ထိပ်တန်းခေါင်းဆောင် သုံးဦးကို KNU ထုတ်ပယ်

Thursday, October 4, 2012


~





မြစ်မင်းဧရာ ~


အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်သူ ၀န်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံ - ဧရာဝတီ)
အဖွဲ့၏ သဘောတူညီမှုမရရှိဘဲ ဖားအံမြို့တွင် ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခဲ့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU က ယမန့်နေ့ကစတင်ပြီး တာဝန်အသီးသီးမှ ရပ်စဲလိုက်သည်။

အဖွဲ့အစည်းက ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို အကြိမ်ကြိမ် ဖေါက်ဖျက်မှုဖြင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊  လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို တာဝန် ရပ်စဲကြောင်း အမိန့်စာကို  တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက လက်မှတ် ရေးထိုးထားသည်။

အမိန့်စာကို အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး ထံသို့ ပေးပို့ထားကြောင်း၊ အများသိရှိနိုင်ရန်အတွက်မူ ကြေညာချက်  ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ လစ်လပ်သွားသည့် စစ်ဦးစီးချုပ်နေရာအတွက် ယာယီ အစားထိုး ခန့်အပ်မှုကို ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီစစ်ဦးစီးချုပ်နေရာ ၀င်ရောက်လာမည့်သူမှာ  အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲ ဖြစ်နိုင်ခြေရှိသည်ဟု KNU နှင့် နီးစပ်သည့် အသိုင်းအသိုင်းတွင် သုံးသပ်ပြောဆိုနေကြသည်။

KNU သည် ယခုလ ပထမပတ်တွင် စတင်မည့်  ဗဟိုကော်မတီအစည်းအဝေး နှင့် ၁၅ ကြိမ်မြောက် ညီလာခံ  ကျင်းပရန် ရှိသော်လည်း လက်ရှိအဖွဲ့တွင်း ပြဿနာများကြောင့် ထိုသို့ကျင်းပရန် အခက်အခဲတချို့ ရှိနိုင်သည် ဟုလည်း အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သူများကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။ KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ခရီးလွန်နေပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ ရန်ကုန်မြို့သို့ ရောက်ရှိနေသည်ဟု KNU စစ်ရေးအဖွဲ့ KNLA ၏ တပ်မှူးတဦးက ပြောသည်။

ယခုဖြစ်ရပ်ကြောင့် အဖွဲ့အတွင်း   ကြီးမှားသော သက်ရောက်မှုများ ရှိနိုင်ပြီး ဗဟိုက သေချာစွာကိုင်တွယ်နိုင်ခြင်း မရှိပါက KNU အတွင်း တောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ဖွဲ့ ဖြစ်သွားနိုင်သည်ဟု ၀ါရင့် ထိုင်းနယ်ခြားစောင့် တပ်မှူးတဦးက ပြောသည်။

KNU အဖွဲ့သည် တနင်္သာရီတိုင်း ထားဝယ်မှ ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်းရှိ နယ်စပ် တလျှောက်တွင် တပ်မဟာ ၇ ခု နှင့် ခရိုင် ၇ ခု ရှိပြီး တောင်ပိုင်းနှင့် မြောက်ပိုင်းဟု ရေဘူယသတ်မှတ်ထားသည်။

 မြန်မာအစိုးရ နှင့်လက်ရှိ ပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် တပ်မဟာများအတွင်း သဘောထား ကွဲပြားလျက်ရှိပြီး ယနေ့တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးဟု အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

ဆက်စပ် -
http://www.irrawaddy.org/?slide=knla-commander-dismissed  အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ သတင်း












-

4 comments :

  1. mgchaint said... :

    ယေဘုယျ ဟု ပြန်လည်ပြင်ဆင်စေလိုပါသည်။ သတ်ပုံဂရုစိုက်စေလိုပါသည်။

  1. mgchaint said... :

    ယေဘုယျ လို့ ပြင်စေချင်ပါသည်။ အခုကြည့်ရတာ သတ်ပုံမှားနေသောကြောင့် အလွန်အင်မတန် ရုပ်ဆိုးလွန်းလှပါသည်။

  1. Jatawng Naw said... :

    Uncle Mutu Sehpo should retire from early time. He is too old for commanding the military operation and have very little knowledge for political leadership skill. Hope good, intelligent & more wiser young leader will come for KNLA military leadership position.

  1. Kyi said... :

    Please spell Pa-an/Hpa-an correctly in official Burmese spelling.


Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved