ဒေါ်မာမာအေး အိုဘားမားကို မဲပေးခဲ့

Monday, November 19, 2012

~





 ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အဆိုတော်ကြီး ဒေါ်မာမာအေးက အိုဘားမားကို မဲပေးခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ဘယ်လို မဲပေးခဲ့တယ် ဆိုတာကို ဒေါ်မာမာအေးက အခုလို ရှင်းပြထားပါတယ် -

  


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …
ဒီကနေ့တော့ အမေရိကန်နိုင်ငံမှာ လေးနှစ်တကြိမ်ကျ ကျင်းပမြဲဖြစ်တဲ့ အထွေထွေရွေးကေါက်ပွဲနဲ့ သမတရွေးပွဲမှာ မဲပေးကြပုံတွေကို မျက်မြင်တင်မက ကိုယ်တိုင်ကိုယ်ကျ အခုမှကြုံခွင့်ရတာမို့ ပြောမယ်လို့ပါ။

သွားတာဖြင့် ကြာလှပြီ မာအေးရယ်၊ ခုမှ ကိုယ်တွေ့မဲပေးခွင့်ကြုံတယ် ဆိုတာ ဘာဖြစ်လို့ပါလိမ့် လို့ အပင်ပမ်းခံ တွေးမနေရအောင် ရှင်းပြောရမှာပေါ့ရှင်။
ဒီနိုင်ငံမှာ မဲပေးခွင့်ရဘို့က လွယ်တာမဟုတ်ဖူး၊ အဆင့်ဆင့် အချိန်တွေ ပေးလာရတယ်။
ဗီဇာရက် ကျော်လွန်နေတဲ့သူတွေ၊ တရားမ၀င် နည်းအမျိုးမျိုးနဲ့ ခိုးဝင်နေခဲ့သူတွေ၊ နေထိုင်လုပ်ကိုင်ခွင့် ရပ်တည်ခွင့် တစုံတခုကို ရဘို့အတွက် ဆိုင်ရာဌာနတွေမှာ လျှောက်ထါး တောင်းခံထားတဲ့သူတွေ အပြင် ဂရင်းကဒ်သမား ရပြီးသားတောင် မဲပေးခွင့်ရှိတာမှ မဟုတ်ဖဲကိုး။
သူ့နိုင်ငံမှာ မွေးလို့ကတော့ ဘာကိုမှ ဘယ်သူ့မှ ကြည့်မနေဘူး။ သူ့နိုင်ငံသား တန်းဖြစ်သွားတာမျိုးဘဲ။ သူ့နိုင်ငံသားခံဘို့ရာ တရားဝင် လူတွေ့စစ်ဆေး လက်ဗွေ အကြိမ်ကြိမ်ယူ၊ စာမေးပွဲလို မေးခွန်းတစ်ရာ ဆိုတာထဲက ဖြေလို့အောင်မြင်တဲ့အခါ သစ္စာဆိုပွဲ ၀င်ရသေးတယ်။
ဒီတိုင်းပြည်မှာ မာအေး အဲဒါတွေအတွက် ဘယ်လိုလုပ်ခဲ့ရတာလဲ ဆိုတာ နောင်ကြုံမှဘဲ ပြောတော့မယ်လေ။

မာအေးရောက်လာတာကလဲ နေဘို့မှ မဟုတ်ဖဲ၊ အလည်လာရင်းက တစ်သွားတဲ့ဘ၀ ဆိုတော့ ဗီဇာကျော်မသွားအောင် သက်တန်းတိုးတဲ့ကိစ္စကနေ ပြန်ဝင်ခဲ့ရတာပေါ့ရှင်။
ခုတော့ သူတို့နိုင်ငံသား ဖြေပြီးခဲ့ပြီ။ အောင်သွားပြီဆိုတော့ ခုလို ရွေးကေါက်ပွဲသံလဲ နီးလာရော မဲဆွယ်စာတွေ ရောက်လာတော့တာါဘဲ။ မဲပေးမယ် မပေးဘူး ဆိုတာလဲ အိမ်ကကွန်ပြူတာနဲ့ လှန်းပြီး ခလုပ်နှိပ်ရုံပါဘဲ။ မပေးရင်လဲ ရတာဘဲ၊ ကိုယ့်သဘောနဲ့ကိုယ် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို အပြတ်ပေးထားတဲ့သဘောဘဲ။ လွတ်လပ်လိုက်တာမှ ကိုယ့်ရပ်ကွက်မှာ အရွေးခံမယ့်သူဟာ ကွန်ဂရက်မင်းမကလို့ ဘာဘဲဖြစ်ဖြစ် ပြည်သူလူထု အကျိုးဆုတ်ယုတ်သွားစေမယ့် ဘယ်ကိစ္စကို လွှတ်တော်တင်တဲ့လူမျိုး ဘာညာနဲ့ မဲမထည့်ပါနဲ့လို့ ဗြောင်ကျကျ စာတွေ ဝေတယ်၊ စာတွေ ကပ်ကြတယ်၊ ထောက်ပြ တားမြစ်ခွင့် ရှိကြောင်း တွေ့ရတာပေါ့ရှင်။
မဲပေးကြမယ့်ပွဲရက်က နိုဝင်ဘာလ (၆) ရက် အင်္ဂါနေ့ ဖြစ်ပါတယ်။
အဲဒီနေ့မှာ မအားလပ်ရင် ကြိုတင်မဲထည့်ဘို့လဲ စီစဉ်ပေးထားပြီးသားပါ။

အဲဒါကို မာအေးက မေ့နေလို့ပေါ့၊ သူ့ရက်ကျမှ အတွေ့အကြုံရအောင် သွားတော့မယ်လို့ နေတာကို မာအေးရဲ့ ၀မ်းမနာသားတအုပ်စု ရောက်လာပြီး၊ "မဲထည့်လို့ရတယ်၊ အမေ့နေရာမှာ အမေတယောက်ထဲ ဗမာဖြစ်နေရင် ကြောင်နေမှာစိုးလို့ လါခေါ်ကြတယ် ဆိုတာနဲ့ လိုက်သွားပါတယ်။ သွားရမယ့်နေရာက ခရစ်ယန်ဘုရားကျောင်းပါ NEW BEGINNINGS COMMUNITY CHURCH, 1121 TRICK AVE: တဲ့။ ရှာသွားရတါပေါ့ရှင်။

ရောက်သွားပြီး ၀င်ပေါက်တံခါးမ ၀င်မိတာနဲ့ အခန်းထောင့်မှာ အမျိုးသမီးသုံးလေးယောက် သီချင်းတိုက်နေကြပါတယ်။ တချို့ကလဲ စားပွဲတွေပြင်လို့၊ မဲပေးဘို့ စောင့်တဲ့ပုံတော့ မဟုတ်ဖူး ဆိုပြီး မာအေးဆီ ပို့ထားတဲ့ မဲကိစ္စအကြောင်းကြားစာကို ပြတော့ - (၆)ရက်ကျမှဘဲ မဲလာပေးပါလို့ တောင်းပန် ပြန်လွှတ်ခဲ့တော့ ပြန်လာရတာပါဘဲ။ သားတော်မောင်ကိုရွှေသဲတို့က "အမေ အိုဘားမားနဲ့ရွန်မနီ ဘယ်သူ့ဆီ မဲပေးမှာလဲ" တဲ့ မေးပါတယ်။ "အမယ် - မင်းတို့က ဒီမိုအရေးနဲ့ ရောက်လာပြီး ငါ့ကျတော့ မေးစရာလား၊ ကိုယ့်တိုင်းပြည်မှာ ဒီမိုကရေစီလမ်းမှန်ရောက်ဖို့ လုပ်နေကြတယ် ဆိုတော့ ဒီဖက်မှာလဲ ကိုယ့်နိုင်ငံနဲ့ ကိုက်တဲ့ ပါတီကို မဲပေးရမှာပေါ့" လို့ သိသိကြီးနဲ့ ကိုယ်တုတ်တာ ခံချင်တဲ့ဟာတွေမို့ ငေါက်ပြောလေး ပြောမိတယ်။

အဲဒီအချိန်ကျမှ အိုဘားမား နိုင်ခြေရှိရဲ့လား လို့ ရုပ်မြင်သံကြားတွေ လိုက်ကြည့်မိတော့ - မဲဆွယ်ပွဲတွေ လုပ်တာ ရွန်မနီချည်း တွေ့နေရသလိုဘဲ လို့ အိုဘားမား မရမှာကို စိုးရိမ်မိလာတယ်။ ဟိုလူကြီးက လူကြီးတွေ "မယ်ဒီကဲ"ကို ဖြတ်မယ် ဆိုလား စာတွေ ရထားတော့ ကိုယ်လဲ ပါတာကိုး၊ ပထမတခါတုန်းက သူ့ရှေ့ကသမတနဲ့အဖွဲ့ကြောင့် တိုင်းပြည် စည်းပွားကျသွားတာလို့ မကြိုက်မိပေမယ့် အိုဘားမားကလဲ အမည်းသွေးက ပါတော့ မဲရွေးပွဲကို ဒီကနေ့လောက်ကို စိတ်ထဲ မရှိပါဘူး။ ခုကျတော့ ငြိမ်းချမ်းရေးဆုတွေလဲဝင်၊ စည်းပွားပျက်နေတာတွေကိုလဲ ဖါထေး၊ နောက်ဆုံး လေဘေးကိစ္စမှာ သူ့ဟာသူ မဲဆွယ်ရမယ့်ဟာတွေကို ဘေးချိပ်၊ ဒုက္ခရောက်နေတဲ့ ပြည်သူပြည်သားတွေဆီ ချွေးသွားသိတ်ရှာတယ်၊ လူမှုရေးလဲ နားလယ်တယ်လို့ မာအေးစိတ်က ဖြစ်လာတာကိုး၊ သမတပြန်ရစေချင်သွားပါတယ်။

ဒါနဲ့ ၆ ရက်နေ့က အိုဘားမားကို မဲသွားထည့်တာပေါ့။ မဲထည့်တါ ကွန်ပြူတာလို စက်မီးခိုးရောင်လေးတွေနဲ့ရှင့်။ သူများ မမြင်စေအောင် နှစ်ပေလောက် အမြင့်ရှိတဲ့ အကါလေး တတ်ထားပါတယ်။ ခန်းမထဲကို ၀င်သွားတာနဲ့ မဲတာဝန်ခံတွေဆီမှာ မဲလက်မှတ်ထိုး ကဒ်ပြားလေးယူ၊ အားနေတဲ့စက်ရှိရာကိုသွား၊ နားမလည်တော့ ကူတဲ့သူတယောက် လာပြီး ဘာကိုထည့်ချင်သလဲ တဲ့၊ ဒီတော့ ဒီမိုကရက်တစ်ပါတီ ခလုပ်ကို နှိပ်လိုက်တာပေါ့ရှင်။ ဒါဆို တချက်ထဲနဲ့ ဒီမိုကရက်နာမည်တွေမှာ အမှတ်အသားလေး ပေါ်လာတာကို ဆက်နှိပ်ရုံပါဘဲ။

လူကလဲ ရှင်းတော့ U.S မှာ ပထမဆုံး မဲပေးဖြစ်တဲ့ အမှတ်တရ ဆိုပြီးတော့ ဓါတ်ပုံတောင် ရိုက်မိသေးတယ်။ အိမ်ပြန်ရောက်တော့လဲ တယောက်ထဲ ဆိုတော့ လေပစ်ဖက် အမကြီး ဒေါ်ညိုယဉ်အိမ်ကို ဂဏါမငြိမ်နိုင်လို့ သွားပြန်ရော။ မဲစာရင်းတွေကလဲ ဖလ်သားပြင်မှာ ဟိုက တက်လာ ဒီက တက်လာ တော်ကြာ ပျောက်သွားလိုက်နဲ့ မမိုက်ပါဘူး။ စိတ်က အိုက်အိုက်နဲ့ အမကြီးတို့အိပ်ငိုက်ချိန်လဲ ရောက်ပြီဆို အိမ်ပြန်ခဲ့တော့တယ်။

မဲစုံလောက်တော့မှ ထကြည့်တော့မယ်လို့ TV ရှေ့ လှဲချအိပ်လိုက်ရတာပ၊ ခဏ ခဏ တဖြတ်ဖြတ် နိုးလို့ ကြည့်တိုင်း "ရွန်မနီ" အရုပ်ကြီးတွေ့လိုက်၊ ခေါင်းမြီးခြုံလိုက်နဲ့ မိုးသာလင်းတော့တယ်။ ဒါနဲ့ TV ဖွင့်တောလဲ ဟိုလူကြီးဘဲ ပေါ်ပေါ်လာတော့ မဟုတ်သေးပါဘူး လို့ အသံချဲ့လိုက်မှ သူ့လူတွေကို နှစ်သိမ့်တဲ့ စကါးမျိုးကိုရှင့်။ အဲဒီနောက်က ကျုပ်မင်းသား ကုလားလေးမိသားစု ထွက်လာကါမှ အော ... နိုင်သွားပြီဟဲ့ လို့ ဖြစ်ခဲ့ရတယ်။


(photo: Reuters)

အဲဒါကို သားတော်မောင်တွေက လှန်းတောင်းဆိုကြတယ်။ 'အမေရေ - အမေ့ကုလားလေး နိုင်သွားပြီ၊ ဘာကျွေးမှာလဲ' တဲ့။ 'တယ် ... ဒီကောင်လေးတွေ - ငါနဲ့ ဘာဆိုင်လို့ ကျွေးရမှာတုန်း' လို့ ကျုံးအော်လိုက်ပြီးမှ စိတ်ထဲ ပြန်ပေါ်လာတယ်ရှင့်။ 'အိုဘားမား'ကို TV ပေါ်မှာ တွေ့စကပေါ့။ ကိုယ့်စိတ်ထဲ ရင်းနှီးနေတယ်၊ သူ့မျက်နှာနဲ့တူတဲ့သူ ငါရင်းနှီးဖူးပါတယ်ပေါ့။ အဲဒီတော့မှဘဲ အလိုလေး သူ့မျက်နှာ ဘယ်ဘက်ခြမ်း တစောင်းက ကြည့်ရင် ကိုယ့်ဖခင်အတိုင်းပါလား ဖြစ်သွားတာလေ။ လူတူမရှား ဆိုတာ ယုံရပြီ။ ကမ္ဘာကြီးက လူသားအားလုံး ဆွေမျိုးချည်းပါဘဲ ဆိုတဲ့ ဗုဒ္ဓစကါးလဲ ရှိထားပါတယ်ရှင်။

*  (တို့ဆွေမျိုး - စိန်ပါတီ)
မြန်မာသတ္တ၊ မွန်လေးဝနဲ့၊ ကုလားခြောက်ဆယ်၊ ရှမ်းသုံးဆယ်တို့သည် ... ဆွေမျိုးဆိုရင်လဲ တကယ်မလွဲကြသည် ... လူမျိုး တစ်ရာ့တစ်ပါး ဓမ္မတရားနဲ့အညီ ...၊ ဘုရားဟောတာ ပြောပြပါမည် ... ကမ္ဘာမြေ ရှိသမျှ အော် ... အါဝေဏိက မေတ္တာဂုဏ်ရည် xxx

ပြီးခဲ့သော ကြာသပတေးနေ့က ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/  ထုတ်လွှင့်သွားသည့် အသံလွှင့်ဆောင်းပါးကို ကူးယူ ဖော်ပြသည်။
စာစီစာရိုက် လုပ်အားပေး- မျိုးဇော်

ညွှန်း -

 “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၇)
မိုးမခ http://moemaka.com/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved