အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ

Thursday, November 15, 2012


ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့ တွင် စောင့်ကြို 
နေကြသူများ (ဓာတ်ပုံ - ဧရာဝတီ) 

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာပြည် ခရီးစဉ် မတိုင်မီမှာ မြန်မာနိုင်ငံ အစိုးရက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ  ကြေညာပါတယ်။ 

အကျဉ်းထောင်တွေထဲက သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေ၊ နိုင်ငံခြားသား အကျဉ်းသားတွေ စုစုပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာ ကြေညာခဲ့ပါတယ်။ 


အခုလို အကျဉ်းသားပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာမှာ လူအများမျှော်လင့်သလို သမ္မတ အိုဘားမားလည်း မျှော်လင့်နေမယ့် နိုင်ငံရေးအကျဉ်းသားဆိုသူ၊ သို့မဟုတ် ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံရသူများ ဆိုတာ အရေအတွက် ဘယ်လောက်ပါလာမလဲ ဆိုတာ သဲသဲ ကွဲကွဲ မရှိပါဘူး။ 

 နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ၀န်း ကျင် ကျန်ရှိနေကြပါတယ်။ 

ဒီအထဲမှာ ကိုလက်ျာထွန်းတို့လို၊ ဦးမြင့်အေးတို့လို သူတွေပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား ၁၄၈ ဦး လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေလည်း မကြာသေးခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ 

အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု ဘယ်လို ရှိတယ်ဆိုတာ ကို စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။ 

သမ္မတရုံး အင်တာနက်စာမျက်နှာပေါ်က ကြေညာချက်ကို အောက်မှာ မူရင်းအတိုင်း ဖော်ပြပေး လိုက်ပါတယ်။ 

ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်  တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို  နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက် အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်းအကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။




1 comments :

  1. Anonymous said... :

    အပိုတွေလုပ်မနေနဲ့
    မင်းတို့ရုပ်သေးအစိုးရကိုအယုံအကြည်ဘယ်သူကမှမရှိဘူး
    ပြန်ပေးလွတ်သလိုအကျဉ်းသားတွေနဲ့နိုင်ငံခြား(အမေရိကန်)အကူ
    အညည်လဲနေကျအကျင့်ကဘယ်လိုမှမပျောက်ဘူး
    အိုဘားမား မကလို့မိုပေါ်ကသကြားမင်းဆင်းပြောလည်းမရဘူး
    ဒင်းတို့တွေကအာဏာလက်လွတ်ရမှာသေရမှာထက်ကြောက်
    တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved