။ ကလေးတွင် ငှက်ဖျားရောဂါ စတင်ခံစားခဲ့ရသည်။

၂၀၀၁ခုနစ်တွင် အစာငတ်ခံတိုက်ပွဲဝင်ခဲ့သဖြင့် ထောင်ဒဏ် ၂နှစ် တိုး ပြီး အခြားနိုင်ငံရေး အကျဉ်းသား (၁၁)ဦးနှင့်အတူခန္တီးထောင်သို့ ပြောင်းရွေ့ခံရသည်။

အဆိုပါ ကာလ၌ မြန်မာပြည်သူ ဒီမိုကရေစီအရေး လှုပ်ရှားမှု တိုက်ပွဲဝင် အကျဉ်းကျခံရသူများထဲတွင် စုစုပေါင်း ထောင်ဒဏ် (၆၁) နှစ်ချခံခဲ့ရသည့် ထောင်ဒဏ် အရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

၂၀၀၁/၂၀၀၂ တွင် ခန္တီးထောင်၌ တိုက်ပိတ်ခံရပြီး ငှက်ဖျားရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရသည်။  ၂၀၀၂ခုနစ် စက်တင်ဘာတွင် ပါမောက္ခ ဒေါက်တာဆလိုင်းထွန်းသန်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့သည်။

ရောဂါဝေဒနာနှင့် ထောင်တွင် ဖိနှိပ်မှုဒဏ်တို့ကြောင့် မန္တလေးထောင်သို့ ပြောင်းရွှေ့ပြီး ထောင်ဆေးရုံတွင် တိုက်ပိတ်ခံရသည်။ ရောဂါပြင်းထန်မှုကြောင့် မကြာခဏ သတိလစ်သွားသည်။

၂၀၀၆ခုနစ် အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၇နာရီ မိနစ် ၄၀ တွင် စစ်အာဏာရှင်တို့၏ထောင်ထဲတွင် ကျဆုံးသွားခဲ့သည်။

ကိုသက်ဝင်းအောင် ရရှိသည့် နိုင်ငံတကာ ဂုဏ်ပြုမှုများမှာ
၁ ရီဒင်းတက္ကသိုလ် (အင်္ဂလန်) ၏ ဂုဏ်ထူးဆောင်ကျောင်းသားသမဂ္ဂ ဒုတိယ ဥက္ကဌ (၂၀၀၅)
၂ Redbok Award For Human Rights Activity တို့ ဖြစ်ကြောင်း သိရသည်။












-
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved