မြ၀တီကုန်သည်ငယ်များ ကြောက်ရွံ့ခြင်းမှ ကင်းဝေးဖွယ်ရှိ

Thursday, November 8, 2012

~




ပြည်တော်မြင့် ~


 ဆွေးနွေးပွဲ တက်ရောက်သူများ နှင့် ဦးရန်နိုင်ထွန်း (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)
 မြ၀တီနယ်စပ် ကုန်သွယ်ရေးဒေသရှိ ကုန်သည်ငယ်များအတွက် သတင်းကောင်းတပုဒ် ရှိနေသည်။

ထုတ်ကုန်သွင်းကုန်လိုင်စင်မရှိဘဲ တနိုင်တပိုင် ကုန်သွယ်နေသူများကို တရားဝင် ကုန်သွယ်မှုပြုနိုင်ရန်အတွက် မြ၀တီနယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက ကတ်ပြားများထုတ် ပေးသွားမည်ဟု သိရသည်။

၎င်းက ”နယ်စပ်ကုန်သွယ်ရေးမှာ ကုမ္မဏီ မထောင်နိုင်တဲ့ ဒေသခံတွေအတွက် သက်ဆိုင်ရာစခန်းတွေကနေ စီစဉ် ဆောင်ရွက်ပေးထားတဲ့အချက်ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနတွေမှာ ဆောင်ရွက်ပေးနေပါတယ်” ဟု  မြ၀တီခရိုင် နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပြောသည်။

 ယနေ့ မဲဆောက်မြို့တွင် ပြုလုပ်သည့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးရှိ တမူးမြို့တွင် တနိုင်တပိုင် ကုန်သည်တို့အတွက် ကတ်ပြားများ ထုတ်ပေးထားပြီးဖြစ်သည်ဟုလည်း ဦးရန်နိုင်ထွန်းက ထပ်လောင်းပြောကြားခဲ့သည်။

မြ၀တီခရိုင် နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း
နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၏ အစီအစဉ်ကို မြန်မာကုန်သည် အများစုက ကြိုဆိုခဲ့ကြပြီး ကုန်သည်ကြီးများ၏ လက်ဝါးကြီးအုပ်စိုးမှုဒဏ်မှ ကင်းဝေးကြတော့မည်ဟု ပြောဆိုကြသည်။

မြန်မာကုန်သည် မစိန်အေးက ”ကျွန်မတို့က တနိုင်တပိုင်လက်ဆွဲသမားတွေပါ အခုလို တရားဝင် ကတ်ပြားထုတ်ပေးမယ် ဆိုတော့ သင့်တင့်တဲ့ အခွန်ဆောင်လိုက်ရုံပဲ။ အရင်လို ဟိုလူကြောက်ရ၊ ဒီလူကြောက်ရ မလိုတော့ဘူး၊ ပစ္စည်း အဖမ်းခံရမှာလည်း မကြောက်ရတော့ဘူး။ ဒီကတ်ပြားတွေကို ထုတ်ပေးမယ့် သူတော်ကောင်းကြီးတွေ ကျန်းမာချမ်းသာကြပါစေ” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

မြ၀တီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောတွင် တရားမ၀င်ကုန်ပစ္စည်းများ ဖမ်းဆီးသည့် စီမံချက်များရှိလျှင် ကုန်သည်ကြီးများ၏ တရားမ၀င် ပစ္စည်းများကို ဖမ်းဆီးခြင်း မရှိဘဲ တနိုင်တပိုင် ကုန်သည်များ၏ ပစ္စည်းများကိုသာ ဖမ်းဆီးကြသည်ဟု ကုန်သည်တို့က ပြောသည်။

ဘန်ကောက်စီးပွားရေး ရုပ်မြင်သံကြားလိုင်းမှ ကမကထပြုကာ ယနေ့ မဲဆောက်တွင် ပြုလုပ်သည့် ထိုင်း-မြန် မာနယ်စပ် ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးဦးရန်နိုင်ထွန်း၊ မြ၀တီခရိုင်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် အဖွဲ့ဝင်များ၊  တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နိုင်ဘန်ဖို့ကော်ကယ်ကျလန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောမှတဆင့် ထိုင်းကုန်စည်များ မြန်မာဘက်သို့ လစဉ် ဘတ်သန်း ၃,၀၀၀ ဘိုးခန့် တင်ပို့လျှက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းကပြောသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်စာရင်းတွင်  ဇွန်လအထိ မြန်မာဘက်က ထိုင်းနှင့်ကုန်သွယ်ရာတွင် ပို့ကုန်တန်ဘိုး အမေရိကန်ဒေါ်လာ ၈၄၃.၃၆ သန်း၊  သွင်းကုန်တန်ဘိုး အမေရိကန်ဒေါ်လာ ၁၅၂.၀၁ သန်း ရှိသည်ဟု မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved