ဘယ်သူက Dirty Journalist လဲ

Monday, October 1, 2012



အခုတလော ပြည်တွင်းက သတင်းထောက်တချို့ကို ဦးပိုင်နဲ့ တရုတ်ကုမ္ပဏီတို့က တံစိုးလက်ဆောင်ပေး တယ်ဆိုတဲ့ သတင်းတွေနဲ့ လက်ဆောင် ပေးတဲ့ ဆိုနီ ကင်မရာလေးကို အင်တာနက်စာမျက်နှာတွေပေါ် မှာ တွေ့လာရတယ်။ 

သတင်းထောက်ချင်း ပြောဆိုသံတွေ ထွက်လာတာက တံစိုးလက်ဆောင်ရပြီးတဲ့နောက် လက်ဆောင် လက်ခံတဲ့ သတင်း ထောက်တချို့ လေသံပြောင်းသွားခဲ့ပါတယ်တဲ့။ 

တလောက ကုမ္ပဏီကြီးတခုက သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုပြီး ခရီးစာရိတ်က အစ တာဝန်ယူခေါ် သွားခဲ့ရာက ဒီဇာတ်လမ်း စခဲ့တယ်လို့ ဆိုပါတယ်။ 

 ပြည်တွင်း သတင်းထောက်တွေမှာ လစာကလည်း များများစားစားမဟုတ်၊ သတင်းတပုဒ်အတွက် ခရီးစာရိတ် နဲ့ မကာ မိတတ်တာတွေရှိတော့ ခရီးစာရိတ် အကုန်ခံပြီး သတင်းစာ ရှင်းလင်းပွဲ ဖိတ်ကြား တာတော့ လက်ခံလို့ရပေမယ့် တဖက်က ပေးလာတဲ့ လက်ဆောင်ကိုတော့ လက်မခံသင့်ဘူးလို့ ဆိုလာတဲ့ သတင်းထောက်တွေရဲ့ အသံတွေလည်း ပေါ်ထွက်လာပါတယ်။ 

တချို့ ဂျာနယ်တိုက်တွေကလည်း ကိုယ့်သတင်းထောက် ဒီလို တံစိုးလက်ဆောင် လာဘ်ယူတဲ့ အထဲ မပါကြောင်း ကြေညာချက်တွေလည်း ထုတ်လာတာ တွေ့ရပါတယ်။ 

တကယ်ဆိုရင် သတင်းသမားတွေဟာ လာဘ်ပေး၊ လာဘ်ယူလုပ်တာတွေကိုတောင် ဖော်ထုတ်ရေးသား ရမယ့် တာဝန် ရှိကြတာ မဟုတ်ပါလား။ 

လွန်ခဲ့တဲ့ ၄ လ ၅ လလောက်က ထိုင်းနိုင်ငံက သတင်းထောက်အမျိုးသမီး တဦးရဲ့ သတင်းကို ပြန် သတိရမိပါတယ်။ 

သူ့ကို အဲဒီအချိန်က iPhone 4S စမတ်ဖုန်း တခု လက်ဆောင်ပေးတာကို သူက ငြင်းပယ်လိုက်တာပါ။ သူပြောတာက စမတ်ဖုန်း iPhone 4S ဆိုတာ သူလည်း ကိုင်တွယ်သုံးစွဲချင်ခဲ့ပါတယ်တဲ့။ 

ဒါပေမယ့် သူရဲ့ဘ၀မှာ တသက်လုံး သူမြတ် နိုးတဲ့ သတင်းသမားဘ၀နဲ့ ကျင့်ဝတ်ကို အဲဒီ အသေးအမွှား လက်ဆောင်ပစ္စည်းလေးနဲ့ မလဲပစ်နိုင်လို့ သူက လက်မခံ ပယ်ချခဲ့တာပါတဲ့။ 

 မြန်မာနိုင်ငံမှာ နည်းနည်းပွင့်လင်းလာတာနဲ့အမျှ သတင်းမီဒီယာလုပ်ငန်းတွေကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာမှာ ဖြစ်သလို မီဒီယာဆိုတာကို တချို့ကလည်း တလွဲ အသုံးချဖို့ ရှိနေတဲ့ လူတန်းစားက သီးသန့်ရှိနေမှာပါဘဲ။ 

ဟိုးတလောကလည်း ဇေကမ္ဘာ ဦးခင်ရွှေက  သူ့အကြောင်း အကောင်းရေးစေချင်လိုသတင်းထောက် 
တွေ ခေါ်ပြီး တည်ခင်း ဧည့်ခံကျွေးမွေးတာ သတင်းထောက်လောကမှာ အသံဆူသွားခဲ့တဲ့ ဖြစ်စဉ်လေး ကလည်း သတင်းသမားတွေကို သင်ခန်းစာပေးခဲ့ပါတယ်။ 

သတင်းသမားဟာ လူတဦး၊ လူတဖွဲ့ရဲ့ အာဘော်တွေအဖြစ်ခံမလား၊ ပြည်သူကို သတင်းမှန်တွေပေးပြီး အလုပ်အကျွေး ပြုမလားဆိုတာ တချိန်က ကွယ်လွန်သူ သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်း လည်း ပြောထားတာ မှတ်မိနေပါသေးတယ်။ 

သတင်းသမားဆိုတာ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဆိုတာတွေကို စောင့်ကြည့်တဲ့ စတုတ္တမဏ္ဍိုင်ကြီးရဲ့ ၀န်ကို ထမ်းရွက်နေသူများ ဖြစ်တော့ ကြီးလေးတဲ့ တာဝန်တွေကို ထမ်းရွက်နေသူ တွေဖြစ်ပါတယ်။ 

အင်္ဂလိပ်စကားမှာတော့ လာဘ်ပေးလာဘ်ယူတွေနဲ့ အကျင့်ပျက်တဲ့ ရဲဝန်ထမ်းကို Dirty Corp လို့ ခေါ် တယ်ဆိုရင် လာဘ်ပေးလာဘ်ယူလုပ်တဲ့ သတင်းသမားကိုလည်း Dirty Journalist လို့ ခေါ်ကြမယ် ထင်ပါရဲ့။

1 comments :

  1. Anonymous said... :

    ကြား လိုက် ရ တဲ့သတင်း က တော့  နားရှက် စရာ ဖြစ် နေ

    ပြီ သတိ လဲ ထား ကြ ဗျို့



    ဉီးဉာဏ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved