မျက်စေ့အောက် မျက်စေ့မှောက်နေမှု

Sunday, October 7, 2012




        ငွေကြေးများစွာ အကုန်အကျခံပြီး တည်ဆောက်ထားတဲ့ မော်လမြိုင်၊ သံလွင်တံတားကြီး၊ ဓာတ်ပုံ- Asean talk.com


အထက်က တံတားကြီးနဲ့ မတူကွဲပြား ခြားနားတဲ့ နေပြည်တော်နဲ့ အနီးဆုံးနေရာက မဖွံ့ဖြိုးမှုကို ပြသနေတဲ့ သတင်းတပုဒ်ပါ။ 

မျက်စေ့အောက်မှာ မျက်စေ့မှောက်နေပုံရလို့ နိုင်ငံ ပိုင် သတင်းစာရဲ့ သတင်းစာ ဆရာက သတင်းလုပ် တင်ပြထားတယ်ထင်ပါတယ်။ သတင်းမှာ ဖော်ပြထားချက်အရ တံတား တစင်း ဖွင့်ပွဲပါ။


ကျေးရွာသူ ရွာသားတွေရဲ့ စုစည်းငွေကြေးနဲ့ ကိုယ်ထူကိုယ်ထ ဆိုတာလည်း ဖော်ပြထားပါတယ်။ 

နေပြည်တော် ဇဗ္ဗူသီရီ မြို့နယ် ၀ဲကြီးရွာနားက ဆင်သေချောင်းကို ကူးဆက်ထားတဲ့ အမည်နာမကလည်း ၀ဲကြီး- မေတ္တာပေါင်းကူးတံတားပါတဲ့။ ဒေသခံ ပြည်သူတွေရဲ့ မင်းနေပြည်တော် အကူအညီ မပါပဲ မေတ္တာ ချင်း ချိတ်ဆက်ပြီး တည်ဆောက်ထားကြတဲ့ တံတားပါ။

နိုင်ငံတော် ဆိုတာကြီးက နေပြည်တော် မြို့တော်ကြီးကို ငွေကြေး အမေရိကန် ဒေါ်လာ ဘီလျံနဲ့ချီပြီး အကုန်အကျခံတည် ဆောက်ခဲ့ပြီး အခုလို ဒေသမှာ အရေးပါတဲ့ တံတားတစင်းအတွက် မေ့လျော့နေတယ် ထင်ပါတယ်။ 

ဒီလိုမျိုးအဖြစ်အပျက်တွေက တကယ်တော့ နေပြည်တော်နဲ့ နီးရာမှာရော၊ ဝေးရာမှာပါ နိုင်ငံ အနှံ့ မှာ ဖြစ်နေတာကို သတိရှိရှိ ပြုပြင်တည်ဆောက်ဖို့ လိုအပ်နေတာပါ။

မြန်မာပြည်အနှံ့ အခြေခံ အဆောက် အအုံ လိုအပ်ချက်တွေ အမြန်ဆုံးပြည့်မှီအောင်တည်ဆောက်နိုင်ပါစေ လို့တော့ ဆုတောင်း ပေးရုံမှလွှဲပြီး……။

1 comments :

  1. Anonymous said... :

    ကျနော်တို့ မြန်မာပြည်အလည်ပိုင်း
    ကျေးလက်ဒေသတွေကတော့ မင်းတုန်းမင်းကြီးခေတ်နဲ့ သိပ်ပြီး မထူးခြားလှသေးပါ။ မိုးရွာလျှင် ဗွက်ထူ။ နေပူလျှင် ဖုံးထ ဆိုသလိုပါဘဲ။
    အစိုးရမင်းများကလဲ လုပ်အားပေးခေါ်ချိန်က လွဲပြီး မလာကြပါ။ရွေးကောက်ပွဲနီးချိန်ကတော့ ကြံ့ဖွတ်တွေက ဘုန်းကြီးကျောင်းကို နေရောင်ခြည်
    စွမ်းအင်သုံးမီးအိမ်လေးတစ်လုံး လာလှူသွားတယ်။
    ဒါပေမဲ့ ကမ္ဘာလှည့်ခရီးသည်တွေတော့ လာသဗျ။ ရှေးခေတ်အတိုင်း
    ခြေရာလက်ရာမပျက်လေ့လာဘို့ ကျေးရွာတွေက တစ်ခြားနိုင်ငံတွေမှာ ရှားပါးနေပြီဆိုသကိုး။
    တံတားကလဲ ရွာသားတွေ စုပေါင်းထိုးထားတဲ့ ၀ါးတံတားလေး ယိုင်နဲ့နဲ့ဘဲ ရှိပါတယ်။ မဆလရဲ့ ဆိုရှယ်လစ်ပန်းတိုင်ရောက်အောင် ရွာကကြက်တွေလဲ ပါတီလူကြီးတွေကို ချက်ကျွေးခဲ့ပ။ န၀တ၊ နအဖ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအတွက်လဲ လူကြီးတွေ လာတိုင်း ဘီယာ ဖာလိုက်နဲ့ ဟိုတယ်က အမြည်းတွေနဲ့ ရွာငွေနဲ့ ပြုစုပ။
    ရွာလေးကတော့ ရှေးဟောင်းအတိုင်း ရှိဆဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved