~
ဒေါက်တာခင်လက်ျာ ~
(ဓာတ်ပုံ - တီချမ်း)
ဆောင်းတွင်းရောက်လာတော့ ဈေးသွားတဲ့အခါ ငါးရံ့တွေ လှိုင်လှိုင် တွေ့ရပါတော့တယ်။ ဒီလို ငါးရံ့တွေ ပေါ်ချိန်မှာ ဒန့်သလွန်သီးများလဲ စပေါ်လာတော့တာပါပဲ။ ပေါ်ဦးပေါ်ဖျားမှာ ဒန့်သလွန်သီး တစ်တောင့်ကို ၂ဝဝ ကျပ်ပေးရတာကြောင့် မေမေ ပြောတာကို ပြန်ကြားယောင်မိပါတယ်။
''အောင်မယ်လေး တစ်တောင့် နှစ်ရာတဲ့လား။ အိမ်က ဒန့်သလွန်ပင် ရှိတုန်းက ဝယ်မစားရပါဘူး''
''ဒန့်သလွန်ပင် ခုတ်လိုက်ရတာ နှမြောလိုက်တာနော်''လို့ ပြောနေတတ်ပါတယ်။
အိမ်ကဒန့်သလွန်သီးက အတောင့်ရှည်ပြီး စိမ်းစိမ်းနဲ့ချိုပါတယ်။ ဒါကို လူကြီးတွေက ဒန့်သသလွန် အချိုသီးလို့ ပြောကြပါတယ်။ ဒန့်သလွန်အချိုသီး ဆိုတော့ အခါးသီးများ ရှိလားလို့ ကျွန်မက စပ်စုပြီး မေးလိုက်မိတာပေါ့။
လူကြီးတွေက ဒန့်သလွန် အခါးသီးလဲ ရှိကြောင်း၊ အရွယ်က အိမ်ကအသီးတွေထက်ငယ်ပြီး အရောင်က အနီရောင်သန်းတယ်လို့ ရှင်းပြပါတယ်။
ဟင်းချက်လိုက်တဲ့အခါ အိမ်ကအသီးလိုမချိုဘဲ ခါး သက်သက်လေးရှိတယ် တဲ့။
ကျွန်မဈေးသွားတော့ ယုကလဲ စားချင်တယ်ပြောတာနဲ့ သုံးတောင့် ၅ဝဝ ရတော့မှဝယ်ပြီး ချက်ကျွေးရပါတယ်။ အရင်အိမ်အပင်က ဆိုရင်တော့ စားမယ်ဆိုမှ လတ်လတ်ဆတ်ဆတ် ချက်ချင်းဆွတ်ပြီး ခရမ်းသီး၊ အာလူး နည်းနည်းထည့်ပြီး ချက်တတ်ပါတယ်။
အခုဝယ်စားရတော့ ခရမ်းသီး၊ အာလူး၊ ရုံးပတီသီး စတဲ့အသီးတွေထဲမှာ ဒန့်သလွန်ရော ချက်ရပြန်တာပေါ့။ ဒန့်သလွန်သီး များများစားစား အိမ်က ခူးချက်တာလိုတော့ မဟုတ် တော့ပါဘူး။ ဒီလိုအခါမျိုးမှာတော့ ငါးခြောက်နဲ့ပဲ ချက်ကြပါတယ်။
ငါးရံ့ပေါ်ချိန် ဆိုတော့ အိမ်မှာ ငါးရံ့ခေါင်းနဲ့လဲ ဒန့်သလွန်သီးကို ချက်တတ်ပါတယ်။ သိပ် လိုက်ဖက်ညီတဲ့ ဟင်းတစ်ခွက်ပါ။ တချို့က ငါးရံ့အသားနဲ့လဲ စားကောင်းကြောင်း ဒီရာသီမှာ နှစ်မျိုးစလုံးပေါ်တော့ ချက်စားကြည့်ပါလို့ ပြောကြပေမယ့် သိပ်မကြိုက်လှတာကြောင့် ချက်မစား ဖြစ်ပါဘူး။
တစ်နေ့ လှည်းတန်းဈေးသွားတော့ မတွေ့တာကြာပြီဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက် တင့်တင့်ကို အမှတ်မထင် တွေ့လိုက်ပါတယ်။ တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး နှုတ်ဆက်ကြရင်း ကျွန်မခြင်းထဲက ငါးရံ့ခေါင်းတွေ တွေ့သွားပြီး
''ခင်၊ ဒန့်သလွန်သီးနဲ့ချက်မှာလား''
''ဒန့်သလွန်ပင်ကြီး ရှိသေးလား''
''ဒီနှစ်သီးရင် ပေးကျွေးဦးနော်'' လို့ပြောပါတော့တယ်။
ကျွန်မတို့ အလုပ်အတူလုပ်စဉ်က ကျွန်မ ဒန့်သလွန်သီးပေါ်ချိန်ဆို မကြာခဏ ချက်တတ်ပြီး ရင်းနှီးသူများကိုလဲ ပေးတတ်တာကြောင့် တင့်တင့်က သတိရပြီး တောင်းတာပါ။
''တင့်တင့်ရေ၊ အိမ်ကအပင် မရှိတော့ဘူး''
''တို့လဲ တင့်တင့်လိုပဲ ဝယ်စား နေရတယ်'' လို့ ပြောလိုက်ရပါတယ်။
အိမ်ကအပင်ကြီးက ခြံစည်းရိုး နားနီးပြီး တစ်ဘက်အိမ်ရဲ့ အမိုးနဲ့ မလွတ်ဖြစ်တာကြောင့် နှမြောပေမယ့် ခုတ်ပစ်လိုက်ရတာပါ။ မခုတ်ခင် မျိုးမပြတ်ချင်တာကြောင့် အကိုင်းတွေခုတ်ပြီး သူငယ်ချင်း ပြုံး ခြံထဲမှာ စိုက်ကြပြန်ပါတယ်။
ဒန့်သလွန်သီး သီးချိန်မှာ ပြုံးက အမြဲပေးတတ်ပါတယ်။ အိမ်မှာက ဒန့်သလွန်သီးသာမက ဒန့်သလွန်ရွက်ပါ စားကြတာပေါ့။ ဖေဖေရှိစဉ်က သွေးကျတယ်၊ ဆီးကောင်းတယ် ဆိုပြီး မကြာခဏ ဟင်းချိုချက်ခိုင်းတတ်ပါတယ်။
ဟင်းချိုထဲ အရွက်ခပ်သောက်တဲ့အခါ ဟင်းရည်က နည်းနည်း သက်တဲ့ အရသာရှိပါတယ်။ အိမ်သား အားလုံးက အခါးကြိုက်တတ်တော့ မကြာခဏ သောက်ဖြစ်ပါတယ်။ သူချည်းသက်သက် မဟုတ်တာတောင် ခြံတန်းဟင်းရွက်စုံ ဟင်းချိုချက်တဲ့အခါ ထည့်ခပ်တတ်စမြဲပါ။
မေမေနဲ့ ကျွန်မကတော့ ဒန့်သလွန်ရွက်ကိုပြုတ် ပါးပါးလှီးပြီး သုပ်စားတာကြိုက်ပါတယ်။ ဟင်းနုနွယ်သုပ်နဲ့ ခပ်ဆင်ဆင် အရသာရှိပြီး အရွက်နှစ်မျိုးစလုံးက သံဓာတ် များတာကြောင့် အမျိုးသမီးများ စားဖို့သင့်တော်တာပေါ့။
မေမေ့အပြောအရ အမျိုးသမီးတွေ မီးတွင်းမှာ ဒန့်သလွန်ရွက်ဟင်းခါးသောက်ကြကြောင်း၊ မှန်မှန်သောက်ရင် နို့ရည်ထွက်များကြောင်း ပြောပြခဲ့ပါသေးတယ်။
အိမ်က ဒန့်သလွန်ပင်ရှိစဉ်က ဒန့်သလွန်သီးသာတောင်းကြသူရှိတာ များပါတယ်။ အခု ဈေးမှာ ရောင်း တော့လဲ ဒန့်သလွန်သီးသာ အရောင်း များတာတွေ့ရတာပါ။ ဒန့်သလွန်ရွက် ရောင်းတာ သိပ်မရှိလှပါဘူး။
တကယ်တော့ အစားနည်းပေမယ့် ဒန့်သလွန်ရွက်ဟာ အာဟာရ ပြည့်စုံတဲ့အရွက်လို့ ဆိုရမှာပါ။ သူ့မှာ ပရိုတင်း-Protein, ကယ်လ်စီယမ် -Calcium, ပိုတက်စီယမ်-Potassium နဲ့ ဗီတာမင်အေ-Vitamin A နဲ့ ဗီတာ မင်စီ-Vitamin C ဓာတ်များ ပါဝင်ပါတယ်။
စားကျင့်မရှိတာက တစ်ကြောင်း၊ သူ့မှာပါတဲ့ အာဟာရ ဓာတ်တွေအကြောင်း မသိတာကြောင့် တစ်ကြောင်း ဒန့်သလွန်ရွက်ကို အစား နည်းတာဖြစ်ကြမှာပါ။
သိသူဖော်စား၊ မသိသူကျော်သွားလို့ ဆိုရမလား မသိပါဘူး။
ကျွန်မ မကြာခင်က ဘန်ကောက်ရောက်တော့ ကျွန်မဝယ်စား နေကျ တရုတ်ပဲမုန့်ဆိုင်ကို သွားလိုက်ပါတယ်။ ဆိုင်က အိမ်ဆိုင်ပါ။ အစ်မကြီးကလုပ်ပြီး သူ့ညီမနဲ့သားက ကူလုပ်ကြတာတွေ့ရတယ်။
လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး လေးစားရတာကိုက အရသာရှိတာ ကြောင့် ကျွန်မ ဘန်ကောက်ရောက်ရင် အဆင်ပြေသလို သူ့ဆိုင်သွားပြီး ဝယ်စားတတ်ပါတယ်။
ကျွန်မ ဆိုင်ထဲရောက်သွားတော့ လင်ပန်း သုံးလေးပန်းနဲ့ ဒန့်သလွန်ရွက် အခက်တွေ ဖြန့်ထားတာတွေ့ရပါတယ်။
''မုန့်ဆိုင်မှာ ဘာကြောင့် ဒီ လောက်ဒန့်သလွန်ရွက်တွေ လှန်း ထားပါလိမ့်နော်''
''မုန့်ထဲများထည့်လုပ်ဖို့များ လား''
''ဘာများ လုပ်ကြမှာလဲ''လို့ တွေးမိသွားတယ်။
ကျွန်မ ဒီအမျိုးသမီးဆိုင်မှာ ဝယ်စားဖူးတာ လေးငါးနှစ်လောက်ရှိပါပြီ။ တစ်ခါမှ ဒန့်သလွန်ရွက်တွေ၊ လင်ပန်းတွေနဲ့ လှန်းထားတာမတွေ့ ဖူးပါဘူး၊ ကျွန်မသိချင်တာနဲ့
''ဒန့်သလွန်ရွက်တွေ အများကြီးပဲနော် ။ ဘာလုပ်ဖို့လဲ''လို့ စပ်စု ပြီးမေးလိုက်မိတယ်။
အစ်မကြီးက
''ဒေါက်တာ ဒီအရွက်ကို သိလို့လား''
''ကျွန်မတို့က မရွှံ (Ma-rum) လို့ခေါ်တယ်''
''ကျန်းမာရေးအတွက် သိပ်ကောင်းတာ'' ဆိုပြီး သူ ဒန့်သလွန် ရွက်စားရတဲ့အကြောင်း၊ လုပ်နည်း၊ စားနည်းတွေပါ ရှင်းပြပါတော့တယ်။
အစ်မကြီးက ငယ်ငယ်ကတည်းက ချူချာသူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီး သားနှစ်ယောက်ရှိပါတယ်။ သွေးအားကလဲ နည်း၊ နှလုံး လဲအားနည်းတာကြောင့် တရှောင် ရှောင်နဲ့ရှိနေခဲ့တာတဲ့။
ဆရာဝန်နဲ့ပြပြီး အင်္ဂလိပ်ဆေး အမျိုးမျိုးလဲ သောက်ခဲ့ရတာဆိုပဲ။ သိပ်ကောင်းလာတာ မဟုတ်ပေမယ့် နေသာထိုင်သာတော့ ရှိတယ် တဲ့။ တစ်ခါတရံ အားနည်းပြီး နေမကောင်းတဲ့အခါ မုန့်ဆိုင်ကို နှစ်လ၊ သုံးလ ပိတ်ခဲ့ရသည်အထိတောင် ရှိတယ်လို့ ပြောပါတယ်။
အင်္ဂလိပ်ဆေးတွေ စားတာကြာလာပြီး သိပ်မထူးလှတာနဲ့ ထိုင်း တိုင်းရင်းဆေးတွေအကြောင်း စာအုပ်တွေ ဝယ်ဖတ်ရာမှ တိုင်းရင်းဆေးကို စိတ်ဝင်စားလာခဲ့တယ် တဲ့။ တီဗီမှာ တိုင်းရင်းဆေး အကြောင်းပြတဲ့အခါ မပြတ်ကြည့်ပြီး အစ်မကြီးက လေ့လာခဲ့ပြန်တယ်။
ဒါတွေလေ့လာပြီး ဒန့်သလွန်ရွက် မှန်မှန်စားရင် သူ့အတွက် ကောင်းမယ်လို့ သိလာပြီး ဈေးမှာ ဒန့်သလွန်ရွက်တွေ သွားဝယ်လိုက်တယ်။ အရွက်ကို အမှုန့်ကြိတ် သောက်ရမှာကြောင့် သူက အရွက်တွေဝယ် ဆေးကြောပြီး လင်ပန်း တွေနဲ့ လှန်းထားရတယ်။
ခြောက်သွားမှ ထောင်းပြီး မနက် မန်ကျည်း စေ့လောက်၊ ည မန်ကျည်းစေ့လောက် ဆေးအဖြစ်သောက်သတဲ့။
ဒီလိုမှန်မှန်စားပြီး တစ်လလောက်ကြာတော့ လန်းလန်းဆန်းဆန်းဖြစ်လာခဲ့တယ်။ အစ်မကြီး သက်သာလာတော့ ဆွေမျိုးသားချင်း အိမ်နီးချင်းမိတ်ဆွေတွေကို ပြောပြလိုက်တော့ သူတို့ကလဲ စမ်းသောက် ချင်လာကြတယ်။
ဒါနဲ့ပဲ အစ်မကြီးက ဒန့်သလွန် ရွက်အမှုန့်ကို အတောင့် လုပ်ကြည့်ပြီး သူ စသောက်လိုက်တယ်။ အိမ်နီးချင်းတွေကိုလဲ ပေးသောက်ပြန်တယ်။ သူတို့လဲ နေလို့ထိုင်လို့ ကောင်းလာကြပြီး မှန်မှန် သောက်ချင်တာနဲ့ အစ်မကြီးကို လုပ်ရောင်းဖို့ ဝိုင်းပြောကြတယ်။
အခု အစ်မကြီးက အင်ပီစလင် Ampicilin ဆေးတောင့်အရွယ် တစ်ရာဝင် အထုပ်တွေ ထုပ်ပြီး တစ်ထုပ်ကို ထိုင်းဘတ်ငွေ ၈ဝ နဲ့ ရောင်းနေပါပြီ။ သူ့အညွှန်းအရ မနက် နှစ်တောင့်၊ ညနှစ်တောင့် သောက်ရင် လုံလောက်တယ် ဆိုပဲ။
အစ်မကြီးအနေနဲ့ သူသောက်ဖို့နဲ့ အိမ်နီးချင်း မိတ်ဆွေများ သောက်ဖို့သာ လုပ်တာလို့ ပြောပါတယ်။ တွင်တွင်ကျယ်ကျယ် ရောင်းချဖို့ စိတ်ဆန္ဒမရှိဘူးလို့လဲ ပြောပါသေးတယ်။ သူကျန်းမာလာသလို အများ ကျန်းမာတာကို မြင်ရတာကိုပဲ ကျေနပ်လှပါပြီတဲ့လေ။
အစ်မကြီးက ဆက်ပြီး သူ့ ဒန့်သလွန် ဆေးတောင့် နှစ်တောင့် စားတာက နွားနို့တစ်ခွက်သောက်တာနဲ့ တူတယ် ဆိုပဲ။ မရှင်းတာနဲ့ ပြန်မေးတော့ နွားနို့တစ်ခွက်မှာပါတဲ့ ကယ်လဆီယမ် Calcium ဓာတ်အချိုးအစား ပမာဏအတိုင်း သူ့ဒန့်သလွန် ဆေးတောင့်မှာ ပါတဲ့ ကယ်လ်ဆီယမ် Calcium ဓာတ်က တူညီနေတာလို့ ရှင်းပြပါတယ်။
ဒါကြောင့် အစ်မကြီးက ကျွန်မကို သူ့ဆေးတောင့်ဝယ်စားကြည့်ဖို့ တိုက်တွန်းနေပြန်တယ်။ ကျွန်မ မုန့်သာဝယ်ပြီး ဆေးတော့ မဝယ်ခဲ့ပါဘူး။ ကျွန်မအနေနဲ့ အစာလဲဆေးမို့ ဒန့်သလွန်ရွက် လတ်လတ်ဆတ်ဆတ်ကိုပဲ ဆက်စားဖို့ စဉ်းစားပြီးသားပါ။ ဆေးအဖြစ်နဲ့တော့ မစားချင်ပါဘူး။
ဒန့်သလွန်ရွက် ဆေးတောင့်ကို စားသုံးနေတဲ့ အစ်မကြီးဆိုင်မှ ပြန်အလာမှာ ကျွန်မ ဒန့်သလွန်ရွက်စားလေ့စားထရှိကြတဲ့ ဖိလစ်ပိုင်လူမျိုးများ အကြောင်းကို ပြန်တွေးမိသွားပါတယ်။
ကျွန်မ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟီဒေါတက္ကသိုလ်မှာ Diploma in Tropical Medicine and Hygiene- DTM&H တက်စဉ်က အတန်းထဲရှိ သူငယ်ချင်း တော်တော်များများက ဖိလစ်ပိုင်လူမျိုးတွေပါ။
သူတို့အားလုံးက အဆောင်တွေမှာနေကြပြီး ကျောင်းမုန့်စားတန်း - School Canteen မှာပဲ ဝယ်စားကြရတာပါ။ တစ်ခါတရံတော့သူတို့ရဲ့ ရိုးရာစားစရာ ချက်စားတတ်ကြောင်းလဲ သိရပါတယ်။
ထိုင်းသီးစုံချဉ်ရည်ဟင်းချက်တဲ့အခါမှာ ဒန့်သလွန်သီး ထည့်ချက်တာလဲ တွေ့ရတတ်ပါတယ်။ ဒါကြောင့် ကျောင်းမုန့်စားတန်းမှာ ရောင်းတဲ့ အခါမှာတော့ ဒန့်သလွန်သီး ချဉ်ရည်ဟင်းကို ကျွန်မ အလွမ်းပြေ ဝယ်စားလိုက်ပါတယ်။
ဖိလစ်ပိုင်သူငယ်ချင်းများနဲ့ ထမင်းဝိုင်း အတူ စားဖြစ်တဲ့အခါ သူတို့က ဖိလစ်ပိုင်နိုင်ငံမှာ ဒန့်သလွန်သီးနဲ့ ဒန့်သလွန်ရွက်ပါ စားကြတာလို့ ပြောပြပါတယ်။ အသီးထက် ဒန့်သလွန်ရွက်ကို အစားများကြပြီး ဒန့်သလွန်ရွက် ဟင်းချို၊ အရွက်သုပ်၊ အခြား စားစရာတွေနဲ့လဲ အရွက်ကို ထည့်စားတာမျိုး၊ ဖြူးစားတာမျိုးရှိကြောင်းလဲ သိခဲ့ရပါတယ်။
ကျွန်မတို့ အသုပ်တွေမှာ နံနံပင် ထည့်စားသလို သူတို့က ဒန့်သလွန်ရွက်ပါးပါးလှီးပြီး ထည့်စားတတ်ကြတယ် တဲ့။ လူတစ်မျိုး အကြိုက်တစ်မျိုးပေါ့လေ။
သူတို့က ကျောင်းကို ဟင်းချက်ပြီး မယူလာတာကြောင့် အဲဒီ အချိန်က သူတို့ပြောပြတာကိုသာ နားထောင်ခဲ့ရတယ်။ ကျွန်မ မြည်းစမ်းပြီး မစားရပါဘူး။
နောင် ယူနီဆက်မှာ ဝင်အလုပ်လုပ်တဲ့အခါမှာ တာဝန်အရ ဖိလစ် ပိုင်နိုင်ငံ၊ မနီလာမြို့ကို ကျွန်မ ရောက်သွားခဲ့ပါတယ်။
အဲဒီအခါကျမှ လုပ်ဖော်ကိုင်ဖက် ဖိလစ်ပိုင် သူငယ်ချင်းက ညစာထမင်း ဖိတ်ကျွေးတဲ့အခါမှာ သူတို့ရဲ့ ရိုးရာ ဟင်းကို ကျွန်မ စားခွင့်ရပါတော့တယ်။
အဲဒီညက ဟင်းအမယ်စုံပေမယ့် ကျွန်မစိတ်ဝင်စားတဲ့ ဟင်းတစ်ခွက်ရှိပါတယ်။ အိမ်ရှင်အမျိုးသမီးက ဒန့်သလွန်ရွက်ဟင်းလို့ ပြောလိုက်လို့ပါပဲ။ ဘယ်လိုများဟင်းချက်ပါလိမ့်။
ကျွန်မတို့က အရွက်ကို အဓိက ဟင်းမယ်အဖြစ် မဟုတ်ဘဲ ဘေးမှာ အပိုဟင်းလျာအဖြစ်ပဲ စားကြတာပါ။
ထူးထူးဆန်းဆန်း ရိုးရာဟင်းတော့စားရဦးမှာပဲလို့ ကျွန်မ ဝမ်းသာသွားမိပါတယ်။
ဟင်းက ကြက်သားနဲ့ ချက်ထားတာပါ။ ကြက်သားနဲ့ ဟင်းရည်ပျစ်ပျစ် ချက်ထားပြီး ဒန့်သလွန်ရွက်နဲ့ သင်္ဘောသီးစိမ်းတွေကို ထည့်ချက်တာ တွေ့ရပါတယ်။
ကြက်သားမဟုတ်ဘဲ တခြား ဘာသားပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အရိုး ပြုတ်ရည်ထဲမှာဖြစ်ဖြစ် ဒန့်သလွန်ရွက် နဲ့တခြား ဟင်းသီးဟင်းရွက်များလဲ ခပ်လို့ရကြောင်းကို ကျွန်မသူငယ်ချင်း ရဲ့ အမျိုးသမီးက ရှင်းပြပါတယ်။
ဘေးမှာထိုင်နေတဲ့ ကျွန်မ သူငယ်ချင်းကဆက်ပြီး 'ခင်၊ ဒါက ဟင်းရွက်ဟင်းရိုးရိုးပါ'' လို့ တောင်းပန်သံနဲ့ ပြောနေပါတော့တယ်။
ကျွန်မ သူဘာကို ဆိုလိုလဲဆိုတာ ချက်ချင်း ရိပ်မိသွားပါတယ်။ ကျွန်မတို့ဆီမှာ ဒန့်သလွန်သီးကိုသာ ဈေးကြီးပေးပြီး ဝယ်စားကြတာပါ။ ဒန့်သလွန်ရွက်ကို ဈေးကြီးကြီးပေးပြီး လူတိုင်း ဝယ်မစားကြပါဘူး။ ဓာတ်စာအဖြစ် စားရရင်ဖြစ်ဖြစ်၊ မီးတွင်း ဟင်းခါးသောက်လိုရင် ဖြစ်ဖြစ်သာ ဝယ်စားကြတာပါ။
တစ်နှစ်ပတ်လုံး ရှိနေတဲ့ အရွက် ဆိုတော့လဲ ရာသီနဲ့ပေါ်တဲ့ ဒန့်သလွန်သီးလို စားချင်တာမျိုး မရှိတာလဲဖြစ်ကောင်းဖြစ်မှာပါ။
ရှင်းရှင်းပြောရရင်တော့ ဒန့်သလွန်ရွက်က ဈေးမကြီးတာကြောင့် မျက်နှာငယ်ရရှာတဲ့ အရွက် ဖြစ်နေရှာတာပါ။ ဖိလစ်ပိုင်မှာလဲ ဒီလိုဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကျွန်မစဉ်းစားမိလိုက်တယ်။
ကျွန်မက ''ဒီ ဒန့်သလွန်ရွက်က ပေါပေါလောလော ရောင်းကြတဲ့ အရွက်ဖြစ်ပေမယ့် အာဟာရဓာတ်အားဖြင့်တော့ မြင့်တာပါသူငယ်ချင်း'' လို့ ပြောလိုက်ပါတယ်။
ကျွန်မပြောလိုက်မှ သူငယ်ချင်းလဲ ဘဝင်ကျသွားပြီး ပြုံးပါတော့တယ်။ သူတို့ဆီမှာ ဒန့်သလွန်ရွက်ဟာ တခြား အသီးအရွက်တွေထက် ဈေးပေါကြောင်း။ ဒါပေမယ့် ဒန့်သလွန်ရွက်တွေကို အစည်းတွေ စည်းပြီး ဈေးတွေမှာ ရောင်းတတ်ကြောင်း။ အလွယ်တကူ ဝယ်လို့ရကြောင်း။ သူတို့မိသားစုက ကြိုက်လဲကြိုက်၊ အာဟာရဓာတ်လဲ ကြွယ်ဝတဲ့ အရွက် ဖြစ်တာကြောင့် ဝယ်စားတတ်ကြောင်းကို ရှင်းပြပါတယ်။
ဒါနဲ့ တစ်ဆက်တည်းမှာ ဟာဝိုင်အီမှာရှိနေတဲ့ သူငယ်ချင်း ပြောပြတာကို ကျွန်မ အမှတ်ရသွားမိလိုက်ပါတယ်။ အမိမြေနဲ့ ဝေးသွားတော့ မြန်မာတွေ စားနေကျ စားစရာ သောက်စရာတွေကို သူငယ်ချင်း သတိရမိတာ မဆန်းပါဘူး။
သွားရင်းလာရင်း သူနေတဲ့မြို့ တချို့နေရာတွေမှာ ဒန့်သလွန်ပင်တွေ တွေ့ရသတဲ့။ ဒန့်သလွန်ပင်မြင်တော့ သူလဲ ကျွန်မ လာအိုနိုင်ငံမှာ ဒန့်သလွန်ပင်တွေ့တော့ ဒန့်သလွန်သီး စားရတော့မှာပဲလို့ ဖြစ်သွားမိတယ်လို့ ပြောပါတယ်။ ဒါနဲ့ပဲ ဈေးမှာ ဒန့်သလွန်သီးတို့၊ ဒန့်သလွန်ရွက်တို့ ရှိလို ရှိငြား သူက လိုက်ရှာတော့တာပေါ့။
အမေရိကန်တွေ အများဆုံး သွားတဲ့ စူပါမားကက်တွေမှာ ရှာမတွေ့ခဲ့ဘူး။ ဖိလစ်ပိုင်လူမျိုးများ ဝယ်တဲ့ဆိုင် ဖိလစ်ပိုင်လူမျိုးများနေတဲ့ နေရာတွေမှာတော့ ဒန့်သလွန်သီးနဲ့ ဒန့်သလွန်ရွက်တွေ ရောင်းတာတွေ့တယ်လို့ ပြောပါတယ်။
သူပြောတော့ ကျွန်မ ပြုံးမိသွားပါတယ်။ အမေရိကန်လူမျိုးတွေ ဒန့်သလွန်သီးနဲ့ ဒန့်သလွန်ရွက် မစားကြတာ မဆန်းပါဘူး။ သူတို့က အနောက် နိုင်ငံသားတွေပဲ။ သူတို့လူမျိုး ချက်လေ့ချက်ထမရှိတဲ့ ဟင်းသီးဟင်းရွက် ဖြစ်နေတာကိုး။ ဆိုင်မှာတင်လဲ ဘယ် ဝယ်စားပါ့မလဲ။
ကျွန်မ အလုပ်လုပ်ကိုင်ခဲ့တဲ့ လာအိုနိုင်ငံမှာတောင် ဒန့်သလွန်သီး မစားကြလို့ ကျွန်မ ဝယ်မရ ဖြစ်ခဲ့ရတာပဲ။ ဒီအကြောင်းကို ကျွန်မ ရေးခဲ့ပြီးပါပြီ။ စားသောက်တဲ့ ဓလေ့ ထုံးစံ မတူကြတော့လဲ။
စားကြတယ်ထားဦး။ ချက်ပုံ၊ စားပုံ၊ သောက်ပုံကလဲ ဘယ်တူနိုင်ပါ့မလဲ။ သူငယ်ချင်းလဲ ရောင်းတတ်တဲ့နေရာ သိသွားပြီး စားချင်တဲ့အခါ သွားဝယ်စားနိုင်တော့တာပေါ့။
ဒန့်သလွန်သီးနဲ့ အရွက် စားပုံ၊ သောက်ပုံ၊ ချက်ပုံတွေကို ပြန်စဉ်းစားမိတော့ ဒါတွေကို ကြိုက်တဲ့ အမေရိကန် နိုင်ငံရောက် အိန္ဒိယနိုင်ငံသူ ရီတာ - Rita ကို သွားသတိရမိလိုက်တယ်။
ရီတာကို ကျွန်မ အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိရှိ တက္ကသိုလ် University of California at Los Angeles-UCLA မှာ ပြည်သူ့ ကျန်းမာရေး မဟာသိပ္ပံဘွဲ့ကို သွားရောက် သင်ယူစဉ်က သိကျွမ်းခဲ့ရတာပါ။
ရီတာက ကျွန်မထက်စောပြီး အိန္ဒိယနိုင်ငံ၊ ကလကတ္တားကနေ အမေရိကန်နိုင်ငံကို ရောက်ခဲ့သူပါ။ အမေရိကန်နိုင်ငံမှာ သိပ္ပံဘွဲ့ရယူပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိရှိ တက္ကသိုလ် UCLA မှာ နောက်တစ်ဆင့် မဟာသိပ္ပံဘွဲ့ လာတက်သူဖြစ်ပါတယ်။
သူမက ကျောင်းတက်ပြီး ဒုတိယနှစ်လောက်မှာ အင်ဂျင်နီယာဘွဲ့ ယူဖို့ အမေရိကန်နိုင်ငံမှာ ကျောင်းလာတက်နေသူ အိန္ဒိယအမျိုးသားနဲ့ အိမ်ထောင်ကျသွားခဲ့တယ်။ သူတို့ အိမ်ထောင်ကျသွားပြီး ကျောင်းနဲ့ လှမ်းတဲ့နေရာမှာ ပြောင်းနေလိုက်ပါတယ်။
အိမ်ထောင်သည်ဖြစ်လာတော့လဲ အားရက်မှာ ရီတာက သူတို့ရဲ့ ရိုးရာ စားနေကျ ဟင်းတွေ ချက် စားတတ်ကြောင်း ပြောပြပါတယ်။ ဒီတော့လဲ အိန္ဒိယ အစားအသောက်များ ရောင်းချတဲ့ နေရာကို ရှာရပြန်တာပေါ့။
ရီတာတို့ ဇနီးမောင်နှံက အိန္ဒိယ အစားအသောက် ကြိုက်ကြတာကြောင့် မြို့ထဲက အိန္ဒိယဆိုင်တွေကို ရှာဖွေပြီး သွားဝယ်ကြတယ် တဲ့။
အများဆုံးကတော့ ပဲအမျိုးမျိုး ဝယ်ထားကြတယ်ဆိုပဲ။ ကျွန်မတို့တောင် အိန္ဒိယသားတွေနဲ့ အနေနီးစပ်ပြီး ပဲနီကလေးဟင်းချို။ ကုလားပဲ ဟင်းချို၊ သီးစုံနဲ့ ပဲဟင်းတွေ ကြိုက် ကြတာကြောင့် မကြာခဏ ချက်စား ဖြစ်တာပါ။
ရီတာကလဲ သူတို့ စားတတ်ကြတဲ့ ပဲနီကလေး၊ ကုလားပဲ၊ ပဲကြီး၊ ပဲခြမ်း၊ ပဲကတ္တီပါစသည်တို့အပြင် မဆလာ၊ သရက်သီးသနပ်ပုလင်းတွေ အမြဲ အလွယ်ချက်စားရအောင် ဝယ် ထားရတယ်လို့ ပြောပါတယ်။
ကျွန်မတို့ နှစ်ယောက် စကား လက်ဆုံကျတဲ့အခါ ဟင်းချက်နည်းများ ဖလှယ်မိပါတယ်။ ကျွန်မအိမ်မှာ ချက်တဲ့ ပဲနီလေးဟင်းချို၊ ကုလား ပဲဟင်း၊ သီးစုံဟင်း၊ အမဲနဲ့ ကြက် သားကို မဆလာနဲ့ ချက်တာတွေက သူတို့ ချက်နည်းနဲ့ ဆင်ကြောင်း။ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကနီးတော့ ဟင်းချက်ပုံ၊ ဟင်းချက်နည်း၊ စားကြပုံ၊ ကြိုက်နှစ်သက်တာတွေ တူကြတယ်လို့ ပြောမိကြပါတယ်။
ရီတာနဲ့ စကားစပ်မိမှ ကျွန်မ နှုတ်ကျိုးပြီးခေါ်နေတဲ့ အစား အသောက်တွေနဲ့ ဆိုင်တဲ့ စကားလုံးတွေက အိန္ဒိယ စကားမှန်းသိရပါတော့တယ်။ သူပြောပြမှ အာလူးနဲ့ နနွင်းက သူတို့စကား ဖြစ်နေတာကိုး။
ကျွန်မ နွေရာသီ ကျောင်းပိတ်ချိန်မှာ ကျွန်မ မရောက်ဖူးသေးတဲ့ East Coast ဘက်ကို တစ်ယောက်တည်း သွားလည်ဖြစ်သွားပါတယ်။
ရီတာတို့ ဇနီးမောင်နှံတို့လဲ နွေရာသီ ကျောင်းပိတ်ရက်မှာ ခရီးသွားကြမယ်လို့ ကျွန်မကို ပြောပါတယ်။ သူတို့က ကားတစ်စီး ဝယ်ထားတာကြောင့် စိတ်ကူးတည့်ရာ သွားလည်ကြမှာတဲ့။ ကျောင်းကလဲ နှစ်လ လောက်ပိတ်တော့ အေးအေးဆေး ဆေး သွားနိုင်ကြတာပေါ့။
ကျွန်မက လေယာဉ်နဲ့ ခရီး တစ်နေရာမှ တစ်နေရာ သွားတာကြောင့် ရက်သိပ်မကြာဘဲ လော့အင် ဂျလိမြို့ကို ပြန်ရောက်လာပါတယ်။ ရီတာတို့ ဇနီးမောင်နှံကတော့ ကျောင်း ဖွင့်ခါနီးမှပြန်ရောက်လာကြပါတယ်။
တစ်နေ့ ရီတာက ဖုန်းဆက် ပြီး-
''ခင်ရေ ဒီနေ့ ကျောင်းဝင်းထဲ မှာ ကော်ဖီသောက်ရင်း စကားပြောကြရအောင်''
''တို့ မမျှော်လင့်တာတွေ တွေ့ ပြီး ယူလာခဲ့တယ်'' လို့ ပြောပြီး ချိန်း တော့တယ်။
ကျွန်မလဲ ရီတာ့ဆီကဖုန်းရပြီး-
'သူ ဘာတွေ တွေ့ခဲ့တာလဲ'
'တော်တော် ထူးဆန်းတာများလား'
'ဘာများပါလိမ့်'တွေးမိသွား ပြီး ရီတာချိန်းတဲ့အတိုင်း သွားလိုက်ပါ တယ်။
ပုံမှန်ကျောင်းတက်သူတွေ မရှိသေးပဲ နွေရာသီသင်တန်းများ - Summer Courses တက်သူများသာ ရှိတာကြောင့် ကျောင်းဝင်းထဲမှာ လူ ရှင်းနေပါတယ်။
ကျွန်မတို့ ချိန်းထားတဲ့ ကျောင်းစားသောက်တန်းမှာ ဆုံလိုက်ကြပြီး ကော်ဖီ တစ်ယောက် တစ်ခွက်စီ ဝယ် လိုက်ကြတယ်။ အေးအေးဆေးဆေး စကားပြောရအောင် ကျောင်းဝင်းထဲရှိ အရိပ်ကောင်းကောင်း ထိုင်ခုံတန်းမှာ သွားထိုင်လိုက်ကြပါတယ်။
ကျွန်မတို့ နေရာတကျ ထိုင် ပြီးတာနဲ့ ရီတာက
''ခင်၊ နင်တို့ဆီမှာ ဒန့်သလွန် ပင်ရှိလား'' လို့ စကားစလိုက်ပါ တယ်။
ကျွန်မက ရှိကြောင်း၊ နောက်ပြီး မြန်မာတွေက ဒန့်သလွန်သီးရော အရွက်ပါ စားကြတယ်လို့ ပြန်ဖြေလိုက်ပါတယ်။
ရီတာက သူတို့ ဇနီးမောင်နှံ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့ကို ရောက်သွားခဲ့ကြတယ်လို့ ပြောပါတယ်။ သူ့အမျိုးသားရဲ့ မိတ်ဆွေ တွေရှိတာကြောင့် မီယာမီမြို့ကိုသွား ဖြစ်တာ ဆိုပဲ။
အဲဒီအိမ်ရောက်တော့ သူပထမဆုံး လုံးဝ မမျှော်လင့်ထားတဲ့ ဒန့်သလွန်ပင်ကို တွေ့လိုက်ရတယ်။ ရီတာက သူတို့ အိန္ဒိယနိုင်ငံမှာရှိပြီး စားကြတဲ့အပင်ကို အမေရိကန်လို နိုင်ငံမှာ တွေ့လိမ့်မယ် မထင်ထားမိ တော့ အံ့သြရတာပေါ့။
အိမ်ရှင်တွေက အပင်က အရွက် လတ်လတ်ဆတ်ဆတ်ခူးပြီး အဲဒီနေ့က ချက်ကျွေးကြတယ် တဲ့။ သူတို့စားနေကျဖြစ်တဲ့ ပဲဟင်းထဲ ထည့်ချက်တာမျိုး၊ အသုပ် သုပ်စား တာမျိုး မဟုတ်ဘဲ အဲဒီညက ဒန့်သလွန်ရွက် အစာသွပ် အာလူး က တလစ် (အားလူးကို ပြုတ်ထောင်းပြီး ဒန့်သလွန်ရွက် အစာသွပ်ကြော်တာ ပါ) ကြော်ကျွေးကြတယ်။
စားနေကျ ချက်နည်းမဟုတ်ဘဲ အပြောင်းအလဲ စားရတာကြောင့် အဲဒီညက တော်တော် စားကောင်းတာ ဆိုပဲ။ သူတို့က ဒန့်သလွန်ရွက်ကို အစာမသွပ်ဘဲ စဉ်းပြီး အာလူးနဲ့ ရောနယ်ကြော်တဲ့ နည်းလဲ ရှိပြန်သတဲ့။
ရီတာ ဒါကို ပြောတော့ ကျွန်မ ရန်ကုန်မှာ အာလူးကတလစ်ကြော်ထဲ ပူဒီနာရွက် ပါးပါးလှီးပြီး ထည့်နယ် ကြော်စားတတ်တာကို သွား သတိရမိလိုက်သွားတယ်။
ရီတာက ဒန့်သလွန်ရွက် ကြိုက်ပေမယ့် အသီးကို ပိုပြီး ကြိုက်တာဆိုပဲ။ နွေတော်တော်ရောက်နေ တော့ မိတ်တွေခြံထဲက အပင်မှာ အသီးတွေ မရှိတော့ဘူးပေါ့။
ရီတာက ဒန့်သလွန်ပင်တွေ့ရပေမယ့် အသီးမစားရတာကြောင့် စိတ်မကောင်းဖြစ်နေမိတယ်။ နောက်တစ်နေ့ ထမင်းပွဲရောက်တော့ သီးစုံဟင်း ချက်ထားတာမှာ ဒန့်သလွန်တောင့်လေးတွေ ထည့်ချက်ထားတာ တွေ့ရတော့ ဝမ်းသာသွားတာပေါ့။ ဒီတော့ ရီတာက ဘယ်ကရလဲလို့ မေးလိုက် တယ် တဲ့။
အိမ်ရှင်တွေကလဲ ဒန့်သလွန် သီးကြိုက်ကြတာကြောင့် အသီးတွေ လှိုင်လှိုင်သီးစဉ်က ခူးပြီး အရန်သင့် စားရန် အတုံးတွေ တုံးပြီး ခဲထားခဲ့တာတဲ့လေ။ ရီတာအပြောအရ အိန္ဒိယ နိုင်ငံက စည်သွပ် ဒန့်သလွန်သီး Canned Drumstick Fruit တွေကို နိုင်ငံခြားတင်ပို့ရောင်းချတာကြောင့် ပထမ စည်သွတ်ဘူးထဲကရတာလို့ သူ ထင်မိသွားတာတဲ့လေ။
အိန္ဒိယနိုင်ငံမှာ ဒီဒန့်သလွန်ပင်ဟာ သိပ် အသုံးဝင်ပြီး စိုက်ကြတာဆိုပဲ။ ကျွန်မတို့စားကြတဲ့ ဒန့်သလွန်သီး နဲ့ အရွက်အပြင် သူတို့လူမျိုးက အပွင့် အစေ့တွေလဲ စားကြတာတဲ့လေ။
ဒန့်သလွန်ပင်ရဲ့အခေါက်၊ အစေ့၊ အစေးတွေကလဲ ဆေးဖက်ဝင်တယ် ဆိုပြီး စားသုံးကြတာကိုလဲ ကြားဖူး ပေမယ့် သေသေချာချာ သုံးစွဲပုံကိုတော့ ရီတာက မသိကြောင်း ပြော ပါတယ်။
ရီတာက အပွင့်စားတယ်ပြောတော့ ကျွန်မတို့ အိမ်မှာလဲ အပွင့်ကို တစ်ခါတလေ ပြုတ်ပြီး သုပ်စား ဖူးပါတယ်။ ဒါပေမယ့် အသီးကို ပို ကြိုက်ကြတာကြောင့် အပွင့်ကို ခူး မစားတာကများပါတယ်။ ရီတာက သူတို့က အပွင့်ကို သုပ်မစားဘဲ ချက်စားတာက မှိုလို ဆိမ့်ဆိမ့် အိအိလေး ရှိတယ်လို့ပြောပြပါတယ်။
အစေ့တွေစားကြောင်း ရီတာက ပြောတော့ ဘယ်လိုစားကြလဲလို့ ထပ်မေးရပါတယ်။ အိမ်မှာက အနေတော် ဒန့်သလွန်သီးကို ချက်တာကြောင့် အစေ့သက်သက် မစားကြပါဘူး။ ရင့်ရင်လဲ အစေ့ကို ထည့်မချက်တော့ပါ ဘူး။
ရီတာတို့ကတော့ ဒန့်သလွန်သီး ရင့်တဲ့အခါ အစေ့ချည်းသက်သက်ယူပြီး ပဲချက်သလို အစေ့တွေကို ချက်စားကြတာတဲ့။ ရင့်သွားတဲ့ အစေ့တွေကိုတော့ လှော်ပြီး စားကြတယ်။ သူပြောတော့ ကျွန်မ ဝယ်စားတတ်တဲ့ ပဲစိမ်းလုံးကြော်တွေကို သတိရသွားပြန်တာပေါ့။
ရီတာအပြောအရ အာဖရိကမှာလဲ ဒန့်သလွန်ပင်ကို တွင်တွင်ကျယ်ကျယ် စိုက်ကြောင်း။ အနောက် အာဖရိကမှာ အာဟာရ ချို့တဲ့မှုရှိတဲ့ ကလေးတွေအတွက် ဒန့်သလွန်ရွက် ထည့်ကျွေးကြတယ်၊ ဒီကလေးတွေက ကိုယ်အလေးချိန် တိုးပြီး ကျန်းမာလာကြောင်း သူဖတ်မိကြောင်းလဲ ပြောပြပါသေးတယ်။
ဒီတော့ ခြံထဲမှာ ဒန့်သလွန်ပင် စိုက်တာ အကောင်းဆုံးပဲပေါ့။ ကျွန်မတို့အိမ်က အပင်ခုတ်ပြီးတဲ့နောက် ဒီမျိုးကို ပြုံးတို့အိမ်မှာ ဆက်စိုက်ထားပါတယ်။ မနှစ်က ပြုံးတို့အိမ် ပြင်ဆောက်မှာမို့ ဒန့်သလွန်ပင်ကို ခုတ်ရပြန်ပါတယ်။ သစ်ပင်မခုတ်မီ အစေ့ခောက်လဲယူ၊ ကိုင်းရင့်ရင့်ကိုလဲ ယူပြီး ကျွန်မခြံမှာ ပြန်စိုက်ရပြန်ပါတယ်။
ဒီတစ်ခေါက် ဘန်ကောက်က ပြန်လာပြီး ဒန့်သလွန်သီးနဲ့ အရွက်တို့ရဲ့ အာနိသင်တွေကို ထပ်သိရတော့ ခြံထဲမှာ ဒန့်သလွန်ပင်တွေ စိုက်ထားတာ မှန်လေခြင်း၊ အပင်တွေ မြန်မြန်ကြီးပြီး စားရပါစေလို့ ဆုတောင်းမိသွားပါတယ်။
ဈေးကွက်ဂျာနယ် အွန်လိုင်းမှာ တွေ့ရတဲ့ ဆောင်းပါး ၃ ပုဒ်ကို ကူးယူဖော်ပြပါတယ်။
လင့်တွေက ဒီမှာပါ -
အာဟာရ တန်ဖိုးကြီးလှတဲ့ ဒန့်ဒလွန် ၁
http://www.zaygwet.com/diary.php?id=57
အာဟာရ တန်ဖိုးကြီးလှတဲ့ ဒန့်ဒလွန် ၂
http://www.zaygwet.com/diary.php?id=59
အာဟာရ တန်ဖိုးကြီးလှတဲ့ ဒန့်ဒလွန် ၃
http://www.zaygwet.com/diary.php?id=62
-
0 comments :
Post a Comment