နယ်စပ်မှောင်ခိုလုပ်ငန်းကို ရွေ့လျားစစ်ဆေးသည့်နည်းဖြင့် လိုက်ဖမ်းမည်

Tuesday, November 20, 2012

 ~
 


ပြည်တော်မြင့်
~


နယ်စပ်မှောင်ခိုလုပ်ငန်းကို နှိမ်နင်းရန် လာတော့မည်ဟု အသံထွက်နေသည့် ရွေ့လျားစစ်ဆေးရေးအဖွဲ့  မြ၀တီမြို့ဝန်းကျင်တွင် လှုပ်ရှားတော့မည်ဖြစ်သည်။

အင်္ဂါနေ့မှစတင်ကာ မြ၀တီမြို့တွင် တရားမ၀င် ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးမည့် စစ်ဆင်ရေး စတင်မည်ဟု မြ၀တီခရိုင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။


တနင်္ဂနွေညက မြ၀တီတွင်ပြုလုပ်သည့် မြန်မာလူသုံးကုန်ဈေးပွဲတော် (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ အကောက်ခွန်ဌာန၊ ခရိုင်အုပ်ချုပ်ရေး စသည့်  ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် လှုပ်ရှားအဖွဲ့များက ပုံသေ စစ်ဆေးရေးဂိတ်  ဖွင့်ပြီး စစ်ဆေးခြင်း မဟုတ်ဘဲ ရွေ့လျားပုံစံဖြင့် လိုက်လံ စစ်ဆေး ဖမ်းဆီးမည်ဟု ဆိုသည်။

လာမည့် ၁၀ ရက်အတွင်း ဖမ်းဆီးရမိသည့် တရားမ၀င်ပစ္စည်းများကို သိမ်းဆည်းမည် မဟုတ်၊ ပညာပေးကာလအဖြစ် သတ်မှတ်ထားသဖြင့် ကာယကံရှင် ကုန်သည်ကို အခွန်ဆောင်စေမည်၊ ပညာပေးကာလ ကျော်လွန်ပြီး ဖမ်းမိလျှင် တရားမ၀င်ကုန်ပစ္စည်းကို သိမ်းဆည်းပြီး ပိုင်ရှင်ကို အရေးယူမည်  ဟု သောကြာနေ့က မြ၀တီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ကုန်သည်များကို အသိပေးသည့် တွေဆုံပွဲတွင် စီးပွားကူးသန်းအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

တရားမ၀င် ကုန်ပစ္စည်း ဖမ်းဆီးမည့်စီမံချက်အရ  မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့တို့လည်း လွတ်ကင်းမည်မဟုတ်ပေ။

မြ၀တီအခြေစိုက် ငြိမ်းချမ်းရေးအဖွဲ့တခုမှ စီးပွားရေးဌာနတာဝန်ခံတဦးက ”ငြိမ်းအဖွဲ့တွေကို နိုင်ငံတော်က အဖွဲ့ရံပုံငွေအတွက် မော်တော်ယာဉ်ပြေးဆွဲခွင့်နဲ့ ကုန်တင်ယာဉ် ပြေးဆွဲခွင့်တွေ ပေးထားတယ်။ နောက်ဆုံးသိရတာက ငြိမ်းအဖွဲ့ကားတွေကိုလည်း အရင်လို အခွင့်ထူးတွေမပေးတော့ဘူးလို့ ပြောတယ်။ အားလုံး ဂျူတီဆောင်ပြီးလုပ် ရမယ်လို့ပြောတယ်။ ငြိမ်းအဖွဲ့တွေအတွက် တစုံတရာ မစဉ်းစားပေးဘူး ဆိုရင်တော့ ပြဿနာရှိနိုင်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ယခင်က ကုန်ကားတစီးလျှင် ၃၅ တန် သတ်မှတ်ပေးထားပြီး အခွန်ဆောင်ကြရသော်လည်း ငြိမ်းအဖွဲ့ပိုင်ကားများကို ဦးစားပေးအနေနှင့် ၈ တန်သာ အခွန် ဆောင်စေခဲ့သည်။ ယခု ယာဉ်တန်းအဆင်းနေ့မှ စတင်ကာ ၃၅ တန်အပြည့် အခွန် ဆောင်ရမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

မြန်မာကုန်သည်အများစုက   ကုန်သွယ်မှုလုပ်ငန်း ရပ်နားထားကြမည်ဖြစ်ပြီး အခြေအနေကို စောင့်ကြည့်သွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများထက် အရည်အသွေး ကောင်းမွန်သည့် ထိုင်းလူသုံးကုန် စားသုံးကုန်ပစ္စည်းများ မြန်မာနိုင်ငံတွင် ဈေးကွက်ကြီး ရရှိထားပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် ထိုင်းကုန်ပစ္စည်းများကိုသာ အဓိကသုံးစွဲကြသည်ဟု မြ၀တီမှ ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းက ”ထိုင်းကုန်ပစ္စည်းဈေးကွက်က အရည်အသွေးကောင်းတော့ နည်းမျိုးစုံနဲ့ မြန်မာဘက်ကို သွင်းနေကြတယ်။ ကျွန်တော်တို့ မြ၀တီခရိုင် ဆိုရင် ထိုင်းပစ္စည်းပဲသုံးကြတယ်။ အခုဆိုရင် မြ၀တီမှာ ရန်ကုန်ကလာပြီး မြန် မာလူသုံးကုန် ပစ္စည်း ဈေးပွဲတော် လာလုပ်တယ်။ ဒါပေမဲ့ လူကြိုက်နည်းတယ်။  ပြည်တွင်းဖြစ်ကို အားပေးချင်ပေမဲ့  အရည်အသွေးက စကားပြောတယ်” ဟု ဆိုသည်။

ထိုင်းကုန်ပစ္စည်းများသည် မဲဆောက်-မြ၀တီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ လစဉ် ထိုင်းဘတ်ငွေသန်း ၃,၀၀၀ ဘိုး တရားဝင် တင်ပို့နေသည်ဟု တာ့ခ်ခရိုင် ထိုင်းကုန်သည်ကြီးများအသင်းက စာရင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း ထိုင်းကုန်သည်ကြီးတဦး၏အဆိုအရ မြ၀တီဘက်သို့ လစဉ် တင်ပို့သည့် ကုန် ပမာဏမှာ ထိုင်းဘတ်သန်း ၅,၀၀၀ ဘိုးခန့် ရှိသည်ဟု သိရသည်။

နောက်ဆုံးရရှိသည့်သတင်းအရ ထိုင်းဘက်ခြမ်းရှိ လှေဂိတ်များတွင် မြ၀တီဘက်ပို့မည့် ထိုင်းကုန်ပစ္စည်းများ သောင်တင်လျက်ရှိပြီး၊ မြ၀တီရှိ ဂိုဒေါင်များတွင် သိုလှောင်ထားသည့် ထိုင်းကုန်ပစ္စည်းများကိုလည်း နေရာရွှေ့ ပြောင်းမှုများ ပြုလုပ်နေကြရသည်ဟု မြန်မာကုန်သည်များထံမှ သိရသည်။





















-

1 comments :

  1. Anonymous said... :

    you want change to democracy , you need to chane your alibaba mind to gentle man mind.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved