“ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်က အလွန်တရာ အားနည်းနေတယ်”

Wednesday, October 24, 2012

~ 


 
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ခေါင်းဆောင် တယောက်နဲ့ တွေ့ဆုံမေးမြန်းခြင်း


ဦးခင်မောင်လတ် (ဓာတ်ပုံ - အဉ္စလီ/ဧရာဝတီ)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နဲ့ မကြာသေးခင်က တွေ့ဆုံစဉ် ဧရာဝတီဘလော့မှာ ခပ်တိုတို  အင်တာဗျူး တခု ဖော်ပြနိုင်ဖို့အတွက်  မေးခွန်းတချို့ မေးမြန်းဖြစ်ခဲ့ပါတယ်။
ဦးခင်မောင်လတ်က RNDP လို့လည်း အတိုကောက် ခေါ်ကြတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တယောက်လည်း ဖြစ်ပါတယ်။

~ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အားမရတာတွေထဲက တခုလောက် ပြောပြပါဦး။

~ အဓိက မကောင်းတာကတော့ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်တာပဲ။ နောက်တခုက ဇယား ၁၊ ၂ က ပြောင်းပြန်ကြီး ဖြစ်နေတာ။

~ ဇယား ၁၊ ၂ ဆိုတာက ဘာလဲခင်ဗျ။

~ ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်ပေါ့။  ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်က အလွန်တရာ အားနည်းနေတယ်။

~ ဘယ်လို အားနည်းတာလဲ နည်းနည်း နမူနာ ပေးပါဦး။

~ နမူနာ ဆိုရင်  - ဒီ ချောင်း၊ မြောင်း၊ ကူးတို့ခွန်လောက်ပဲ ကောက်ခွင့်ရှိတာ။ ယစ်မျိုးခွန်တို့ အရက်ခွန်တို့လောက်ပဲ။
ရေလုပ်ငန်း ဆိုလည်း ပင်လယ်ပြင်ကြီးရှိတယ် ရခိုင်မှာ။ အဲဒါ ထိုင်း၊ တရုတ် ငါးဖမ်းသင်္ဘောတွေ အများကြီး (ငါး)ဖမ်းနေကြတာပဲ။
သစ်လုပ်ငန်း ဆိုလည်း မီးသွေးဖုတ်တဲ့ ထင်းစလေးတွေလောက်ပဲ ကောက်လို့ ရတယ်၊ တခြား သစ်တို့ဘာတို့ (အခွန်) ကောက်လို့ မရဘူး။

~ ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဘာတွေ ကတိပေးပြီးတော့ အဲဒီကတိတွေအတိုင်း ဘာတွေ ဆောင်ရွက်ပြီးပြီလဲ။

~ ကျနော်တို့ ပါတီက ကတိ မပေးခဲ့ဘူး။

~ ဦးခင်မောင်လတ် တယောက်တည်းအနေနဲ့ရော။

~ ကျနော်လည်း မပေးခဲ့ဘူး။ ဒီအခြေအနေ ရောက်မယ်ဆိုပြီးတောင် မထင်ဘူး။ အခြေအနေ ဆိုးသွားနိုင်တယ်။

~ ပါတီက ရွေးကောက်ပွဲမှာ မနိုင်ဘူးလို့ ထင်ခဲ့တာလား။

~ နိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် ၉၀ ပြည့်နှစ် အတွေ့အကြုံ (၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အနိုင်ရသူများ ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံ) ရှိတယ်လေ။ ကိုယ်စားလှယ်တွေကို ပယ်ဖျက်လိုက်တာ ရှိတယ်၊ ထောင်ချပစ်တာတွေလည်း ရှိတယ်။

~ နေပြည်တော်က လွှတ်တော်များ၊ ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်များအကြောင်း နည်းနည်း ပြောပြပါဦး။ ဒီလွှတ်တော်တွေက ဘာတွေ ကွာခြားသလဲ။

~ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကြားမှာ သိပ်ပြီး ကွဲကွဲပြားပြား မရှိဘူး။ တမင်လုပ်ထားတဲ့သဘောပဲ။ သိပ်တော့ မလွယ်ဘူး ခွဲခြားဖို့။ အမှန်ဆို အမျိုးသားလွှတ်တော်က အထက်လွှတ်တော် ဆိုပြီး လူမျိုးစုသဘော နည်းနည်း ရှိရမယ်လေ။
တိုင်းရင်းသားရေးရာကို ပိုပြီး ကိုင်ရမယ်၊ ပိုပြီးတော့ ပေါ်လစီဆန်တဲ့ကိစ္စတွေပေါ့၊ အထက်လွှတ်တော်ဆိုတာက နိုင်ငံတကာမှာ ဒီလိုပဲလေ။ အဲဒီလို ဖြစ်ရမှာ။ ဒါပေမယ့် မဖြစ်ဘူး။

ပြည်နယ်လွှတ်တော်ကျတော့ ပြည်နယ်ကိစ္စလောက်ပဲ ဆုံးဖြတ်နိုင်တယ်၊ ဥပဒေပြုနိုင်တယ်။ အဆိုသွင်းနိုင်တယ်၊ မေးနိုင်တယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပေါင်းလိုက်ရင်တော့ ပြည်ထောင်စုလွှတ်တော်ပေါ့။ သူ့သဘောကတော့ ပြည်နယ်/တိုင်းကို အဓိက မထားဘူး၊ တပြည်လုံးအတိုင်းအတာနဲ့အကြုံးဝင်တဲ့ကိစ္စကိုပဲ မေးနိုင်တယ်၊ အဆိုသွင်းနိုင်တယ် အဲဒီလို ဥပဒေစည်းမျဉ်း သတ်မှတ်ထားတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ တခါတလေ ကိုယ့်ဒေသအတွက် ကျောင်းကလေးတဆောင် တောင်းတာ ရှိတယ်။

ပထမလွှတ်တော်တုန်းကတော့ ဥပဒေစည်းကမ်း တင်းကျပ်တော့ သိပ်မပြောရဲဘူး။ အဲဒီပထမလွှတ်တော်က အာဏာလွှဲတဲ့လွှတ်တော်ပဲ။ အဲဒီမှာ ကျနော် မေးခွန်းတခု မေးလိုက်သေးတယ်၊ ရခိုင်ကမ်းခြေမှာ လယ်မြေတွေကို ဆည်တာတမံ လုပ်ပေးစေချင်တယ်၊ လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်လောက်က UN ကလား ADB ကလား မသိဘူး၊ ရခိုင်ကမ်းခြေအနှံ့ အဲဒီလိုလုပ်ပေးမယ့် အစီအစဉ် ချတယ်၊ အဲဒီတုန်းက မဆလ အစိုးရက ပယ်လိုက်တယ်၊  ဘင်္ဂလားဒေ့ရှ်မှာ အဲဒါမျိုးတွေ သူတို့ လုပ်နေပြီ၊ တော်တော် အောင်မြင်သွားပြီ။ အိန္ဒိယမှာ ရှိတယ်၊  ထိုင်းမှာ ရှိတယ်  ကမ်းခြေတလျှောက်။ ဂျပန်မှာလည်း အများကြီးပဲ၊ ဂျပန်မှာတော့ ဆူနာမီကို ကြောက်လို့။
အဲဒီအပေါ်က အိမ်တွေဘာတွေ ဆောက်တယ်၊ ကားတွေ သွားတယ်၊ အဲဒီမှာ လယ်စိုက်တယ်၊ ပုစွန်မွေးတယ်၊ ထိုင်းမှာလည်း ဒီအတိုင်းပဲ၊ ဂျပန်မှာလည်း ဒီအတိုင်းပဲ ဆိုတော့ ကျနော်က ရခိုင်မှာ အဲဒါမျိုးတွေ လုပ်ဖို့ တောင်းဆိုချင်တယ်။ ဥပဒေအရ ကျနော်တို့ပြည်ထောင်စုလွှတ်တော်က ကိုယ့်ဒေသအတွက် တောင်းခွင့် မရှိဘူး။ တပြည်လုံးအတိုင်းအတာနဲ့ အကြုံးဝင်မှ ပြောဆိုဆွေးနွေးခွင့် ရှိတယ်။

~  ဦးခင်မောင်လတ် ဆွေးနွေးမယ့် ကိုယ့်ဒေသတွင်း အကြောင်းအရာတွေကို ကိုယ့်ပါတီက ကိုယ်စားလှယ်တယောက်ယောက်က ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းပေးလို့ မရဘူးလား။

~ ပြည်နယ်အစိုးရက မလုပ်နိုင်ဘူး။ ငွေလည်း မရှိဘူး။ အာဏာ နည်းတယ်။ အမှန်က ပြည်နယ်လုပ်ပိုင်ခွင့်တွေကို ဗဟိုက ယူထားတာ။ သာမန် ကျောင်း၊ လမ်း၊ ဟိုဘက်ရွာနဲ့ဒီဘက်ရွာဆက်မယ့် လမ်းကလေးတွေလည်း ဒီကမှ အားရှိတယ်၊ ပိုက်ဆံလည်း ဒီက ရှိတယ်၊ ကျနော်လက်တွေ့လည်း လုပ်ပြီးပြီ။ ရခိုင်ပြည်နယ်မှာ တောင်းရင် ပြည်နယ်ဘတ်ဂျက် မရှိလို့ ခေါက်ထားတာ ခံရတယ်၊ ဒီမှာ တောင်းလိုက်တော့ ကျနော် လမ်းတခု (ဖောက်ဖို့ ဘတ်ဂျက်) ရတယ်၊ ဟိုဘက်ရွာနဲ့ဒီဘက်ရွာဆက်တဲ့လမ်း။

အဲဒါလည်း ဘောင်မ၀င်တော့ မတောင်းရဲဘူး၊ နောက် သူများတွေက လမ်းကလေးတွေ၊ မူလတန်းကျောင်းတွေ ပျက်တာလည်း တင်နေပါလား ဆိုပြီး တင်လိုက်တာ ရတယ်။ အဲဒါတခုပဲ မှတ်မှတ်ရရ။ သိန်း ၉၀ ပဲ။ သိပ်ကြီးကြီးတော့ မဟုတ်ဘူး။

~ ဘယ်ဒေသက လမ်းအတွက်လဲခင်ဗျ။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ရှိတဲ့ ရွာ ၂ ရွာ။ ရွာချင်းဆက်တဲ့လမ်းပေါ့။ ပြည်မမှာတော့ ဒီလမ်းတွေ အကုန်ပြီးသွားပြီ၊ ဒီအဆင့် မဟုတ်တော့ဘူး၊ မတောင်းတော့ဘူး။


ဦးခင်မောင်လတ်ကို တွေ့ဆုံမေးမြန်းဖြစ်တာတွေထဲက ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved