ရှမ်းပြည်နယ်လွှတ်တော်အမတ်တဦးနဲ့ အင်တာဗျူး

Tuesday, October 30, 2012

မကြာသေးခင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဧရာဝတီသတင်းဌာနရုံးမှာ တွေ့ရတဲ့ ​စိုင်းသူရိန်ဦး (ဓာတ်ပုံ - အဉ္စလီ/ဧရာဝတီ)


နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က ရွေးကောက်ခံရတဲ့ ရှမ်း​ပြည်နယ်လွှတ်တော် အမတ် ​စိုင်းသူရိန်ဦးနဲ့ မကြာသေးခင် တွေ့ဆုံဖြစ်ခဲ့ပါတယ်။
သူက ကျားဖြူပါတီ လို့လည်း လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရက်တစ်ပါတီကပါ။
၂၀၀၄ ခုနှစ် တောင်ကြီးတက္ကသိုလ် သင်္ချာဘာသာရပ်နဲ့ ကျောင်းပြီးထားသူပါ။ သူ့နဲ့ပြောဆိုဖြစ်တာတွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

နိုင်ငံရေးသမားဖြစ်လာပုံကို နည်းနည်း ပြောပြပေးပါ။
၂၀၁၀ မှာ တည်ထောင်တဲ့ ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရက်တစ်ပါတီကို ၀င်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ နီးခါမှပဲ ၀င်ပါခဲ့ပါတယ်။

တနှစ်ကျော်အတွင်း စိုင်းသူရိန်ဦး  ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်အတွက် ဘာတွေ ဆောင်ရွက်ပြီးသွားပြီလဲ။

ကျနော့်မြို့နယ်အတွက် အရင်အစိုးရလက်ထက်  ခိုလန် တိုင်းစစ်ဌာနချုပ် တည်ဆောက်ရေး စီမံကိန်းတုန်းက အသိမ်းခံထားရတဲ့ လယ်တွေကို ခြံရှင်တွေ လယ်ရှင်တွေ နစ်နာမှု မရှိအောင်လို့ အခုချိန်အထိ အဲဒီကိစ္စကို လိုက်လံ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။
ပြီးတော့ မှတ်ပုံတင်ကိစ္စတွေရော၊ အသိပညာ ဖွံ့ဖြိုးတိုးတက်နိုင်အောင်  ရွာတွေအထိ သွားပြီးတော့ ဟောပြောပို့ချတာတွေ လုပ်ပါတယ်ခင်ဗျ။

၂၀၁၅ ရွေးကောက်ပွဲမှာရော ၀င်အရွေးခံဖို့ အစီအစဉ် ရှိသေးလား။

ဒါကတော့ အခြေအနေပေါ် ကြည့်ပါဦးမယ်။
 ၂၀၁၀ တုန်းက အခြေအနေ အရပ်ရပ်ကြောင့် ကျနော်တို့ထက် တော်တဲ့သူတွေက မပါလာဘူးပေါ့နော်။ ၂၀၁၅ မှာ ကျနော်တို့က နောက်ကနေ အားပေးသူလည်း ဖြစ်ရင် ဖြစ်မယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပါပဲခင်ဗျ၊ နောက်ပြီး ပါတီဝင်တွေက ကျနော့်ကိုပဲ ဆက်ပြီးတော့ အရွေးခံပါ၊ လုပ်ပါ ဆိုရင်လည်း လုပ်ရမှာပါ။

ရွေးကောက်ပွဲမတိုင်ခင် လာမယ့် ၃ နှစ်အတွင်း ဘာတွေ လုပ်ဖြစ်မလဲ။

ရှေ့လာမယ့် ၃ နှစ်အတွင်းကတော့ ရွာသူရွာသားတွေ၊ ကျေးလက်နေ ပြည်သူတွေ၊ နိမ့်ကျနေတဲ့ အခြေခံ အသိပညာ တိုးတက်မြင့်မားလာအောင် တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

ထိုင်းမြန်မာနယ်စပ်က ရှမ်းတိုင်းရင်းသား ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်လွှတ်တော်ထဲမှာ  ဘာတွေများ တင်ပြထားတာ ရှိလဲ။

ရွှေ့ပြောင်းလုပ်သားကိစ္စနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဒုက္ခသည်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပြည်နယ်လွှတ်တော်ထဲမှာ တရားဝင်တော့ မေးခွင့် မရသေးပါဘူးခင်ဗျ။

မေးခွန်း တင်ပြထားတာ ရှိသလား။

တင်ပြထားတာ တချို့တော့ ရှိပါတယ်၊ (မေးခွင့်) မရသေးပါဘူး။

တခြားကိုယ်စားလှယ်တွေကရော ဒီအကြောင်းကို လွှတ်တော်ထဲ ဆွေးနွေးတာ ရှိလားခင်ဗျ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မရှိသေးပါဘူးခင်ဗျ။

ပြည်နယ်လွှတ်တော်ထဲမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနဲ့ဆက်ဆံရေး ဘယ်လို ရှိပါသလဲ။

တပ်မတော်သားတွေနဲ့ဆက်ဆံရေး အခြေအနေကတော့ ကောင်းပါတယ်။ မဲခွဲဆုံးဖြတ်တဲ့အချိန်မှာတော့ ကိုယ့်ဘက် ပါချင်မှ ပါမယ်ပေါ့နော်။ အပြင်မှာတော့ ဆက်ဆံပြောဆိုရတာကတော့ တအားကို တစိမ်း မဆန်ပါဘူးခင်ဗျ။
မဲခွဲဆုံးဖြတ်တဲ့အချိန်မှာလည်း ရှမ်းပြည်နယ်လွှတ်တော်မှာ တဖြည်းဖြည်းနဲ့ကို တပ်မတော်သားတွေရဲ့ သူတို့ကိုယ်ပိုင်သဘောထားတွေနဲ့ မဲခွဲဆုံးဖြတ်တာ နည်းနည်းပါးပါး တွေ့လာရပါတယ်။

သူတို့နဲ့က လွှတ်တော် ပြင်ပမှာ အလွတ်သဘောတွေ့တာလား၊ တရားဝင် တွေ့တာလား။

သက်တူရွယ်တူတွေ ပါတော့ ခင်လို့ တည်းတဲ့ဟိုတယ်ကို လာလည်ကြတာတွေ၊ ကျနော်တို့ကိုယ်စားလှယ်တွေထဲက အမျိုးတော်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ရှိလို့ လာလည်ကြတာလည်း ရှိတယ်။

လွှတ်တော်အသီးသီးမှာ သူတို့က ၂၅ ရာခိုင်နှုန်း နေရာ ရထားတယ် ဆိုတော့ အနာဂတ်မှာ သူတို့ရဲ့ပါဝင်မှု ဘယ်လိုဖြစ်လာမယ် ထင်လဲ။

ဟိုတလောတုန်းက တပ်မတော်က ထိပ်သီးအရာရှိတယောက် ပြောသလိုမျိုး  - နိုင်ငံရဲ့ တိုးတက်မှုပေါ် မူတည်ပြီးတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်း လျှော့ချသွားမယ် ဆိုတဲ့အတိုင်း ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။













-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved