သြစီက ရခိုင် အရေး နောက်ထပ် ကန်ဒေါ်လာ ၂ သန်း ထပ်ပေး

Wednesday, November 7, 2012

ရခိုင်ပြည်နယ်မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင် ခိုလုံနေသော ရခိုင်ဒုက္ခသည်များ ကို အောက်တိုဘာ၂၈ ရက်နေ့        ညနေပိုင်းတွင်တွေ့ရစဉ် ဓါတ်ပုံ - ဂျေပိုင်/ဧရာဝတီ

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Bob Carr က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြောင့် ဒုက္ခ ရောက်နေသူတွေအတွက် နောက်ထပ် အရေးပေါ်အကူအညီ အမေရိကန် ဒေါ်လာ ၂ သန်း ထပ်ပေးတဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။ 

ဒါကြောင့် ရခိုင်အရေး အုပ်စုချင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အစားအသောက်နဲ့ ကျန်တဲ့ လိုအပ် တာတွေ ကူညီပေး တာ စုစုပေါင်း ဒေါ်လာ ၃ သန်းရှိသွားပြီဖြစ်ပါတယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့ ABC သတင်းတပုဒ်က ဆိုပါတယ်။ 

အခုနောက်ဆုံးဖြစ်ခဲ့တဲ့ အောက်တိုဘာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရ သူ ဒုက္ခသည် နောက်ထပ် ၃၅၀၀၀ ထက်မနည်း တိုးလာတယ်လို့ ကုလသမဂ္ဂက ထောက်ပြတာကိုလည်း အထက်လွှတ်တော် အမတ် လည်း ဖြစ်တဲ့ မစ္စတာ Carr က ပြောပါတယ်။ 

တကြော့ပြန် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးပြီး အိမ်ပေါင်း ၅၀၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ ရတာပါ။ “လူသားချင်းစာနာထောက်ထားမှု အကူအညီ အရေးတကြီးလိုအပ်နေပါ တယ်။ 

Australian aid က အိုးအိမ် စွန့်ခွာ ထွက် ပြေး ခဲ့ရတဲ့ သူတွေအတွက် ချက်ပြုတ်စားသောက်ဖို့ အိုးခွက် ပန်းကန်တွေ၊ ခြင်ထောင်၊ အ၀တ်အထည်၊ စောင်၊ အစား အစာနဲ့ တဲ တွေပေးအပ်ကူညီသွားမှာပါ” လို့ နိုင်ငံခြားရေး ၀န်ကြီးက ကြေညာချက်မှာ ပြောပါတယ်။ 

ဒီအပြင် မိသားစုနဲ့ ကွဲနေကြတဲ့ ကလေးတွေအတွက်လည်း ယာယီ နေထိုင်စရာနဲ့ အကာအကွယ်ပေးရေး 
တွေ လည်း ဒီ ရံပုံငွေထဲက အသုံးပြုမှာဖြစ်ပါတယ်လို့ သူက ဆက်ပြောပါတယ်။ 

မစ္စတာ Carr က ဘက်ပေါင်းစုံက နိုင်ငံရေး၊ လူ့အဖွဲ့အစည်းနယ်ပယ်က ခေါင်းဆောင်တွေကို ဥပဒေနဲ့ အညီ အမျိုးသား ပြန် လည်သင့်မြတ်ရေးအတွက် အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး အတူ လက်တွဲ လုပ်ဆောင် သွားကြဖို့ လည်း တိုက်တွန်း ပြောဆိုထားပါတယ်။ 

“သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ သူ့ဆုံးဖြတ်ချက်နဲ့ တာဝန်ယူမှု၊ လုံခြုံရေး တိုးမြင့် ချထားမှု လုပ်ဆောင်တာတွေကို ကျနော် ကြိုဆိုပါတယ်” လို့ သူက ဆိုပါတယ်။ 

ဒီအပြင် သူက မြန်မာ အစိုးရကိုလည်း ရခိုင်အရေးနဲ့ပတ်သက်ပြီး တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

“မြန်မာအစိုးရကလည်း အခင်းဖြစ်တဲ့ ဒေသက လူတွေကို လုံခြုံစွာ ရှိပြီး အရေးပေါ် အကူအညီတွေ အထောက်အပံ့ ပစ္စည်းတွေ ထိထိရောက်ရောက် ရရှိစေဖို့နဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း အားလုံးကို အကာအကွယ်ပေးဖို့ ကျနော် တိုက်တွန်းပါတယ်” လို့ သြစတြေလျ နိုင်ငံခြားရေး ၀န်ကြီးက ပြောသွားတာ ပါ။

သြစတြေးလျဟာ ရခိုင်အရေးမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့ နိုင်ငံခြား တိုင်းပြည် များထဲက အများ ဆုံး အကူအညီပေးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved