ဦးသက်ထွန်းမောင် နဲ့ အင်တာဗျူး

Thursday, October 25, 2012





.



~ ဦးသက်ထွန်းမောင် ~
NDF ပါတီ ခေါ် အမျိုးသားဒီမိုကရေစီ အင်အားစုရဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်တဲ့ ဦးသက်ထွန်းမောင်က ထိုင်းနိုင်ငံကို မကြာသေးခင်က လေ့လာရေးခရီးရောက်ခဲ့ပါတယ်။
ခရီးစဉ်အတွင်း သူ့နဲ့ ခေတ္တ တွေ့ဆုံခွင့်ရခဲ့ချိန်မှာ   ပထမဆုံး မေးဖြစ်ခဲ့တဲ့ အကြောင်းအရာကတော့ NDF ပါတီကနေ တခြားပါတီကို ကူးပြောင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်များအကြောင်း ဖြစ်ပါတယ်။


~ NDF ကနေ ထွက်သွားတဲ့သူတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ကြေညာချက်တစောင် ဖတ်လိုက်ရပါတယ်။ ထွက်သွားသူတွေထဲမှာ တချို့က NLD ပါတီဝင်ဟောင်းတွေလို့ သိရပါတယ်။
သူတို့ရဲ့ ပါတီဟောင်းကို ပြန်သွားတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆိုတဲ့ စကားလုံးသုံးတာ ပြင်းမနေဘူးလား။

~ ကန့်ကွက်ကြောင်း အဆိုတင်တာကို ထောက်ခံလိုက်တာပါ။ ပါတီတခုရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။

~ ပါတီကနေ ခွဲထွက်သွားတဲ့သူတွေနဲ့ အပြင်မှာ ဆုံသေးလား။

~  ဆုံတာပေါ့ဗျ။

~  ဘယ်လို မျက်နှာချင်းဆိုင်ကြသလဲ။

~ ရင်းရင်းနှီးနှီးပါပဲဗျ ကျနော်တို့က။ ထွက်သွားချင်ရင် ထွက်သွားနိုင်ပါတယ် ဆိုတာကို အစောကြီးကတည်းက ပြောပြီးသား။ အတင်းကြီး မခေါ်ထားဘူး။ အတင်းကြီး ကျုပ်တို့မှကျုပ်တို့ ဆိုပြီး မဟုတ်ပါဘူး။  ကိုယ်ယုံကြည်တာကို ပေးလုပ်ပါတယ်။ သူ့အခွင့်အရေးပဲလေ။

~ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အကြောင်း စာနယ်ဇင်းမှာ မတွေ့ရသလောက်ပဲ။ အလုပ်မလုပ်ကြဘူးဆိုတဲ့သဘောလား။

~ အလုပ် လုပ်ပါတယ်၊ လွှတ်တော် ပထမအကြိမ် ကျင်းပတဲ့အချိန်တုန်းကဆိုရင် စာနယ်ဇင်းတွေက အထဲကို ၀င်ခွင့်မရကြဘူးလေ၊ တိုက်ရိုက်လည်း ကြည့်ခွင့်မရတဲ့အပိုင်းတွေ ရှိတာပေါ့၊ ဒါကြောင့် အဆက်အစပ် ပြတ်တာ ရှိပါလိမ့်မယ်၊ ပြီးခဲ့တဲ့ ပထမအကြိမ် တတိယအစည်းအဝေးမှာတော့  စာနယ်ဇင်းတွေကို ပေးဝင်တဲ့အခါမှာ တချို့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုတွေ မေးခွန်းတွေကို စာနယ်ဇင်းမှာ ထည့်ကြပါတယ်၊ ဒေါ်ညိုညိုသင်းတို့ ဒေါ်ကြည်ကြည်မာတို့ (ပြောဆိုချက်တွေအကြောင်း ရေးထားတာ) ကျနော်တို့ ဖတ်ရပါတယ်။ ထည့်တယ်၊ နည်းတော့ နည်းတာပေါ့လေ၊ လုပ်သလောက်ချည်းတော့ စာနယ်ဇင်းက ဘယ်ထည့်နိုင်မလဲ။


ဦးသက်ထွန်းမောင်
လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ်

~ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အနာဂတ်မှာ လျော့သွားမလား၊ တိုးလာနိုင်သလား။

~ ဖွဲ့စည်းပုံအတိုင်း ဆိုရင်တော့ ဘယ်လျော့ဦးမလဲ။ လျော့ဖို့လည်း အချိန် မကျသေးဘူးလို့ အောက်မေ့တယ်လေ။

~ ဘယ်အချိန်မှာ စပြီး လျော့မယ်လို့ ထင်လဲ။

~ ခန့်မှန်းကတော့ဗျာ - ၁၅ နှစ်လောက်တော့ ကြာမှာပေါ့။ ရွေးကောက်ပွဲ ၃ ကြိမ်မြောက်လောက်ဆို လျော့သွားပါလိမ့်မယ်။ တိုင်းပြည်ဖွံ့ဖြိုးတာနဲ့အမျှ တဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားပါလိမ့်မယ်။

~ ထိုင်းနိုင်ငံလေ့လာရေးခရီးစဉ်မှာ ထူးခြားတာ ဘာတွေ့သလဲ။ ဘာတွေ လေ့လာခဲ့သလဲ။

~ တော်တော်များများ လေ့လာနိုင်ခဲ့တယ်ဗျာ။ စည်းကမ်း လိုက်နာမှု တော်တော်လေးကောင်းတယ်လို့ ပြောရမယ်၊ ချင်းမိုင်တက္ကသိုလ်မှာ သင်တန်းတက်ခဲ့တယ်လေ၊ တက္ကသိုလ်ကို လေ့လာတယ်၊ ကလေးတွေကို ကြည့်တယ်၊ ဆေးလိပ် တကယ်မသောက်ကြဘူး၊ အိမ်သာထဲမှာ ခိုးသောက်တာလည်း မရှိဘူး၊ ငယ်စဉ်ကတည်းက စည်းကမ်း လိုက်နာတာဟာ သူတို့ တိုင်းပြည် ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ကောင်းပဲလေ။ ကျနော်တို့လူငယ်တွေကို ပြောပြချင်ပါသေးတယ်၊ အဲဒီလောက်အထိ ကျနော်တို့လူငယ်တွေ စည်းကမ်း လိုက်နာမှု အားနည်းပါသေးတယ်။













-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved