ရုပ်မြင်သံကြား ဇာတ်လမ်း

Sunday, October 28, 2012

~




 ဝတ္ထုတို


  ကြူးနစ်    ~


ရန်ကုန် မြို့လယ်ကောင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို မျက်နှာပြု၍ တည်ရှိသော သီတဂူကဖီးသို့ တစ်ခေါက်တလေ ရောက်ဖူးကြပါသလား။

(သို့တည်းမဟုတ်) မကြာခဏ ၀င်ထွက် သွားလာဖူးကြပါသလား။ သီတဂူ ကဖီးသို့ ရောက်ဖူး၊ စားသောက်ဖူးသူများအတွက်တော့ ကျွန်တော် ပြောပြမည့် ဇာတ်ကွက် အခင်းအကျင်းကို ထင်းခနဲ မြင်နိုင်ကောင်းပါသည်။ မရောက်ဖူးသူ(ကြားပင်မကြားဖူးသူ)များ အတွက်တော့ ကျွန်တော် အထူး အားစိုက်ကြိုးစားပြီး ပေါ်လွင်ထင်ရှားအောင် သရုပ်ဖော်ပြပါမည်။

သီတဂူသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ဆိုင်၏ ဥပစာအဖြစ် မျက်နှာမူထားသည်။ သူ၏ ညာဘက်အခြမ်းက(...)လမ်းကို မျက်နှာ မူထားပြန်သည်။ ထို့ကြောင့် သင်သည် သီတဂူသို့ ၀င်ရောက်လိုလျှင် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးဘက်မှ ၀င်ရောက်နိုင်သလို အကြောင်း တစ်စုံတစ်ရာကြောင့် (...) လမ်းဘက်မှ ၀င်လိုလျှင်လည်း သီတဂူ ညာဘက်နံရံရှိ တံခါး ပေါက် ၃ ပေါက်အနက် ကြိုက်ရာရွေး၍ လှမ်းဝင်နိုင် ပါသည်။

သီတဂူသည် မြေညီထပ်မှာ တည်ရှိပြီး သူ့ခေါင်း ပေါ်မှာ လူနေတိုက်ခန်း ၃ ထပ် ရှိသေးသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ကဖီးဆိုင်များများ စားစား မရှိလှဘဲ သီတဂူ၏ နာမည်က အထင်ရှားဆုံးဖြစ်သည်။ ထင်ရှားရသော အကြောင်းတွေထဲမှာ စားသောက်ဖွယ်စုံလင်ခြင်းနှင့် သူများတကာထက် ဈေးနှုန်း ပိုမြင့်ခြင်းတို့ ထိပ်ဆုံးက ပါလိမ့်မည်။

သီတဂူပိုင်ရှင်မှာ မဇ္ဈိမတိုင်းသား အနွယ်ဝင်၊ ကြေးရတတ် ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။ သူတို့၏ မူလ အခြေစိုက်ရာမှာ မုံရွာမြို့ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တစ်ဝိုက် မှာ ရန်ကုန်သို့ ရွှေ့ပြောင်းခြေကုပ်ယူခဲ့ခြင်းဟု သိခဲ့ရပါသည်။

ကျွန်တော်၏ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်မှာ စာပေ ထုတ်ဝေရေး လုပ်ငန်းတစ်ခုမှ ငွေကိုင် စာရင်းကိုင် တာဝန်ခံဖြစ်သည်။ ထိုအလုပ်က သီတဂူ၏ ညာဘက်မှာ ကပ်လျက်တည်ရှိ သော (...)လမ်းထဲမှာ ရှိသည်။ သို့ဖြစ်ရာ အလုပ်ဖွင့်သော နေ့ရက်များ၌ မွန်းလွဲ ၁ နာရီတစ်ဝိုက်မှာ ကျွန်တော်သည် သီတဂူသို့လာပြီး အဆာပြေလက်ဖက်ရည်နှင့် မုန့်အချို့စားသောက်ပြီး စီး ကရက် ၃၊ ၄ လိပ် ဆက် တိုက်ဖွာရှိုက်ရင်း အငြီးပြေ အပန်းဖြေ၊ လူပျင်းအလုပ် လက်မဲ့တစ်ယောက်လို စိတ် အေးလက်အေးထိုင်နေတတ်သည်။ တကယ်တမ်းကား စိတ်အေးလက်အေး မဟုတ်။ ထိုင်နေရင်း တောင်ကြည့် မြောက်ကြည့်နှင့် တွေ့မြင်သမျှ သက်ရှိသက်မဲ့များ အပေါ် မိမိထင်မြင် ခံစားရသည့်အတိုင်း ဝေခွဲဆုံးဖြတ် နေခြင်းမျိုးသာ ဖြစ်သည်။ ကျွန်တော်သည် ဆိုင်တွင်းရှိ စားသုံးသူ အမျိုးမျိုးကိုလည်း အကဲခတ်သည်။ လမ်းပေါ် က ကားတွေ၊ စင်္ကြံပေါ်က လူတွေကိုလည်း စူးစမ်း ဝေဖန်သည်။

ဥပမာ “ဒီလူက သားသားနားနား ၀တ်ထားပေမဲ့ သူ့အင်္ဂါရုပ်ကတော့ (ကလက က)ကလိန်ကကျစ်ရုပ်ပဲ” ဆိုတာမျိုး၊ “ဒီအမျိုးသမီးက ချောတယ်၊ တောင့်တယ်၊ လင်ကြီး ကွယ်ရာမှာ နောက် မီးလင်းတတ်တဲ့ ပုံစံမျိုးပဲ” ဆိုတာမျိုး၊ “အဲဒီရွှေရောင် ကိုင်းမျက်မှန်နဲ့ ပိန်ညောင်ညောင်အကောင်ဟာ အခြောက်တိုက် ဘ၀င်မြင့်နေတဲ့ လူစားမျိုးပဲ၊ ဖာခေါင်းတစ်ယောက် တောင် ဖြစ်ချင်ဖြစ်နေမှာ”ဆို တာမျိုး ကျွန်တော် အရည်မရ အဖတ်မရ စူးစမ်းဝေဖန်နေ တတ်သည်။ ကျွန်တော် ရမ်း သမ်းဝေဖန်ထင်မြင်သမျှ အလွဲ အမှားတွေချည်း ဖြစ်နိုင်သည်။ မှန်သည် ဆိုပါလျှင်လည်း (၁၀)ရာနှုန်းလောက်ပဲ ရှိမည်။ စင်စစ် ကျွန်တော် အချိန်ဖြုန်းခြင်း သက်သက်မျှသာ ဖြစ်သည်။

ထိုနေ့က သီတဂူထဲမှာ ကျွန်တော် အချိန်ဖြုန်းနေစဉ် သူတို့လေးယောက် သီတဂူထဲသို့ ၀င်လာကြသည်။ မိန်းမချည်းဖြစ်ကြသည်။ အငယ်ဆုံးသည် အသက် ၃၈ အောက် မလျော့နိုင်သလို အကြီးဆုံးကလည်း အသက် ၅၀ အထက်များစွာ မကျော်လွန်နိုင်ပါ။ သူတို့သည် (...)ဌာန လက်အောက်ခံရုံးမှ စာရေးစာချီတွေ ဖြစ်ကြကြောင်း သူတို့၏ ယူနီဖောင်း (ရုံးဝတ်စုံ)များက သက်သေခံ နေကြသည်။ ခဲပုတ်ရောင် ထမီနှင့် အင်္ကျီလက်တိုအဖြူ ရောင်ဖြစ်သည်။ အင်္ကျီများက ရင်စေ့ဖြစ်ကြပြီး တရုတ်မ အင်္ကျီကော်လာလို ကော်လာ အတိုကလေးတွေ ပါရှိကြသည်။ ကျွန်တော့်စိတ်ထဲမှာ တော့ မိန်းမများ ၀တ်ဆင်ရန် ဤမျှ ပုံပန်းမကျသော ဒီဇိုင်း ရေးဆွဲခဲ့သူကို ရှုတ်ချပြစ်တင်ချင်ပါသည်။ ရိုးတာတာ စိတ်ကူးနှင့်တော့ ဒီဇိုင်းဆရာ မလုပ်ပါနှင့်။ ဂိတ်စောင့်၊ တံခါးစောင့် ဒရ၀မ်လို စိတ်ကူးမထုတ်ရသော အလုပ်မျိုးပဲ လုပ်ပါ။

သူတို့သည် ကျွန်တော်ရှိရာ စားပွဲနှင့် စားပွဲတစ်လုံးခြား ဓားလွယ်ခုတ်နေရာ စားပွဲမှာ နေရာယူကြသည်။ သည်အမျိုးသမီးတွေ သီတဂူသို့ တစ်ကြိမ်မှ မလာဖူးဟု ကျွန်တော် ထင်သည်။ ကျွန်တော့်အကျင့်အတိုင်း ရမ်းသမ်းတွေးဆချက် ဖြစ် သည်။ ကျွန်တော် မရှိသည့် အချိန်မျိုးမှာ သူတို့ သီတဂူသို့ လာကောင်းလာနိုင်ကြ သည်။ သူတို့၏ (...)ဌာနရုံး က သီတဂူကဖီးနှင့် မီတာ ၂၀၀ လောက်ပဲ ဝေးသည်။ ထုံးစံအတိုင်း ကျွန်တော် ရမ်း သမ်း  ခန့်မှန်းလိုက်ခြင်း ဖြစ် သည်။  မီတာ ၃၀၀ ဝေးလျှင်လည်း ကျွန်တော့် ပြဿနာ မဟုတ်ပါ။ သူတို့ ရုံးက “ပလူတို” ဂြိုဟ်မှာ ရှိနေရင်ရော။ အဲဒါ သူတို့ အလုပ်၊ သူတို့ ပြဿနာ။

လတ်တလော ကျွန်တော့် အလုပ်ကတော့ ဘယ်သူကမျှ မခိုင်းစေဘဲနှင့် သူတို့လေးဦးကို တစေ့တစောင်း အကဲခတ် သုံးသပ်ခြင်းသာ ဖြစ်တော့သည်။ ကျွန်တော်နှင့် သူတို့လေးဦး ကြားမှာ အခုအခံဖြစ်နေသော စားပွဲတစ်လုံးနှင့် ထိုစားပွဲရှိ စားသုံးသူများ၊ ဖြတ်သွား ဖြတ်လာလုပ်နေကြသော တူညီဝတ်စုံ (တီရှပ်အဖြူ၊ ဘောင်းဘီတိုအနီ) နှင့် လူငယ် စားပွဲထိုးများကို ထွင်းဖောက် ကျော်လွှား၍ ကျွန်တော်က ထိုမိန်းမလေးယောက်ကို ဈေးထဲမှ ဈေးဝယ်တစ်ဦး၏ မျက်လုံးမျိုးဖြင့် မမှိတ်မသုန် လှမ်းကြည့်နေသည်။

“ဟင် နီနီသွယ်ပါလား” ဟု ကျွန်တော့်နှုတ်ဖျားမှ ပွင့်ထွက်သွားလုလု ကျွန်တော် အံ့အား သင့်သွားသည်။ တစ်ကိုယ်လုံး ဖျဉ်းခနဲ ခံစားလိုက် ရလေသလား မသိ။ တုန်ခါ ပူနွေးသွားတာတော့ အမှန်။ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း ပို၍ မြန်ဆန်သွားတာလည်း သေချာသည်။

သူတို့လေးဦးထဲမှာ ကျွန်တော့်ဘက်သို့ မျက်နှာမူ ၍ ထိုင်နေသော အသားဖြူဖြူ၊ ကိုယ်လုံးပြည့်ပြည့်၊ နဖူး မောက်မောက်ကျယ်ကျယ်နှင့် အသက် ၃၅ နှစ်တစ်ဝိုက် အရွယ် အမျိုးသမီးတစ်ယောက် ရှိသည်။ မျက်ခုံး ထူမှောင် သည်။ မျက်အိမ်ကျယ်ဝန်း၍ သူငယ်အိမ်က မည်းနက် ပြောင်လဲ့နေသည်။ နှာတံ အထူးပေါ်လွင်ထင်ရှားသည်။ ပါးအို့အစုံက ဖောင်းဖောင်း အိအိဖြစ်ကြသည်။ မြင်းမြီးဆံ ပင်က နက်မှောင်တောက်ပ နေပုံမှာ မျက်စိကျိန်းစရာပင် ကောင်းနေသေးသည်။ ရွှေနားကွပ်ထားသော အနီရောင်ကျောက်ကလေးပါသည့် နားကပ်ပန်ထားသည်။ ဘာကျောက် အမျိုးအစားမှန်းတော့ မသိ။ ပတ္တမြားတော့ လုံးဝ မဖြစ်နိုင်။ အပေါစားချက် ကျောက်မျိုးကိုလည်း နီနီသွယ်က ပန်မှာမဟုတ်။

သည်မိန်းမ၏ မျက်နှာ အလှကို ဖျက်နေသည်မှာ ပါးစပ်ပေါက်ပင်ဖြစ်သည်။ နှုတ်ခမ်းတွေကထူထဲကြပြီး သွားဖုံးနည်းနည်းမောက်သဖြင့် မသိမသာ သွားခေါကာ ပါးစပ်ပေါက်က အကြည့်ရဆိုး နေသည်။

သို့ရာတွင် လွန်ခဲ့သော နှစ် ၂၀ ကျော်ကမူ နီနီသွယ်သည် ကျွန်တော့်အဖို့ရာ ပြိုင်ဘက်မဲ့ လှဧကရီတစ်ပါး ဖြစ်ခဲ့သည်။ Love sees no faults “ချစ်လျှင်အပြစ်မမြင်”ဟု သိုး ဆောင်းတို့က ဆိုရိုး စကားပြု ခဲ့ကြသည်။ သိုးဆောင်းတွေ တော်ပါသည်။ အမှန်တရားကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်က(ထိုစဉ်က)သူမအား ချစ်ရေး ဆိုခဲ့သော အခါ နီနီသွယ်က အဆို တော် မောင်မောင်ကြီး၏ နာ မည်ကြီးတေးတစ်ပုဒ်ဖြစ်သည့် အကျည်းတန်ချစ်သူ သီချင်းကို ရေးကူး၍ ကျွန်တော်ထံ ပို့ခဲ့ပြီး ကျွန်တော့်ကို ငြင်းပယ်ခဲ့ပါသည်။ သူက အရုပ်ဆိုး၍ လှတာတွေပဲ ရှာကြိုက်ပါဟု မပြောရုံတမည်ပဲ ရှိသည်။ ဘယ်လိုမဆို ကျွန်တော်တို့ ချစ်သူရည်းစားဘ၀ ရောက်ခဲ့ကြပါသည်။ သုံးနှစ်သုံးမိုး မကအောင် ရည်းစားသက် ရှည်ကြာခဲ့ပါသည်။ သို့သော် ပ၀ါတစ်ကမ်း လက်တစ်လှမ်း အချစ်(Platonic Love) အဆင့်မျှသာ။

ကြားလေသွေး၍ ဝေးခဲ့ ကြပုံမှာ ကြားလေက သာမန်ရိုးရိုး လေညင်းကလေး မဟုတ်။ လေမုန်တိုင်းဖြစ် သည်။ သူမ၏မိခင် အသေးစား ဗျူရိုကရက်မကြီးက ကျွန်တော်နှင့် ဝေးသွားရအောင် သမီးဖြစ်သူကို ရပ်ဝေးသို့ပို့လိုက်ပါသည်။ အနေ ဝေးသော် သွေးလည်း အေး သွားခဲ့ကြပါသည်။ ဟင်း တစ်မည်တည်းကို နေ့စဉ်စား ရသကဲ့သို့ အီလာ၊ ငြီးငွေ့လာသလို ကျွန်တော့်ဘက်က စတင်ခံစားခဲ့ရ၏။ သူ့ဘက်က ဘယ်လိုခံစားရသလဲ တော့ ကျွန်တော် မသိ။ သူ့ထံမှ စာအရေးကျဲလာသည်။ စာမှန်မှန်စိတ်စိတ်ရေးရင်းကနေ ကျွန်တော်က အမေ သဘောတူသူနှင့် ရုတ်ခြည်း အိမ်ထောင်ပြုလိုက်ပါသည်။ နီနီသွယ်ထံ ကြိုတင်ခွင့် မတောင်းခဲ့ပါ။ မိန်းမရပြီးမှ ခွင့်လွှတ်ဖို့ ကျွန်တော် စာရေးလိုက်သည်။ ပြန်စာမလာ။ ခွင့်လွှတ်၊ မလွှတ်လည်း ကျွန်တော် သိခွင့်မရ။

သီတဂူထဲမှာ ကျွန်တော်နှင့် နီနီသွယ်တို့ ပ၀ါတစ်ကမ်းသာသာ လက်တစ်ကမ်းသာသာ ပြန်လည်ဆုံတွေ့နေကြရပြန်ပြီ။ သူက ကျွန်တော့်ကို မမြင်သည်လား၊ မမှတ်မိသည်လား (မှတ်မိစရာ မရှိအောင် ကျွန်တော်၏ ရုပ်ရည်က ပြောင်းလဲနေလေသလား။) မြင်လည်းမြင်၊ မှတ်လည်း မှတ်မိလျက်နှင့် မမြင်ဟန် မသိဟန်ပြုခြင်းလည်း ဖြစ်နိုင်သည်။ သစ်စိမ်းချိုး ချိုး သော ကျွန်တော့်ကို သူ နာကြည်းခြင်းလည်း ဖြစ်ချင် ဖြစ်မည်။ ခြားနား ကွဲပြားခဲ့သော ဘ၀နှစ်ခုကို ပြန်လည် ရင်ကြားစေ့ဖို့ သူ စိတ်မပါတော့သောကြောင့်လည်း ဖြစ် ကောင်းဖြစ်မည်။ သူမ၏ မှတ်မိဉာဏ်ထဲမှာ ကျွန်တော် ကွယ်ပျောက်ခဲ့ပြီးသောကြောင့် ရော မဖြစ်နိုင်ဘူးလား။

ကျွန်တော်တို့ ကြားထဲမှာ လူခန္ဓာကိုယ်တွေ၊ ဦး ခေါင်းတွေ၊ လက်တွေ၊ ပန်းကန်ခွက်ယောက်တွေက တရိပ်ရိပ် ကာဆီးကာဆီး လုပ်နေကြသည်။ နီနီသွယ်၏ မျက်နှာသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက်။ ထိုမျက်နှာသည် ပြုံးနေလိုက်၊ ရယ်နေလိုက်၊ တည်နေလိုက်၊ မဲ့ နေလိုက်။ ကျွန်တော့်ကို မကြည့်တာတော့ အမှန်ပင်။
နီနီသွယ် တစ်ကိုယ်ရေ အပျိုကြီး ဘ၀ဖြင့် ရှိနေသေးကြောင်း ကျွန်တော် တစ်ဆင့်စကားဖြင့် တစ်ဆင့် ကြားသိထားသည်။ သေချာသည်။ ယခုခေတ်မှာ ၃၅ နှစ်ကျော်လာလျှင် ဖော်မဲ့ပျို မေဘ၀ဖြင့် ရေဝေးသို့သွားဖို့ဘက်က များနေပြီ။ ကျွန်တော်ကတော့ တစ်ခုလပ် အိမ်ထောင်ပျက်။ နွားမြင်လျှင် လက်ညှိုးထိုးရန် ၀န်မလေးသော မယားတရူး၊ အရူး အနှမ်းကောင်။ နီနီသွယ်သည် လက်ညှိုး ထိုးရုံမျှမက ကျွန်တော် ကမူးရှူးထိုး ပြေးဖက်ချင် လောက်အောင် ကျွန်တော့်ကို ဖမ်းစားချုပ်ကိုင် လိုက်သော၊ ကျွမ်းကျွမ်း ၀င်ဝင် ရှိခဲ့ဖူးသော ငယ်ရည်း စားမဟုတ်လား။
ကျွန်တော်သည် မသောက်စဖူး လက်ဖက်ရည် ကြမ်းတွေချည်း တစ်ခွက်ပြီး တစ်ခွက် ဆင့်သောက်သည်။ ဓာတ်ဘူးထဲမှာ ကုန်လျှင် စားပွဲထိုးကို လှမ်းခေါ်သည်။ လိုအပ်သောအသံထက် ပိုကျယ်အောင် လည်ချောင်းကို ညှစ်ထုတ်သည်။ ကျွန်တော့်အသံကို နီနီသွယ် သတိထားမိအောင် ရည်ရွယ်ရင်းပါ။

“ဟေး ... ချာတိတ်၊ ရေ \နွေး... ရေနွေး”

နီနီသွယ်က ကျွန်တော့်ဘက်ကို လှမ်းမကြည့်။ မျက်လုံးမကစား။ ပြောလက်စ စကားကို ဆက်ပြောနေသည်။ ရယ်လိုက်သေးသည်။ သူမ၏ ရယ်သံကိုပင် ကြားလိုက်မိ သလိုထင်ရသည်။ ကျွန်တော့်ကို လှောင်ပြောင်ရယ်မော သလိုလို၊ ဘာလိုလိုနှင့် ကျွန်တော် မအီမလည် ခံစား လိုက်ရပါသည်။ ခွင့်လွှတ်ပါ။ ငါ့ကို ခွင့်လွှတ်ပါ နီနီသွယ်။ မင်းကို သစ်စိမ်းချိုး ချိုးခဲ့တဲ့ ပြစ်ဒဏ်ကြောင့် ငါ အခု ၀ဋ် လည်နေရပါပြီ။ ငါ့မိန်းမက ငါ့ကို ကလေးနှစ်ယောက်နဲ့ ထားခဲ့ပြီး လစ်ပြေးသွားပါ ပြီ။ ငါ့ကို ခွင့်လွှတ်သင့်ပါပြီ။ ကျွန်တော့်ရင်ခေါင်းထဲကို ကျွန်တော် ပြန်ဝင်ပြီး ကြေကွဲသံကြီးဖြင့် ကျွန်တော် ဟစ်အော်နေသည်။ စိတ်နယ် လွန်ပညာရှင် တချို့ကတော့ ကျွန်တော်၏ ဆိုနင့်လာသော အော်သံသည် စိတ်လှိုင်းများ အဖြစ် နီနီသွယ့်နှလုံးသားဆီသို့ ရိုက်ခတ်တို့ ထိကြလိမ့်မည်ဟု သတ်မှတ်ကြမှာဖြစ်သည်။ နီနီသွယ်ကတော့ ကျွန်တော့်ကို မကြည့်ခဲ့ပါ။ ကျွန်တော်ကတော့ ဆက်လက်အော်ဟစ် မြည်တမ်းနေဆဲ။

ရေနွေးကြမ်းသောက်ရာမှာ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ် ကျွန်တော် မီးကူးဖွာရှိုက်ပြန်သည်။ စီးကရက်မီးခိုးတွေက နီနီသွယ့်ကို ဖုံးကွယ်သွားခြင်း မဖြစ်ရအောင် မျက်နှာကိုလွှဲ၍ မှုတ် ထုတ်သည်။ လေအဝေ့မှာ မီးခိုးတွေက ကျွန်တော့်မျက်နှာကို ဖုံးကွယ်လာကြသည်။ ဟာ...မကောင်းဆိုးဝါးမီးခိုး တွေ။ ကျွန်တော်လက်ဖြင့် ခါထုတ်ဖယ်ရှားပစ်သည်။ နောက်ဆုံးစီးကရက်ကုန်သွား ၍ မီးခိုးလှိုင်းတွေ ပျောက် ကွယ်သွားချိန်မှာ မြင်ကွင်းက ကြည်လင်သွားပြန်သည်။ နီနီသွယ်တို့ဝိုင်းကို ကျွန်တော် လှမ်းကြည့်လိုက်တော့ သူတို့ ထွက်ခွာကြဖို့၊ ပြင်ဆင်အရှိန် ယူနေကြပြီကို ရင်ထိတ်စွာ တွေ့လိုက်ရသည်။ တစ်ယောက်က စားပွဲထိုးကို ငွေ ရှင်းနေသည်။

ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ သူ့ကို နှုတ်ဆက် ပဋိသန္ဓာရပြုလိုသည်။ ပဋိသန္ဓာရစကားဆိုပြီးလျှင် မာကြောင်းသာကြောင်း၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောမည်။ နီနီသွယ်က ဤအဆင့် ထိ ကြည်ဖြူလိုက်လျောနေ ခဲ့လျှင် ဇာတ်လမ်းအသစ်ပြန် စဖို့၊ ဇာတ်လမ်းအသစ်၏ ဇာတ် အဖွင့်နိဒါန်းကို ကျွန်တော်က အနုပညာမြောက်စွာ ဖန်တီးပြရလိမ့်မည်။

အမျိုးသမီးလေးယောက်၊ နှစ်ယောက်တစ်တွဲစီ ရင်ပေါင်တန်းလျက် သီတဂူ၏ ရှေ့ဝင်ပေါက်ကနေ ပြန်ထွက်သွားကြပြီကိုတွေ့မှ ကျွန်တော် ထိုင်ရာမှ ကတိုက်ကရိုက် ထရပ်သည်။ နာရီ နှင့်ချီ၍ ကြာမြင့်စွာ ထိုင်ခဲ့ပြီးမှ ဖြုတ်ခနဲ ထရပ်သဖြင့် ကျွန်တော်၏ သွေးလေ လှည့်ပတ်မှုတွေ ကမောက်ကမ၊ ၀ရုန်းသုန်းကား ဖြစ်သွားကြဟန် ရှိသည်။ မိုက်ခနဲ ခံစား လိုက်ရသည်။ ထုံခနဲ၊ ကျဉ်ခနဲ၊ စိမ့်ခနဲ၊ နွေးခနဲ ခန္ဓာ တွင်းဓာတ်တွေ တွန်းထိုး ယိမ်းနွဲ့ကုန်ကြသည်။

ကောင်တာမှာ ငွေရှင်းပြီးနောက် ကျွန်တော် လုံချည် ပြင်ဝတ်ကာ အမျိုးသမီးလေးယောက်နောက်သို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် ကပ်လျက် ပလက်ဖောင်း အတိုင်း သုတ်သီးသုတ်ပျာ လိုက်လျှောက်သည်။ လက် ကိုင်ပ၀ါထုတ်၍ မျက်နှာကို သုတ်သည်။ လမ်းသွားလမ်း လာတွေက ကျွန်တော့်ကို ၀င် တိုးကြသည်။ လမ်းသွား လမ်းလာတွေကို ကျွန်တော် က တိုးဝှေ့ကျော်ဖြတ်သည်။ နီနီသွယ်ရေ ခဏနေပါဦးဟု စိတ်ထဲက ဟစ်ခေါ်သည်။

ကျွန်တော်က အမျိုးသမီးလေးယောက်ကို မျက်ခြည်ပြတ်မခံ။ သို့သော် မြို့တော်၏ ဓမ္မတာအတိုင်း ဗိုလ် ချုပ်အောင်ဆန်းလမ်းမကြီးဘေးမှ လူသွားစင်္ကြံပေါ်တွင် လူပင်လယ်ကြီး အတိုးတိုး အကြိတ်ကြိတ် လှိုင်းထနေသည်။ ထိုစင်္ကြံပေါ်မှာပင် ရဲတင်းလှသော လမ်းလျှောက် ဈေးသည်တွေက တစာစာ အော်ဟစ်ရောင်းချနေကြသည်။ ဤနေရာတွင် မြင့်မြတ်ထူးထဲ လှသော ဗြဟ်္မစိုရ်တရားသည် မှေးမှိန်ငုပ်လျှိုးနေသယောင် ရှိပါသည်။

ကျွန်တော့် ရှေ့တည့် တည့်မှာ သာမန်လူနှစ်ယောက်စာမျှ ကိုယ်လုံးကိုယ်ထည် ကြီးမားဝဖီးသော ကုလားမကြီးတစ်ယောက်၊ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်လျက် လျှောက်လာနေသည်။ သူမ၏ ၀တ်စုံက အနီရောင်ရဲရဲဖြစ်ပြီး လက်ဝတ်လက်စားတွေကြောင့် မဟူရာ အသားရောင်မှာ ရွှေရောင်ဝင်းနေသည်။ ကျွန်တော်သည် ဧရာမ အင်ဒီးယန်း အမျိုးသမီးကြီး၏ ကိုယ်ခန္ဓာ အလယ်တည့်တည့်မှ ဖောက်ထွက်ပြီး သူမ၏ ကျောဘက်သို့ လျှောခနဲ ရောက်ရှိ သွားသည်ဟု ထင်ရပါသည်။ ကျွန်တော့်ရှေ့မှာ ခါးကုန်း အဘိုးအိုတစ်ယောက်  ကျွန်တော့်ကို ကျောပေး၍ တောင်ဝှေးကလေးဖြင့် တရွေ့ရွေ့လျှောက်သွားနေသည်။ သူ့ကို ကွေ့ဝိုက်ရန် အခွင့် မသာခဲ့ပါ။ ထိုကြောင့် ကျွန်တော်သည် တန်းကျော် အပြေးသမား တစ်ဦးကဲ့သို့ အဘိုးအို၏ အပေါ်မှ လွှားခနဲ ခုန်ကျော်ရင်း သူ့ရှေ့သို့ ရောက်သွားသည်ဟု ထင်ပါသည်။ ကျွန်တော်က မြန်နှုန်း မြှင့်ခဲ့သော်လည်း အမျိုးသမီး လေးယောက်က ကျွန်တော်နှင့် ပို၍ဝေးကွာ သွားကြသလို ဖြစ်နေသည်။ ကျွန်တော် မြန်နှုန်းမြှင့်လျှင် သူတို့ကလည်း အားကျမခံ မြန်နှုန်းမြှင့်ကြသည်နှင့်ပင် တူနေသည်။

ကျွန်တော် ဆက်မလျှောက်တော့ဘဲ ဗြုန်းဆို ရပ်ပစ်လိုက်ပါသည်။ ရုံးကြီး တစ်ရုံးထဲသို့ သူတို့ ချိုးကွေ့ ၀င်ရောက်သွားကြသောကြောင့် ဖြစ်သည်။
“၀ှူး..ဟူး..ဟူး..”

ကျွန်တော့်တစ်သက် တွင် အရှည်လျားဆုံး၊ အလေးပင်ဆုံး၊ ကြားရသူ နားမချမ်း သာဖွယ်အကောင်းဆုံး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်မိ၏။ ကိစ္စမရှိ။ နီနီသွယ် တာဝန်ထမ်းဆောင်နေ သော ရုံးဌာနကို တိတိကျကျ သိလိုက်ရပြီ။ မဖြစ်မနေ လို အပ်လာပါက ထိုရုံးမှာ သွားရောက်စုံစမ်းပြီး နီနီသွယ်ကို တွေ့ဆုံနိုင်ပါလိမ့်မည်။

နီနီသွယ့်ကို ကျွန်တော် ဘာကြောင့် တွေ့ဆုံရမည်နည်း။ တွေ့ဆုံသင့် တွေ့ဆုံအပ်သော လုံလောက်သည့် အကြောင်းခံရော ရှိနေလို့ လား။ ကျွန်တော်တို့သည် သမီးရည်းစားဟောင်းများ ဖြစ်ခဲ့ကြသည်။ နဖူးစာ မင် ရည်ကျဲ၍ ကွဲကွာခဲ့ကြရသော်လည်း ငြိုးသူရန်ဘက်တွေ မဟုတ်ကြ။ ပြန်လည်ဆုံ စည်းသော မိတ်ဟောင်းဆွေ ဟောင်းတွေလို ဆက်ဆံပြော ဆိုနိုင်ကြသည်ပဲ မဟုတ်ပါ လော။ သူငယ်ချင်းဟောင်း တွေလို ပေါင်းသင်းသင့်ကြသည်ပဲ မဟုတ်ပါလော။(ကျွန်တော့်ဘက်ကတော့ သူငယ်ချင်းဟောင်းအဆင့်ထက် နည်းနည်းပိုချင်သည်။) ယုတ်စွအဆုံး တစ်ရပ်ကွက်တည်းနေ၊ ရပ်ကွက်သားတွေလို မေးထူးခေါ်ပြောယဉ်ကျေးမှု လောက်တော့ ရှိသင့်သည်ပဲ မဟုတ်ပေဘူးလား။

ကျွန်တော့်မှာ အသိအမြင်ထူးအချို့ ရရှိလာခဲ့တာ မကြာလှသေးပေ။ ရုံးမှ ကျွန်တော် ခွင့်ရက်ရှည် တောင်းခံကာ ရန်ကုန်မြို့တော် မှ မိုင်(၇၀)ကျော် ဝေးလံသည့် တောရကမ္မဋ္ဌာန်းကျောင်း တစ်ကျောင်းမှာ ကျွန်တော် ဒုလ္လဘ ရဟန်းပြု၍ ၀ိပဿနာတရား အားထုတ်ခဲ့ပါသည်။ ၄၅ ရက် စရဏတရား ပွားများပြီးသော် ကျွန်တော် လူဝတ်လဲခဲ့ပါသည်။

လူဝတ်ကြောင်ဘ၀ ပြန်ရောက်သောအခါ ကျွန်တော် ချူချူချာချာ ဖြစ်လာခဲ့သည်။ အရက်ပြန်သောက်၊ ဆေးလိပ်  ပြန်သောက်သောကြောင့်လည်း ဖြစ်နိုင်သည်။ နေထိုင်စား သောက်ပုံ နရီခွင် မမှန်သောကြောင့်လည်း ဖြစ်နိုင်သည်။ တခြားအကြောင်းခံတွေကြောင့်လည်း ဖြစ်နိုင်သည်။

“ခင်ဗျား အိပ်ရေး၀၀ အိပ်ပေးရမယ်။ မနက်စောစော လမ်းများများ လျှောက်ပေးရမယ်” ဟု ဆရာဝန်က အကြံပြုညွှန်ကြားသည်။

“မိုးလင်းတာနဲ့ ပတ်ဝန်းကျင်က ဆူညံ လာရောဗျ၊ အိပ်လို့ မရတော့ဘူး။ မနက်စောစော လမ်းလျှောက်ရင်လည်း ကားတိုက်ခံရပြီး သေဖို့ များတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်စောစော မှာ လမ်းရှင်းတော့ ကားတွေက လပေါ်သရေနဲ့ အရမ်း မောင်းကြတာကိုး”

“ခင်ဗျား တစ်နေ့ကို နွားနို့ ငါးဆယ်သားလောက် မှန်မှန်သောက်ဖို့တော့ လိုလိမ့်မယ်” ဟု ဆရာဝန်က တိုက်တွန်းပြန်သည်။

“ဒါကတော့ ကျုပ်ကို လူမွဲစာရင်း ကြေညာခိုင်းတာနဲ့ အတူတူပဲ”

“ခင်ဗျား ဆေးလိပ် ဖြတ်သင့်တယ်၊ လုံးလုံး မဖြတ်နိုင်သေးဘူး ဆိုရင်လည်း လျှော့သောက်ပေါ့။ လျှော့သောက်ရင်းနဲ့ ဖြတ်နိုင်လာပါလိမ့်မယ်”

သူက စိတ်ရှည်လက်ရှည် ဆွေးနွေးခဲ့ပြန်ပါသည်။ ဆေးလိပ် မသောက်ရလျှင် အိမ်မြှောင် အမြီးပြတ်လို ကျွန်တော် ခံစားရမှန်း သူမသိရှာ။
“တစ်နေ့နေ့မှာတော့ ကျုပ်နဲ့ ဆေးလိပ် ထာဝရ ကင်းကွာသွားမှာပါ”

ကျွန်တော့်ကို အမှန်တကယ် ကုသပေးသင့်သူမှာ သီလ၊ သမာဓိ၊ ပညာ ရင့်မာ အားကြီးသော ရဟန်းတော် တစ်ပါးဖြစ်စေ၊ ၀ါရင့်စိတ်ကု ဆရာဝန်တစ်ဦးဖြစ်စေ၊ သူတို့နှစ်ဦး ပူးပေါင်းခြင်းဖြင့်ဖြစ် စေ ကုသ ပေးသင့်ကြသည်ဟု ထင်သည်။ ကျွန်တော် ကြီးကြီးကျယ်ကျယ် လျှောက်တွေးတာလည်း ဖြစ်နိုင်သည်။

နီနီသွယ့်ကို ပြန်လည်တွေ့မြင်ခဲ့ပြီး နောက်တစ်နေ့မှာ ကျွန်တော် သီတဂူကဖီးသို့ ခါတိုင်းထက် စောစွာရောက် ရှိပြီး ထိုင်နေကျ စားပွဲမှာ ထိုင်သည်။ သကြားပလာတာ တစ်ပွဲ၊ လက်ဖက်ရည်တစ်ခွက်သောက်ပြီး မိမိမှာ ပါရှိသော စီးကရက်ဘူးကိုထုတ်၍ တစ်လိပ်ပြီးတစ်လိပ် ဖွာ ရှိုက်နေသည်။ မနေ့ကအချိန်မှာ သူတို့လာကြဦးမှာဟု ကျွန်တော် အခိုင်အမာ မျှော်လင့်ယုံကြည်ထားသည်။ ဒီ ကနေ့တော့ နီနီသွယ့်ကို မျက် ခြည်ပြတ်မခံတော့ဘူး။ လုံးဝ မျက်စိအောက်က အပျောက် မခံတော့ဘူး။ ဒီကနေ့ဟာ သူနဲ့စကားပြောရမယ့်နေ့၊ အဓိပ္ပာယ်ရှိတဲ့စကားတွေကို အကျိုးသက်ရောက်မှု ရှိအောင် ပွင့်ပွင့်လင်းလင်း မြင်သာ ထင်သာ ပြောရမယ့်နေ့...။ ကျွန်တော့်ရင်ထဲမှာ လှိုက်လှိုက်တုန်သွားရပါပြီ။ အမျိုး သမီးလေးယောက် ယမန်နေ့က အချိန်လောက်မှာပဲ သီတ ဂူဆိုင်ထဲသို့ ၀င်လာကြကာ ကျွန်တော်နှင့် စားပွဲတစ်လုံးခြား ရင်ပေါင်တန်းအနေအထား စားပွဲမှာ နေရာယူကြ သည်။ ကျွန်တော့်လက်ချောင်းတွေကြားထဲမှ စီးကရက်လျှောကျသွား၍ ကမန်းကတန်းကောက်ရာ မမီတော့ဘဲ စီးကရက်က စားပွဲစွန်းကနေ သမံတလင်း ကြမ်းပေါ်သို့ ကျသွား၏
 ကျွန်တော် ကယောင်ကတမ်း ဖြင့် ကုန်းကောက်ကာ နှုတ်ခမ်းကြားမှာ ပြန်ခဲမလို့ လုပ်ပြီးကာမှ ပြာခံခွက်ထဲမှာ မီး သတ်လိုက်သည်။

နောက် အသစ်တစ်လိပ် မီးညှိရန် ခဲရာခဲဆစ် ကြိုးပမ်းရပါသည်။ ၀ှူး...ဟူး...ဟူး...။ ဒီက နေ့ နီနီသွယ် လိုက်ပါလာခြင်း မရှိပါတကား။ မနေ့က နီနီသွယ်ထိုင်ခဲ့သလို မျက်နှာ သစ်အမျိုးသမီးက ကျွန်တော့်ဘက် မျက်နှာမူထားသည်။ သေချာကြည့်သောအခါ ထိုအမျိုးသမီးမှာ နီနီသွယ်နှင့် ရွယ်တူ ဖြူဖြူပြည့်ပြည့်ကလေးဖြစ်နေပြန်သည်။ ပါးစပ် ပြဲပုံချင်းတော့ မတူလှချေ။

ကျွန်တော် အားယူ၍ ဒယီးဒယိုင် ထရပ်ပြီး စားသုံးသူတွေ၊ စားပွဲထိုးတွေကို ခက်ခက်ခဲခဲ တိမ်းရှောင်ကာ အမျိုးသမီးများဝိုင်းအနီးသို့ ကုပ်ချောင်းချောင်း ချဉ်းကပ်သွားသည်။ သူတို့က မဆို စလောက် အံ့သြမှုဖြင့် ကျွန်တော့်ကို မော့ကြည့်ကြ ၏။ တစ်ယောက်ကဆို မုန့် စားပင်မပျက်။ နောက်တစ်ယောက်က သောက်အံ့ဆဲဆဲ လက်ဖက်ရည်ပန်းကန်ကို ပါးစပ်နားမှာ မြှောက်ထားသည်။ နောက်တစ်ယောက်က ကျွန်တော့်ကို (လိုအပ်လျှင်) ပစ်ပေါက်ရန် ပိုက်ဆံအိတ်ကလေးကို လက်ပစ်ဗုံးတစ်လုံးလို ဆုပ်ကိုင်လို့။ နီနီသွယ်နှင့် တူသယောင် ရှိသူကတော့ လက်ပိုက်ထားသည်။

“ဒီကနေ့ မနီနီသွယ် လိုက်မလာဘူးလား ခင်ဗျ” ဟု ကျွန်တော်က အတတ်နိုင်ဆုံး ပြုံး၍ ချိုသာ သိမ်မွေ့စွာ မေးလိုက်၏။

အမျိုးသမီး လေးယောက် ပြိုင်တူ အံ့သြ တုန်လှုပ်သွားကြပုံမျိုးကို ကျွန်တော့် တစ်သက်မှာ မတွေ့ခဲ့စဖူး။ အံ့သြမှုကနေ အမူအရာတွေက မလိုလား၊ မနှစ်မြို့မှုဆီ ကူးဝင်သွားကြသည်။
“ရှင်က ဘယ်သူလဲ”

အသက်အကြီးဆုံး မိန်းမက အသံသြကြီးဖြင့် မေးခွန်းထုတ်သည်။
“သြော် ကျွန်တော်က မနီနီသွယ်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းဟောင်း တစ်ယောက်ပါခင်ဗျာ။ သူနဲ့ မတွေ့တာ ကြာလှပါပြီ”

ကျွန်တော် လက်တွေ၊ ခြေတွေကော အသံပါ တုန်ယင်နေမှန်း မိမိဘာသာ သတိပြုမိသည်။ အဆိုးဆုံးကတော့ အသက်ရှူရ ကျပ်လာခြင်း ဖြစ်သည်။
“အင်း ရှင်မသိသေးဘူးနဲ့တူတယ်။ နီနီသွယ် ဆုံးသွားတာ သုံးလလောက် ရှိပြီ။ ကျောက်ကပ် ကင်ဆာနဲ့ ဆုံးသွားရှာတာပါ” ဟု အသံသြပိုင်ရှင်က ပြောပြနေစဉ် ကျွန်တော် ဘာဖြစ်သွားမှန်း မသိ။             


ရွှေအမြုတေ မဂ္ဂဇင်း shweamyutay.com မှ ကူးယူ ဖော်ပြသည်။














-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved